ပြည်ပ ကျောက်မျက် ကုန်စည်ပြပွဲများအား တက်ရောက်နိုင်ရန်အတွက် မြန်မာလုပ်ငန်းရှင်များအား ဖိတ်ကြားထားကြောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။ အဆိုပါ ကုန်စည် ပြပွဲများမှာ အိန္ဒိယ အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာပြပွဲနှင့် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝက်ရတနာ ပြပွဲများ ဖြစ်ကြောင်း၊ ပြပွဲများသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းသို့ ဖိတ်ကြားထားမှုများလည်းရှိပြီး စိတ်ဝင်စားသည့် ကျောက်မျက် လုပ်ငန်းရှင်များ အနေဖြင့် တက်ရောက်နိုင်ရန် စီစဉ်မှုများလည်း ရှိကြောင်း သိရပါသည်။
မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အနေဖြင့် စင်ကာပူနိုင်ငံ ကျောက်မျက်ပြပွဲသို့လည်း တက်ရောက်ပြသခဲ့ပြီး ဖြစ်သည်။ ပြည်ပ ကျောက်မျက်ပွဲများသို့ တက်ရောက်ပြသသည့် မြန်မာ့ကျောက်မျက်နှင့် လက်ဝတ်ရတနာ ဒီဇိုင်းများမှာ ပြည်ပနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အားနည်းမှု ရှိသော်လည်း မြန်မာ့တွင်းထွက် ကျောက်မျက်များ၏ အရည်အသွေးမှာ ပြည်ပကြိုက် အရည်အသွေးများ ဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အရည်အသွေး ကောင်းမွန်သည့် မြန်မာ့ ကျောက်မျက်ရတနာများကို ပြည်ပတွင် ပြသ ရောင်းချနိုင်မည့် အခွင့်အရေးများ ရရှိနေသည်ဖြစ်ရာ ကျောက်မျက်ရတနာများ၏ လက်ရာ ဒီဇိုင်းများကိုလည်း နိုင်ငံတကာ အဆင့်မီ တီထွင်ဖန်တီးနိုင်ရန် ကြိုးစားရမည် ဖြစ်ပါသည်။