လတ်တလော၌ တရားမ၀င် နိုင်ငံခြာသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာလုပ်သားများ အရေးကို နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းရန် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာအထူးကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ ရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးဆောင်သည့် အဆိုပါအဖွဲ့တွင် ပြည်ထောင်စု၀န်ကြီးနှင့်အတူ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ လူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနတို့မှ တာ၀န်ရှိသူများ ပါ၀င်မည်ဖြစ်ကြောင်းနှင့် ယခုလ ၉ရက်နေ့ ၀န်းကျင်တွင် သွားရောက်၍ စီစဉ်ထားကြောင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
သုံးလကြာ စစ်ဆင်ရေးပြုလုပ်မည့် တရားမ၀င် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းရေး အစီအစဉ် Entorcement Operation (မလေးရှား အခေါ် အော်ပရာစီ)ဟု အမည်ပေးထားသည့် ယင်းစစ်ဆင်ရေးတစ်ရပ်ကို စက်တင်ဘာ ၁ရက်နေ့တွင် စတင်နေပြီဖြစ်ပြီး ၂၄နာရီအတွင်း တရားအ၀င် မြန်မာလုပ်သား ၅၅၅ဦး အပါအ၀င် နိုင်ငံခြားသား ၂၄၄၃ဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း မလေးရှား အခြေစိုက် The Star သတင်းစာက စက်တင်ဘာ ၂ရက်နေ့ သတင်းတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံသို့ တရားမ၀င် နည်းလမ်းဖြင့် ၀င်ရောက်ကာ မြန်မာနိုင်ငံသားဟု အမည်ခံထားသူများကို သေချာစိစစ်သွားမည်ဖြစ်ပြီး အမှန်တကယ် မြန်မာနိုင်ငံသား ဖြစ်သူများအရေးကို ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ “အဖမ်းခံထားရတဲ့ သူတိုင်းကို မြန်မာလို့ပြောလိုက်ရင် နိုင်ငံသားအဖြစ် အသိအမှတ် ပြုရာရောက်သွားမယ်”ဟု ၄င်းက ဆိုသည်။
မလေးရှားနိုင်ငံတွင် ကွာလာလ်ပူမြို့တော် ပီးနန်း၊ ဂျိုဟိုး စသည့်နေရာများရှိ တရားမ၀င် အလုပ်သမား အများစု ခိုအောင်းရာနေရာများ၊ စက်ရုံများကို အဓိကထား စစ်ဆေးဖမ်းဆီးနေကြောင်း၊ အဖမ်းအဆီးများ ပြုလုပ်ရာတွင် မျက်နှာကျက်၊ ကြမ်းပြင်အောက်များပါမကျန် ပုန်းအောင်းနေသူများကို ရှာဖွေဖမ်းဆီးကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။ မြန်မာဈေးဆိုင်များရှိသည့် နေရာတွင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေပြီး တရား၀င် အထောက်အထား ရှိသူများကို ချက်ချင်းပြန်လွှတ်ပေးကြောင်း ပီနန်းမြို့တွင် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သားတစ်ဦးက ပြောကြားသည်။
“ဖမ်းဆီးတာတွေ မတွေ့ရသေးဘူး။ စာအုပ် (နိုင်ငံကူး လက်မှတ်) မရှိတဲ့သူတွေကတော့ မအိပ်နိုင် မစားနိုင် ဖြစ်နေကြတယ်”ဟု စလန်ဂေါပြည်နယ်၊ ဓမာဆာရာမြို့တွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောဆိုသည်။ ယခုနှစ်ကုန်အထိ တရားမ၀င် နိုင်ငံခြားသား လေးသိန်းကို ဖမ်းဆီးသွားမည်ဖြစ်ပြီး၊ ယင်းနိုင်ငံခြားသားများကို လက်ခံထားသည့် အလုပ်ရှင် ၄၅၀၀၀ကို ဖမ်းဆီးအရေးယူနိုင်ရန် ရည်မှန်းထားကြောင်း မလေးရှား သတင်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
“မြန်မာတွေ အပြင်မထွက်ရဲတော့ဘူး”ဟု ဆာလာဘန်းမြို့တွင် အလုပ်လုပ်ကိုင်နေသည့် ဦးပြည်ကျော်စိုးက ပြောကြားသည်။ အော်ပရာစီ စစ်ဆင်ရေးကို လူ၀င်မှုကြီးကြပ်ရေးက ဦးဆောင်မည့်ဖြစ်ပြီး ရဲ၊ ပြည်သူ့စစ်၊ စစ်တပ်၊ အပါအ၀င် အင်အား ၁၃၅,၀၀၀ဦးဖြင့် ဖမ်းဆီးနှိပ်နင်းမည်ဟု မလေးရှားနိုင်ငံ သတင်းများတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ တရားမ၀င် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းသည့်အပြင် ၄င်းတို့ကို အကာအကွယ်ပေးသူ၊ အကူအညီပေးသူ၊ အလုပ်အကိုင်ပေးထားသူများကို ငွေဒဏ်ရင်းဂစ် ငါးသိန်းနှင့် ထောင်ဒဏ်ငါးနှစ်၊ ကြိမ်ဒဏ်ခြောက်ချက် (သို့မဟုတ်) ပြစ်မှုအားလုံးကို ချမှတ်နိုင်ကြောင်းလည်း The Star သတင်းဌာနတွင် ဖော်ပြထားခဲ့ပါသည်။