News

အဏုမြူဗုံးဒဏ် ခံခဲ့ရသည့် ဟီရိုရှီးမားမြို့ (၆၈)နှစ် ပြည့်ပြီ

ဒုတိယကမ္ဘာစစ်အား အဆုံးသတ်စေခဲ့သည့် အကြောင်းအရင်းများအနက် တစ်ခုဖြစ်သော ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ကို အဏုမြူ ဗုံးကြဲချခံရမှု (၆၈)နှစ်ပြည့် အခမ်းအနားအား သြဂုတ်လ ၆ရက်နေ့က အဆိုပါ မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဗုံးကြဲခံရမှုတွင် အသက်ရှင် ကျန်ရစ်ခဲ့သူများ၊ သေဆုံးသွားသူများ၏ ဆွေမျိုးများ၊ အစိုးရအရာရှိများ၊ ပြည်ပနိုင်ငံများမှ ဧည့်သည်များ တက်ရောက်ခဲ့ပြီး ဗုံးကြဲခံခဲ့ရသည့် အချိန်ဖြစ်သော ဒေသစံတော်ချိန် နံနက် ၈နာရီ ၁၅မိနစ်တွင် ငြိမ်သက်စွာဖြင့် ဆုတောင်းခဲ့ကြသည်ဟု ဆိုသည်။ အမေရိကန်တို့၏ ဘီ ၂၉ ဗုံးကြဲလေယာဉ် Enola Gayသည် ၁၉၄၅ခုနှစ်၊ သြဂုတ်လ ၆ရက်နေ့တွင် ဟီရိုရှီးမားမြို့ပေါ်သို့ အဏုမြူဗုံးတစ်လုံး ကြဲချခဲ့ရာ ယင်းနှစ် ဒီဇင်ဘာအထိ သေဆုံးသူ ၁၄၀၀၀၀ရှိခဲ့သည်ဟု သိရသည်။ အဆိုပါ ဗုံးကြဲချခဲ့ပြီး နောက်သုံးရက်အကြာတွင် နာဂါစကီမြို့သို့ နောက်ထပ် အဏုမြူဗုံးတစ်လုံး ကြဲချခဲ့ခြင်း ဖြစ်သည်။

၁၉၄၅ခုနှစ်နှောင်းပိုင်းတွင် ဂျပန်တို့က မြေပြင် တိုက်ခိုက်မှုတစ်ခုကို စီစဉ်ထားသောကြောင့် နောက်ထပ် လူသန်းပေါင်း များစွာ သေဆုံးမှုမှ ကာကွယ်နိုင်ရေးအတွက် ဂျပန်တို့အနေဖြင့် အမြန်ဆုံး လက်နက်ချရန် လိုအပ်သောကြောင့် အဆိုပါ အဏုမြူဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ မဟာမိတ် တပ်ဖွဲ့များက အကြောင်းပြခဲ့ကြသည်။ လောလောဆယ်တွင် အိမ်နီးချင်း တရုတ်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် ရေပိုင်နက် အငြင်းပွားမှုဆိုင်ရာ ပြဿနာများ ဖြစ်ပွားနေချိန်တွင် သြဂုတ်လ ၆ရက်နေ့ ညနေပိုင်း၌ ဂျပန်အစိုးရက ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံ၏ အကြီးဆုံး ရဟတ်ယာဉ်တင် စစ်သင်္ဘောတစ်စီးကို ထုတ်ဖော်ပြသမည် ဖြစ်သည်ဟု သိရသည်။ ဟီရိုရှီးမားနှစ်ပတ်လည် အခမ်းအနားနှင့် ယခုစစ်သင်္ဘောကို ထုတ်ဖော်ပြသမှုမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ကြောင်း၊ ဂျပန်အစိုးရက ပြောကြားသည်ဟု ဆိုသည်။ ဂျပန်နိုင်ငံအား အဏုမြူဗုံးများဖြင့် တိုက်ခိုက်ရန် ထိုစဉ်က ဆုံးဖြတ်ခဲ့သည့် အမေရိကန် သမ္မတဟာရီထရှုးမင်း၏ မြေးဖြစ်သူ ကလက်ဖ်တန် ထရူးမင်းဒင်နီရယ်သည် ၂၀၁၂ခုနှစ်က ကျင်းပခဲ့သည့် ဟီရိုရှီးမား အဏုမြူဗုံးကြဲချခံရမှု နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ခဲ့ရာ ယင်းအခမ်းအနားကို ပထမဆုံး တက်ရောက်ခဲ့သည့် ထရူးမင်း မိသားစုဝင်တစ်ဦးဖြစ်သည်။

အဏုမြူဗုံးကြဲချခံရမှုတွင် အသက်ရှင် ကျန်ရစ်သူများက စစ်ဘက်နှင့် အရပ်ဘက်နှစ်ခုစလုံးတွင် နျူကလီးယား စွမ်းအင်များ အသုံးပြုခြင်းကို ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။ ၂၀၁၁ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဆူနာမီ ရေလှိုင်းကြောင့် လူပေါင်း ၁၉၀၀၀ သေဆုံးပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပြီး ဖူကူရှီးမားဒိုင်အိချိ နျူကလီးယား ဓာတ်အားပေးစက်ရုံမှ အအေးပေးစနစ်များ ပျက်စီးခဲ့ရာ ဂျပန်နိုင်ငံတွင် နျူကလီးယားဆန့်ကျင်ရေး အယူအဆများ ပြန်လည် ပြင်းထန်လာခဲ့သည်ဟု သိရသည်။ အဏုမြူဆိုသော နျူကလီးယား အက်တမ်သည် နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများ၊ ရေငုတ်သင်္ဘောများ၊ လေယာဉ်တင် သငေ်္ဘာကြီးများ စသဖြင့် အကျိုးပြုမှုများစွာ ရှိသကဲ့သို့ အဏုမြူဓာတ်ရောင်ခြည် သင့်၍ ကင်ဆာကဲ့သို့သော ရောဂါ ရရှိပြီး လူတို့၏ အသက်သေဆုံးမှုများ၊ အဏုမြူဗုံးဒဏ်ကြောင့် သေကြေဒဏ်ရာရ လူစဉ်မမီမှုလည်း ဖြစ်တတ်သောကြောင့် ကောင်းကျိုးရော၊ ဆိုးကျိုးရော ဒွန်တွဲနေပြီး “မရှိမကောင်း၊ ရှိမကောင်း”ဟုပင် ဆိုရပါတော့မည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *