Business, Lifestyle, News, Travel

ရန်ကုန်တွင် စတော့ဈေးကွက်စဖို့ ပြင်ဆင်နေ

စတော့ဈေးကွက် (Stock Exchange) ပြုလုပ်သည့်နေရာကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် ဆူးလေဘုရား လမ်းထောင့်ရှိ မြဝတီဘဏ်ရုံးချုပ်နေရာတွင် လုပ်ဆောင်သွားမည်ဖြစ်ရာ လာမည့်လ အနည်းငယ်အတွင်း မြဝတီဘဏ်၏ လုပ်ငန်းဆောင်တာများ နေရာရွှေ့ပေးရန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ၂၄-၈-၂၀၁၃က အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းမြဝတီဘဏ် အဆောက်အအုံကြီးမှာ ယခင်က မြန်မာနိုင်ငံဗဟိုဘဏ် ရုံးစိုက်ရာဖြစ်ပြီး အစိုးရပိုင် အဆောက်အအုံတစ်ခု ဖြစ်သည်။ မြဝတီဘဏ်က ခေတ္တငှားရမ်းကာ ဘဏ်လုပ်ငန်း ဆောင်တာများ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အဆောက်အအုံကြီးမှာ ကုန်သည်လမ်းဘက် အခြမ်းတွင် ပွဲစားများ ကျင်လည် ကျက်စားရာနေရာဖြစ်ပြီး မြို့တော်ခန်းမအနီး ဧမာနွေလ ဘုရားရှစ်ခိုးကျောင်းဘေးမှ ငွေလဲရာ ဈေးကွက်ထက် လူအင်အား ပိုများသော နေရာဖြစ်နေသည်ဟုလည်း ဆိုသည်။

“ဝန်ကြီးဌာနကတော့ စာပို့လိုက်ပြီ။ နောက်နှစ်လလောက်ဆိုရင် မြဝတီဘဏ်က ဖယ်ပေးရတော့မယ်။ အဲဒီမှာ စတော့ဈေးကွက် ထူထောင်မယ်။ အဲဒီမြေနဲ့ အဆောက်အအုံက အစိုးရပိုင်မို့လို့ ပြဿနာမရှိဘူး။ အခု Diwaနဲ့ ပေါင်းပြီး ကုမ္ပဏီတွေကို Training ပေးဖို့ လုပ်နေတယ်။ ပြီးတော့ လိုအပ်တဲ့ စက်ပစ္စည်းတွေ အဲဒီမှာ သွားထားဖို့ ရှိတယ်။ ဒီနှစ်ကုန်လောက်ကျရင် စတော့ဈေးကွက် အစီအစဉ် စတင်ပြီ”ဟု
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်ဟု သိရသည်။
“ရန်ကုန်ကိုပဲ အရင်စမယ်။ မန္တလေးတို့ နေပြည်တော်တို့ ဆိုတာက လိုသေးတယ်။ နေပြည်တော်ဆိုရင် အစိုးရရုံးစိုက်ရာဆိုတော့ ကုမ္ပဏီတွေအတွက် မလိုအပ်သေးဘူး။ ဒီလိုပဲ အခြားမြို့ကြီးတွေမှာလည်း စတော့ရဲ့ ဖွံ့ဖြိုးမှုပေါ်ကြည့်ပြီး လှုပ်ရှားသွားမယ်”ဟုလည်း ဒုတိယဝန်ကြီးက ပြောကြားသည်ဟု သိရသည်။

နိုင်ငံတော် သမ္မတက Security Exchange Lawကို ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ပေးခဲ့သည့်အတွက် လုပ်ငန်းဆောင်တာများကို မြန်ဆန်စွာ စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။ ဒေါက်တာစိုင်းဆမ်ထွန်းက “စတော့ဈေးကွက်က နေရာတစ်ခုမှာ စပြီးဖွင့်တယ်ဆိုပါစို့။ ကျွန်တော်တို့ဘက်က ဈေးကွက်တင်ဖို့ လုပ်ရမှာပဲ။ နိုင်ငံတကာကို ရောင်းချခွင့်ပေးရင် ကျွန်တော်တို့ရဲ့ ရှယ်ယာတန်ဖိုးတွေ တက်လာမယ်။ လုပ်ငန်းတွေ ပိုပြီး အဆင်ပြေမှာပါ”ဟု သုံးသပ်ပြောကြားခဲ့သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *