News

မြစ်ကြီးသုံးစင်း စိုးရိမ်ရေမှတ်အထက် ကျော်လွန်

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေခြင်းကြောင့် စစ်တောင်းမြစ်၊ သံလွင်မြစ်နှင့် ငဝန်မြစ်ရေတို့သည် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သြဂုတ်လ ၂၅ရက်နေ့တွင် သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် သြဂုတ်လ ၂၁ရက်နေ့မှ  စတင်၍စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေရာ သြဂုတ်လ ၂၅ရက်နေ့ ၁၂နာရီခွဲအချိန် တိုင်းထွာချက်များအရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၂ပေခန့် ကျော်လွန်ရောက်ရှိနေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ သံလွင်မြစ်နှင့် ငဝန်မြစ်ရေသည် နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုး/ဇလမှ သြဂုတ်၂၅ရက်နေ့ တိုင်းထွာချက်အရ သိရသည်။ “မြစ်ရေတက်လာတော့ အနိမ့်ပိုင်းရွာတွေမှာ ရေမြုပ်တာခါးလောက်ရှိတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး  ငါးသိုင်းချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်  ရေကြီးနစ်မြုပ်မှုကြောင့် ကူညီထောက်ပံ့မှုများပေးရန် စီစဉ်နေသည့် လူငယ်ပရဟိတ အဖွဲ့မှ ဦးထွန်းလင်းဦးက ပြောကြားသည်ဟု ဆိုသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးမည်ဖြစ်ရာ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များအနေဖြင့် ဂရုပြုရန်လိုအပ်ကြောင်း အဆိုပါ ဌာနညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားသည်။ မြန်မာနိုင်ငံအတွင်း သြဂုတ်လ တတိယအပတ်က စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းနေပြီး  မြစ်ရေများ မြင့်တက်လာမှုကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် နေအိမ်အဆောက်အအုံနှင့် စပါးစိုက်ခင်းဧက အများအပြား ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *