News

မြန်မာနိုင်ငံတွင် ဆယ်နှစ်အတွင်း ကုဋေကြွယ် သူဋ္ဌေးကြီးများ ခြောက်ဆတိုးလာမည်

မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲမှု အချို့ ပြုလုပ်လာသည်နှင့်အညီ မြန်မာနိုင်ငံအတွင်း အလွန်အမင်း ချမ်းသာသူ ပမာဏမှာလည်း လာမည့် ဆယ်နှစ်အတွင်း အနည်းဆုံး ခြောက်ဆတိုးလာမည်ဖြစ်ကြောင်း Wealth-X ပိုင်ဆိုင်မှုဓနဥစ္စာ ထောက်လှမ်းရေး ကုမ္ပဏီက ထုတ်ပြန်သည့် ကမ္ဘာ့အလွန်အမင်း ကြွယ်ဝမှု အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်ဟု သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ တစ်ဦးချင်း အမေရိကန် ဒေါ်လာသန်း ၃၀အထက် ပိုင်ဆိုင်မှုရှိသူဦးရေမှာ ၄၀ဦး ရှိသည်ဟု ဆိုသည်။ သို့ရာတွင် ၂၀၂၂ခုနှစ်တွင် မြန်မာနိုင်ငံ၌ အလွန်အမင်း ချမ်းသာသူ ၆၈၇ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ပမာဏအားဖြင့် လက်ရှိ ၄၀ဦးမှ ၃၀၇ဦးအထိ တိုးတက်လာမည်ဟု Wealth-Xက ခန့်မှန်းထားခြင်း ဖြစ်သည်။

လောလောဆယ်တွင် မြန်မာနိုင်ငံအား စီးပွားရေး မြေရိုင်းအဖြစ် သတ်မှတ်ထားပြီး ဟိုတယ်လုပ်ငန်းများ၊ နေအိမ်များ ဆောက်လုပ်ခြင်း လုပ်ငန်းများ၊ သစ်အချောထည်လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများကလည်း ချမ်းသာကြွယ်ဝသူများကို ပိုမို ချမ်းသာလာစေမည်ဟု သိရသည်။မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ကျော် စစ်အုပ်ချုပ်ရေးအောက်တွင် နေထိုင်လာခဲ့ရသည့် နိုင်ငံဖြစ်နေသည့်အတွက် လူနေမှု မညီမျှမှုများက ယခုတိုင် ကြုံတွေ့နေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံသား ၂၆ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေနေဆဲ ဖြစ်ပြီး လူဦးရေ၏ ၇၅ရာခိုင်နှုန်းမှာ လျှပ်စစ်မီး မရရှိကြောင်း၊ လူအများစု၏ တစ်ဦးချင်း တစ်နှစ် ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၈၀၀မှ ၁၀၀၀အကြားတွင်သာ ရှိကြောင်း၊ ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံသည် ၂၀၁၁ခုနှစ် မတိုင်မီအထိ အပြောင်းအလဲမရှိခဲ့ပဲ ၂၀၁၁ခုနှစ်မှ ယခုအချိန်အထိ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ ကော်ပိုရေးရှင်း အချို့လည်း ဝင်ရောက်လာပြီဖြစ်သည်။ အာရှဖွံ့ဖြိုးမှုဘဏ်ကလည်း မြန်မာနိုင်ငံသား တစ်ဦးချင်းစီ၏ ဝင်ငွေမှာ ၂၀၃၀ပြည့်နှစ်တွင် သုံးဆအထိ တိုးလာနိုင်ကြောင်း ခန့်မှန်းထားသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *