စင်ကာပူနိုင်ငံသားတစ်ဦးသည် အမျိုးသားအထိမ်းအမှတ် အဆောက်အအုံနံရံတွင် “ဒီမိုကရေစီ”ဆိုသော စကားလုံးကို မှုတ်ဆေးဘူးအသုံးပြုကာ ရေးမိသောကြောင့် နှောက်ယှက်ဖျက်စီးမှုဖြင့် သြဂုတ် ၂၆ရက်က ထောင်ဒဏ် သုံးလနှင့် ကြိမ်ဒဏ်သုံးချက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။
အသက် ၃၃နှစ်အရွယ်ရှိ မိုဟာမက်ခါလစ် မိုဟာမက်ယူဆွတ်ဆိုသူသည် စင်ကာပူမြို့လယ်ကောင်ရှိ စီနိုတက်စစ်ပွဲ အထိမ်းအမှတ် အဆောက်အအုံကို ဧပြီ ၂၃ရက်က အကျည်းတန်စေခဲ့မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။ မိသားစုအရေးနှင့် စီးပွားရေးတို့ကြောင့် စိတ်ဖိစီးမှုဖြစ်ခဲ့သည့် အပေါ် နိုင်ငံတော်အထိမ်းအမှတ် အဆောက်အအုံကို ဖျက်ဆီးရန် ခါလစ်က ဆုံးဖြတ်ခဲ့သည်ဟု တရားသူကြီးက မှတ်ချက်ချခဲ့ပြီး အဆောက်အအုံကို ပြန်လည်ပြုပြင်ရန် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၂ဒေါ်လာပေးလျော်ရန်လည်း အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။
အဆိုပါအဆောက်အအုံကို စင်ကာပူတွင် မွေးဖွားသည့် သို့မဟုတ် နေထိုင်သည့် ဗြိတိသျှစစ်သား ၁၂၄ဦး ပထမကမ္ဘာစစ်အတွင်း ကျဆုံးခဲ့မှုအတွက် ၁၉၂၂ခုနှစ်က အထိမ်းအမှတ်အဖြစ် တည်ဆောက်ထားခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် စစ်သားများအတွက်ပါ အထိမ်းအမှတ်အဖြစ် အသုံးပြုခဲ့ကြောင်း သိရပါသည်။