News

အမေရိကန်နှင့် မြန်မာကာကွယ်ရေး ဝန်ကြီးတို့ သီးခြားတွေ့ဆုံခဲ့

အမေရိကန် ကာကွယ်ရေး ဝန်ကြီးနဲ့ မြန်မာကာကွယ်ရေး ဝန်ကြီးတို့နှစ်ဦးဟာ နှစ်ပေါင်း ၂၀ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် သီးခြားတွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေနဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးတွေရဲ့ ADMM-PLUS အစည်းအဝေးပွဲ ပြင်ပမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးချပ်က်ဟေဂယ်လ် (Chuck Hagel)နဲ့ မြန်မာကာကွယ်ရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်တို့ သြဂုတ်လ ၂၈ရက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက ခဏတာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၄ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ ဥက္ကဋ္ဌ တာဝန်ရယူမယ့်အပေါ် သူ့အနေနဲ့ ထောက်ခံတဲ့ အကြောင်းနဲ့ နောက်နှစ်မှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးတွေအတွက် ပြင်ဆင်လုပ်ဆောင်တာတွေမှာ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက ပံ့ပိုးကူညီသွားဖို့ မျှော်လင့်ထားကြောင်း မစ္စတာဟေဂယ်လ်က ဒုဗိုလ်ချုပ်ကြီးဝေလွင်ကို ပြောခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန သတင်းမှာ ဖော်ပြထားပါတယ်။

အခုလို နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးနှစ်ဦးအကြား သီးခြား တွေ့ဆုံတာမျိုးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ကျော် ကာလအတွင်း မရှိခဲ့ဖူးဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူ တစ်ဦးက ပြောတယ်လို့ ဆိုပါတယ်။ အခု တွေ့ဆုံမှုဟာ ပြောင်းလဲမှုတွေရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး အိုဘားမား အစိုးရရဲ့ အင်မတန် အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှု ဖြစ်သလို မြန်မာနိုင်ငံမှာ ဖော်ဆောင်နေတဲ့ အပြောင်းအလဲတွေနဲ့ လူ့အခွင့်အရေးပိုင်း တိုးတက်မှုတွေကို အသိအမှတ်ပြုတာလည်း ဖြစ်တယ်လို့ အဲဒီအကြီးတန်း တာဝန်ရှိသူက ပြောပါတယ်။

ပြုပြင် ပြောင်းလဲမှုတွေ တိုးတက်မှုတွေ ဆက်ပြီး ရသွားဖို့ အရေးကြီးတယ်ဆိုတာနဲ့ မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဖက်ဆိုင်ရာ ဆက်ဆံမှုတွေကို ဖြတ်တောက်ဖို့ အရေးကြီးတယ်ဆိုတာတွေကို မစ္စတာ ဟေဂယ်လ်က ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ပြောခဲ့တယ်လို့လည်း ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဂျော့ချ်လစ်တဲလ် (George Little)က ပြောပါတယ်။

အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို မြန်မာစစ်ဖက်က ထောက်ခံအားပေးတဲ့အပေါ် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချပ်က်ဟေဂယ်လ်က ချီးကျူးပြောဆိုခဲ့သလို ပြုပြင် ပြောင်းလဲရေးတွေ ဆက်လုပ်သွားဖို့ကိုလည်း အားပေးတိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် ကာကွယ်ရေး ဌာန အပြည်ပြည်ဆိုင်ရာ ဥပဒေလေ့လာရေး အင်စတီကျူနဲ့ မြန်မာ့တပ်မတော်တို့ ပူးတွဲပြီး ဥပဒေရေးရာ ဆွေးနွေးပွဲတစ်ခုကို သြဂုတ်လ ၂၈ရက်နေ့ကစပြီး နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် ရေတပ်က ဗိုလ်မှူးကြီး Captain ရောဘတ်ဆန်းဒါးစ် (Robert Sanders)က ဦးဆောင်ပြီး  စစ်ဘက်ရေးရာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဥပဒေစံနှုန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ဆွေးနွေးခဲ့ကြပြီးတော့ မြန်မာစစ်ဖက်က အရာရှိ ၂၀ဦး တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲ အကြောင်းအရာတွေထဲမှာ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေ၊ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ စစ်ဌာနချုပ်ရဲ့ တာဝန် ဝတ္တရား စတဲ့ အကြောင်းအရာတွေ ပါဝင်တယ်လို့ VOAက ဆိုပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *