ဗြိတိန်နိုင်ငံ Chevening ပညာသင်ဆုအား မြန်မာကျောင်းသားများ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ လာမည့် ၂၀၁၄-၂၀၁၅ခု ပညာသင်နှစ်အတွက် အဆိုပါ ပညာသင်ဆု လျှောက်ထားနိုင်ရန် မြန်မာကျောင်းသားများအား ဖိတ်ခေါ်လျက်ရှိကြောင်း၊ ရန်ကုန်ရှိ ဗြိတိသျှ သံရုံးမှ သိရသည်။
အဆိုပါ ပညာသင်ဆုသည် ဗြိတိန်နိုင်ငံ၏ ကျော်ကြားမှုရှိသည့် ပညာသင်ဆု အစီအစဉ်တစ်ခုဖြစ်ပြီး အသက်မွေး၀မ်းကျောင်း ဘွဲ့လွန်ဘာသာရပ်များအား ဗြိတိန်နိုင်ငံတွင် ဆက်လက်လေ့လာ လိုက်စားနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဗြိတိန်တက္ကသိုလ်များနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် တစ်နှစ်ကြာ သင်ကြားရမည့် မဟာဘွဲ့များအတွက် ယင်း Chevening ပညာသင်ဆုများကို ချီးမြှင့်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယင်း ပညာသင်ဆုနှင့် ပတ်သက်၍ ဗြိတိသျှ သံရုံးယာယီ တာ၀န်ခံ မစ္စတာမက်သျူးဟက်ဂျစ်(စ်)က “ခေါင်းဆောင်မှု အပိုင်းမှာ အလားအလာရှိပြီး ထူးချွန်တဲ့ ကျောင်းသားကျောင်းသူတွေကို ဒီပညာသင်ဆု ချီးမြှင့်တာဖြစ်ပြီး မြန်မာပြည်က ပညာတော်သင် ကျောင်းသားတွေရဲ့ အရည်အသွေးနဲ့ မဆုတ်မနစ် ကြိုးစားမှုတွေကိုလည်း ကျွန်တော်တို့အနေနဲ့ ကျေနပ်အားရပါတယ်။ အများက လေးစားတဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းမှာ တစ်ထောင့်တစ်နေရာက ပါ၀င်နိုင်ဖို့ ဒီလိုအခွင့်အလမ်းမျိုးကို စိတ်၀င်စားတဲ့ ကျောင်းသားတွေ လျှောက်ထားနိုင်အောင် ခေါ်ယူခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
အဆိုပါ ပညာသင်ဆုတွင် ဗြိတိန်ပြည်၀င်ခွင့်၊ ဗြိတိန်နိုင်ငံသို့ အသွားအပြန် လေယာဉ်လက်မှတ်၊ ကျောင်းလခအားလုံး၊ လစဉ်ထောက်ပံ့ကြေးနှင့် စရိတ်များ ပါ၀င်မည်ဖြစ်ပြီး တစ်နှစ်လျှင် ကျောင်းလခ ပေါင် ၁၂၀၀၀ထက်ပိုသော သင်တန်းများသို့ တက်ရောက်လိုပါက ပညာတော်သင်ဆု တစ်စိတ်တစ်ပိုင်းကို မိမိကိုယ်တိုင် ကျခံရမည်ဖြစ်ကြောင်း သိရပါသည်။
လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် အုပ်ချူပ်ပုံ စနစ်ကောင်း၊ နိုင်ငံရေး၊ နိုင်ငံရေးသိပ္ပံ၊ ဘောဂဗေဒနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ပဋိပက္ခ ဖြေရှင်းခြင်းနှင့် ကာကွယ်တားဆီးခြင်း၊ သဘာ၀ ပတ်၀န်းကျင်၊ သတင်းပညာ၊ လူထုဆက်သွယ်ရေးပညာနှင့် ပညာရေး အစရှိသည့် ဘာသာရပ်များ၏ မဟာဘွဲ့သင်တန်းများ တက်ရောက်နိုင်ရန်အတွက် ပညာသင်ဆု ပေးအပ်သွားမည် ဖြစ်သည်။
၄င်း ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ကို အနည်းဆုံး သတ်မှတ်ချက် အဆင့်ရှိရမည်ဖြစ်ပြီး အင်္ဂလိပ်စာ လိုအပ်ချက် အနိမ့်ဆုံး သတ်မှတ်ချက် IELTS 6.5, IBT TOEFL 79 မိမိတို့ ရွေးချယ်ထားသော သင်တန်း၏ အင်္ဂလိပ်စာ ဘာသာစကားနှင့် ပညာရပ်ဆိုင်ရာ လိုအပ်ချက်များ ပြည့်မှီရမည်ဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံ၏ ဒုတိယတန်းစား ဂုဏ််ထူးတန်းဘွဲ့တစ်ခုနှင့် ညီမျှသော ဘွဲ့တစ်ခုရှိထားရမည်ဖြစ်ကာ ၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၃၀ရက်တွင် လုပ်သက်နှစ်နှစ် သို့မဟုတ် ယင်းနှင့်ညီမျှသော အတွေ့အကြုံရှိရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများအနေဖြင့် ၂၀၁၃ခုနှစ်၊ နို၀င်ဘာ ၁၅ရက် နောက်ဆုံးထား၍ www.chevening.org သို့ လျှောက်ထားရမည်ဟု သိရပါသည်။