News

အရှေ့တောင်အာရှမှ မှတ်တမ်းနှင့် ဇာတ်လမ်းတို ဖန်တီးသူများအတွက် Viddsee ဝက်ဘ်ဆိုက်

www.viddsee.com

မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတိုများကို နိုင်ငံတကာတွင် လူသိများခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း မြန်မာနိုင်ငံမှာမူ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်မှ စပြီး ရင်းနှီးခွင့် ရရှိလာခြင်း ဖြစ်သည်။ ရုပ်ရှင်ပွဲတော်များ ရှိလာသကဲ့သို့ ၎င်းအပေါ် စိတ်ဝင်စားသည့်သူများလည်း တိုးပွားလာချိန်တွင် မြန်မာဒါရိုက်တာများအတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာနိုင်သည့် Viddseeဝက်ဘ်ဆိုက်ကို ရုပ်ရှင်ဖန်တီးသူ စင်ကာပူနိုင်ငံသားနှင့် မလေးရှားနိုင်ငံသား လူငယ်နှစ်ယောက်က အရှေ့တောင်အာရှမှ ဝါသနာတူသူများအတွက် ယခုနှစ် ဇန်နဝါရီလမှ စတင်၍ မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

“Viddseeကို ဇာတ်လမ်းတိုနဲ့ မှတ်တမ်းရုပ်ရှင်တွေအတွက် အွန်လိုင်းစင်မြင့်တစ်ခုအဖြစ် ဖန်တီးထားတာပါ။ ပရိသတ်တွေက ဝက်ဘ်ဆိုက်ထဲက စိတ်ဝင်စားစရာ ဇာတ်လမ်းတိုတွေကို ကြည့်နိုင်ပြီး ဇာတ်လမ်းရဲ့ သရုပ်ဆောင်ပိုင်း၊ အသံ၊ ကင်မရာ အယူအဆနဲ့ ဇာတ်လမ်းဖွဲ့စည်းပုံတွေ အပေါ်မှာလည်း ပရိသတ်ကိုယ်တိုင်က အမှတ်ပေးလို့ ရနိုင်တယ်။ အသုံးပြုသူရော ဝင်ကြည့်သူတွေအတွက်ပါ အဆင်ပြေတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်တယ်”ဟု ဝက်ဘ်ဆိုက် တည်ထောင်သူ နှစ်ဦးမှ မလေးရှားနိုင်ငံသား ဖြစ်သည့် Mr. Ho Jia Jianက မြန်မာတိုင်းမ်သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် Viddseeတွင် တင်ထားသည့် ဗီဒီယိုဖိုင်များကို လူမှုကွန်ရက် ဝက်ဘ်ဆိုက်များဖြစ်သော Facebookနှင့် Twitterတို့တွင်လည်း ပြန်တင်ပေး၍ ရနိုင်သည်ဟုလည်း Jianက ပြောသည်။ Jianနှင့်အတူ ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ စတင်၍ ဝက်ဘ်ဆိုက်ကို တည်ထောင်ခဲ့သူမှာ စင်ကာပူနိုင်ငံသား Mr. Derak Tanဖြစ်ပြီး၊ ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလထဲမှာ တရားဝင် မိတ်ဆက်ပြီး စတင်အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းဝက်ဘ်ဆိုက် တည်ထောင်ဖြစ်ပုံနှင့် ပတ်သက်၍ Jianက “ကျွန်တော်တို့နှစ်ယောက် ကိုယ်တိုင်ကလည်း Filmmakerတွေလေ။ ကျွန်တော်တို့ ဖန်တီးထားတဲ့ ဇာတ်လမ်းတိုတွေထဲက Cashlessဆိုတဲ့ ဇာတ်လမ်းကို ရုပ်ရှင်ပွဲတော်တွေမှာ ပြသပြီးတဲ့နောက်မှာ အွန်လိုင်းမှာ တင်ဖို့ စီစဉ်ဖြစ်တယ်။ အဲဒီတော့ ဒီလိုမျိုးတင်နိုင်တဲ့ ဝက်ဘ်ဆိုက်က YouTubeနဲ့ Vimeoတို့ ရှိတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ ရုပ်ရှင်ကို YouTubeမှာ ပြန်ရှာတဲ့အခါ ကြောင်ဗီဒီယိုနဲ့ ဂမ်နမ်စတိုင်လို ဟာသဆန်တဲ့ ဗီဒီယိုဖိုင်တွေကြားမှာ ရောက်နေတယ်။ Vimeoကျတော့လည်း အမေရိကန်နဲ့ ဥရောပဘက်က ဇာတ်လမ်းတိုတွေကို ပိုပြီးအားပေးတဲ့ လူများတယ်။ အဲဒီအချိန်မှာ စဉ်းစားမိတာက ကမ္ဘာရဲ့ တခြားနေရာမှာရှိနေတဲ့ ကျွန်တော်တို့လို Filmmakerတွေလည်း ဒီလိုမျိုး အဖြစ်အပျက်တွေ ရင်ဆိုင်နေရမှာပဲပေါ့။ ဘယ်လိုနည်းလမ်းမျိုးက အရှေ့တောင်အာရှက Filmmakerတွေရဲ့ ဖန်တီးမှု လက်ရာတွေကို လွယ်ကူစွာ ဖော်ထုတ်နိုင်မယ်။ ရှာတွေ့နိုင်မလဲ ဆိုတာကို စဉ်းစားရင် ဒီ Viddseeကို တည်ထောင်ဖြစ်တာပါ”ဟု ပြောကြားသည်။

အရှေ့တောင် အာရှနိုင်ငံများတွင် တစ်မူထူးခြားသော ဇာတ်လမ်းကောင်းတွေ အများကြီးနှင့် အရည်အချင်း ရှိသော လူတွေ အများကြီးရှိပြီး ၎င်းတို့၏ ဖန်တီးမှု လက်ရာများကို ကမ္ဘာက လူများ အလွယ်တကူ သိနိုင်စေရန်နှင့် ကျယ်ပြန့်သော ဇာတ်လမ်းတို ဈေးကွက်ကြီး တစ်ခု ဖြစ်စေချင်သည်ဟုလည်း ၎င်းတို့၏ ရည်ရွယ်ချက်ကို ပြောပြသည်။ “Filmmakerတွေ အနေနဲ့ သူတို့လက်ရာတွေကနေတစ်ဆင့် သူတို့အတွက် တန်ဖိုးတစ်ခု ပြန်ရစေချင်ပြီး ပရိသတ်တွေဆီကို တိုက်ရိုက် ဆက်သွယ်နိုင်တဲ့ လမ်းဖြစ်ဖို့ရန်အတွက် ရည်ရွယ်တယ်”ဟုလည်း Jianက ဆိုသည်။

ဝက်ဘ်ဆိုက် စတင်တည်ထောင်လာသည့် နေ့ကစပြီး ၉၈နိုင်ငံကျော်မှ လူဦးရေ ၇၅,၀၀၀ကျော် အသုံးပြုလျက် ရှိပြီး ၎င်းတို့၏ ဗီဒီယိုဖိုင်များကို တစ်ကမ္ဘာလုံးက သိနှင့်နေပြီ ဖြစ်သည်ဟုလည်း ဆိုပါသည်။ “အခုဆို အရှေ့တောင်အာရှက နိုင်ငံတော်တော်များများ ပါဝင်နေပေမယ့် မြန်မာနိုင်ငံက အရည်အချင်းရှိတဲ့သူတွေ ပါဝင်နှုန်းကတော့ နည်းနေပါသေးတယ်။ ဒီထက်ပိုပြီး မြန်မာနိုင်ငံက လူတွေရဲ့ ဇာတ်လမ်းတိုတွေကို Viddseeမှာ မြင်တွေ့ချင်ပါတယ်”ဟု Derekက ပြောသည်။ Viddseeကနေတစ်ဆင့် Filmmakerတွေအတွက် ရှိလာနိုင်သည့် အကျိုးအမြတ်အနေနှင့် မိမိတို့၏ ဖန်တီးမှု လက်ရာများကို တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများ အားလုံးကို ချပြနိုင်ပြီး အကောင်းဆုံး ဇာတ်လမ်းတိုများ ကိုလည်း ပုံမှန် ရွေးထုတ်ပေးသွားမည် ဖြစ်သည်ဟု Jianက ပြောသည်။ ဝင်ငွေရနိုင်မည့် အလုပ်မျိုးများအတွက် Filmmakerများကို ဆက်သွယ်လာလျှင် အားလုံးကို အကြောင်းကြားပေးမည်ဟုလည်း ပြောပါသည်။

ဝက်ဘ်ဆိုက်တွင် ဇာတ်လမ်းများကို တင်ချင်သည်ဆိုလျှင် www.viddsee.comဆီကို သွားပြီး Submitဆိုသည့် နေရာတွင် မိမိတို့၏ လက်ရာများကို အလွယ်တကူ တင်နိုင်ကြောင်း၊ ကွန်ပျူတာမှာတွင် မဟုတ်ပဲ ဖုန်းဆော့ဖ်ဝဲ တစ်ခုအနေနှင့်ပါ အသုံးပြုနိုင်ကြောင်း သိရသည်။ “Submit လုပ်ထားတဲ့ ဗီဒီယိုဖိုင်တွေကို အရည်အသွေး ဇာတ်လမ်းနဲ့ ဖန်တီးမှု လက်ရာတွေကို ကျွန်တော်တို့ ပြန်ရွေးပေးပြီးတော့ တင်ပေးတာပါ။ လာသမျှ အကုန်လုံးလက်ခံတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်ဆိုးဆိုးဝါးဝါးတွေကို ပယ်တာများ ပါတယ်”ဟု Derekက ပြောကြောင်းနှင့် Filmmaker လုပ်ချင်သူများအတွက် မျှဝေ တင်ပြလိုက်ရပါသည်။

Ref: မြန်မာတိုင်း(မ်)

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *