သြစတြေးလျဂီတအဖွဲ့တစ်ခုဖြစ်သော Air Supply ဖျော်ဖြေပွဲကို လာမည့် သြဂုတ်လ ၁၅ရက်နေ့တွင် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ယခုပွဲကို ပုဂံအန်တာတိန်းမန့်နှင့် ထူးဖောင်ဒေးရှင်းတို့က ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး ၎င်းတို့ စီစဉ်ခဲ့သော ယခင်နိုင်ငံတကာပွဲဖြစ်သည့် မိုက်ကယ်လ်လန်း ပွဲလောက် ဈေးကြီးမည် မဟုတ်ဟု ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်ဟု သိရသည်။
သို့သော် ကျပ် ၂၅,၀၀၀၊ ၃၀,၀၀၀၊ ၅၀,၀၀၀နှင့် ၅၅,၀၀၀ဟူ၍ အသီးသီး သတ်မှတ်ထားသည့် ဈေးနှုန်းများသည် လူအများစု ကြည့်ရှုအားပေးနိုင်သော ပမာဏ မဖြစ်နိုင်သေးသည်ကို တွေ့ရကြောင်း၊ တစ်ဖက်ကလည်း ကမ္ဘာသိအဖွဲ့တစ်ဖွဲ့ကို ဖိတ်ခေါ်ရသော စရိတ်စက မနည်းသောကြောင့် ယခုကဲ့သို့ လက်မှတ်ဈေးမြင့်နေခြင်းလားဟု တွေးမိကြောင်း၊ လက်မှတ်အားလုံးအတွက် ထိုင်ခုံစီစဉ်ထားမည်ဖြစ်ပြီး၊ လက်မှတ်ဝယ်ယူနိုင်မည့် နေရာများကို စီစဉ်နေဆဲဖြစ်သဖြင့် ကြေညာပေးသွားမည်ဖြစ်ကြောင်း ပြောပါသည်။
မြန်မာတေးချစ်ပရိသတ်များအား လာရောက်ဖျော်ဖြေမည့် ကမ္ဘာကျော် Air Supply အဖွဲ့သည် လက်ရှိတွင် အဖွဲ့ဝင်နှစ်ဦး ပါဝင်ပြီး Russell Hitchookက ခေါင်းဆောင် အဆိုတော် ဖြစ်ကာ Graham Russellက အဆိုတော်ဂီတာသမား ဖြစ်သည်။ ဤအဖွဲ့သည် ပေါ့ပ်ရော့ခ်နှင့် ဆော့ဖ်ရော့ခ် ဂီတအမျိုးအစားကို ဖန်တီးတင်ဆက်သူများ ဖြစ်ပြီး ၁၉၇၅ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ ပထမဆုံး အခွေဖြစ်သော “Air Supply”အခွေကို ၁၉၇၆ခုနှစ်က ထုတ်လုပ်ဖြန့်ချိခဲ့ပြီး လက်ရှိအချိန်အထိ စုစုပေါင်း သီချင်းခွေ ၁၇ခွေကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။
ယင်းအဖွဲ့၏ ၂၀၁၀ပြည့်နှစ်တွင် နောက်ဆုံး ဖြန့်ချိခဲ့သော အခွေမှာ “Mumbo Jumbo”အခွေဖြစ်သည်။ ယင်းတို့၏ အလွန်အောင်မြင်ခဲ့ပြီး ကမ္ဘာတစ်ဝန်း လူကြိုက်များသည့် တေးသီချင်းများထဲတွင် “All Out of Love” “Making Love Out of Nothing At All” “The One That You Love” “The Power of Love” (You Are My Lady) တေးသီချင်းများလည်း ပါဝင်သည်။
အဆိုပါ တေးဂီတအဖွဲ့ကို ရွေးခေါ်ရသော အကြောင်းအရင်းကို ပုဂံအန်တာတိန်းမန့် မန်နေဂျာကိုညီညီက “Air Supply မှရယ်လို့ မဟုတ်ပါဘူး။ အဓိကကတော့ ဒီအဖွဲ့ကို သုံးဆယ်ကျော် ဝန်းကျင်တန်း လူတွေက မီခဲ့တယ်။ အရမ်းကြီး ရှေ့လည်း မကျဘူး။ နောက်လည်း မကျဘူး။ သူတို့ရဲ့ တချို့ သီချင်းတွေကလည်း အခုထက်ထိ ပေါက်နေတုန်းပဲ ဆိုတော့ သူတို့ကို ရွေးချယ်ဖြစ်သွားတာပါ။ ဒီက ပရိသတ်နဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ သူတို့ သီချင်းတွေကလည်း ဒီကအဆိုတော်တွေ ပြန်ဆိုထားတာ များတယ်လေ။ အခု အသစ်တွေခေါ်ရင်လည်း လူကြီးတွေက သိပ်သိမှာ မဟုတ်ဘူး”ဟု ပြောပါသည်။
Ref: The Myanmar Times