Design, News

၂၀၁၄ခုနှစ်ရဲ့ အကောင်းဆုံး Illusion ပြကွက်များ

Illusion ဆိုတာကတော့ လူတွေရဲ့ မျက်စိကို အထင်မှား အမြင်မှားဖြစ်အောင် ဖန်တီးထားတဲ့ အရာ၀တ္ထုတွေ၊ အနုပညာလက်ရာတွေ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှ အကောင်းဆုံး Illusion တွေကိုဖော်ပြဖို့လည်း အချိန်ရောက်လာပါပြီ။ ဒီနှစ်ထဲမှာတော့ အဆောက်အဦးရဲ့ နံရံပေါ်မှာ လမ်းလျှောက်နေတဲ့ Strokရဲ့ လက်ရာလို မဖြစ်နိုင်လောက်အောင် ဆန်းပြားတဲ့ လမ်းမပေါ်မှာ ပြုလုပ်ပြသခဲ့တဲ့ လက်ရာတွေနဲ့ Aakash Nihalan ရဲ့ခန္တာကိုယ်ကို ဖောက်ထွင်းထားတဲ့ နီယွန်လက်ရာတွေကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် အမျိုးသမီးတစ်ယောက်ရဲ့ ကြက်တူရွေးနဲ့ လူကို ပေါင်းစပ်ထားတဲ့ ပန်းချီကားကိုလည်း ခံစားရမှာပါ။ ၂၀၁၄ ခုနှစ်ထဲမှာ Illusion များစွာ ပေါ်ထွက်ခဲ့ပေမယ့် ၁၂ ခုကိုသာရွေးချယ် ဖော်ပြလိုက်ပါတယ်။

12. Strokရဲ့ ကျောင်းနံရံပေါ်မှာ လမ်းလျှောက်ပြကွက်

သူ့ရဲ့အထင်ကရ နည်းပညာဖြစ်တဲ့ အလွှာအထပ် များစွာပါတဲ့ ဖယောင်းစက္ကူများကို အသုံးပြုရင်း Strok လို့ သိကြတဲ့ နော်ဝေး အခြေစိုက် လမ်းမ အနုပညာရှင် Anders Gjennestad ကလူတွေရဲ့ မျက်စိကို လှည့်စားနိုင်တဲ့ ဓါတ်ပုံတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အားကောင်းတဲ့ အရိပ်များကို အသုံးပြုရင်း လူတွေရဲ့ အမြင်ကို ပြောင်းလဲထားပြီး လူတွေဟာ နံရံပေါ်မှာ လမ်းလျှောက်နေတယ်လို့ ထင်ရစေအောင် ပြုလုပ်လိုက်တာပါ။
12
11. Aakash Nihalaniရဲ့ လူခန္တာကိုယ်ကို ထိုးစိုက်ထားတဲ့ နီယွန် အရာ၀တ္ထု

နယူးယောက် အခြေစိုက် အနုပညာရှင် Aakash Nihalani ကတော့ သူ့ရဲ့ အရင်က နာမည်ကျော် Interior and Landscape Tape Illusion ကနေ ခွဲထွက်ပြီး လူ့ခန္တာကိုယ်ကို ပြောင်းလဲအသုံးပြုထားပါတယ်။ သူ့ရဲ့ Landline စီးရီးမှာ Nihalani ကသုံးဖက်မြင် ထောင့်မှန် စတုဂံပြားများနဲ့ နီယွန်တိပ်များကို အသုံးပြုပြီး ဘရွတ်ကလင်းမှာ ခန္တာကိုယ်ကိုဖောက်ထွင်းတဲ့ သရုပ်ပြမှုကို ကျွမ်းကျင်စွာ ပြုလုပ်ပြခဲ့ပါတယ်။
11
10. Jeroen Bisscherouxရဲ့ ယိုယွင်းလာတဲ့ ရေကူးကန်

Jeroen Bisscheroux ရဲ့ရေကူးကန်ကတော့ သင်ရေကူးချင်မယ့်ကန်မျိုး မဟုတ်ပါဘူး။ သူက အမြင်အာရုံကို လွဲမှားအောင် ပြုလုပ်ထားတာပါ။ ပန်းချီကားဖြစ်ပြီး POOLလို့ နာမည်ပေးထားပါတယ်။ အရောင်တွေကို ဖယ်ရှားထားပြီး ယိုယွင်းနေတဲ့ ရေကူးကန်နဲ့ တူအောင် ပြုလုပ်ထားတာပါ။
10
9. Ramon Bruinရဲ့ Optical Illusion ပန်းချီ

နယ်သာလန် အနုပညာရှင် Ramon Bruin ကို JJK Airbrush လို့လည်း ခေါ်ကြပါတယ်။ သူက တကယ့်ပုံရိပ်နဲ့ ပန်းချီကြားမှ ခြားနားချက်ကို လျော့ပါးအောင် ပြုလုပ်တဲ့ Optical Illusiion ပန်းချီတွေကို ဖန်တီးရာမှာ ဆရာတစ်ဆူပါ။ သူက အဲဒီပညာကို ကိုယ်တိုင်လေ့လာ သင်ယူတာပါ။ ပန်းချီလက်ရာထဲက အရာ၀တ္တုတွေဟာ တကယ့် ပြင်ပမှ အရာ၀တ္ထုတွေလို့ ထင်ရအောင် မှန်ကန်တဲ့ Angles ကနေ သူ့ရဲ့ ပန်းချီလက်ရာကို ဓါတ်ပုံရိုက်လိုက်တာပါ။
9
8. Paul O’Rourkeရဲ့ တက်တူး

အိုင်ယာလန်မှ Paul O’Rourke ကအမြင်လွဲမှားစေမယ့် တက်တူးကို ဖန်တီးခဲ့ပါတယ်။ သူကလူတစ်ယောက်ရဲ့ လက်မောင်းမှာ တက်တူးထိုးပေးခဲ့တာပါ။ ပုံမှာမြင်ရတဲ့အတိုင်းပဲ ရုတ်တရက်ကြည့်လိုက်ရင် တက်တူးပိုင်ရှင်ရဲ့ လက်မောင်းဟာ လက်ကိုင်ကွင်းတစ်ခုလို ဖြစ်နေတာကို မြင်နိုင်ပါတယ်။
8
7. Takeshi Murataရဲ့ လှုပ်ရှားနေတဲ့ စက်လုံး

ကြည့်လိုက်ရင်တော့ လှုပ်ရှားနေတဲ့ စက်လုံး ဒါမှမဟုတ် အရည်တွေလို့ ထင်ရမှာပါ။ တကယ်တော့ ဒစ်ဂျစ်တယ် အနုပညာရှင် Takeshi Murata ဖန်တီးထားတဲ့ Optical Illusion တစ်ခုပါ။ Frieze New York ပွဲမှာ ပြသခဲ့တဲ့ စက်လုံးဟာ မှောင်နေတဲ့ အခန်းတစ်ခုရဲ့ ထောင့်မှာ ထားရှိထားပါတယ်။ အဲဒီစက်လုံးကို Angle အမျိုးမျိုးမှ အလင်းတန်းများနဲ့ ပုံဖော်ထားတာပါ။ ကိုင်တွယ်လို့ ရတဲ့ တကယ့် စက်လုံး မဟုတ်ပါဘူး။ အလင်းရောင်တွေက စက်လုံးဟာ လှုပ်ရှားနေတယ်လို့ ထင်ရအောင် ပြုလုပ်ပေးထားတာပါ။
7
6. Odeithရဲ့ လေပေါ်မြောက်နေတဲ့ သုံးဖက်မြင် ရုပ်ပုံ

ပေါ်တူဂီ အခြေစိုက် လမ်းမ အနုပညာရှင် Odeith ကလေပေါ်မှာ မြောက်နေတဲ့ သုံးဖက်မြင်အရုပ်တစ်ခုလို့ ထင်ရအောင် မျက်စိကို လှည့်စားထားတဲ့ ပြောင်မြောက်တဲ့ ပန်းချီကားကို ဖန်တီးခဲ့ပါတယ်။ ဒီပုံမှာ သူဟာ အရိပ်နည်းပညာကို နံရံနှစ်ဖက်ပေါ်မှာ ရေးဆွဲပြခဲ့တာပါ။
6
5. Alex Chinneckရဲ့ လေပေါ်မြောက်နေတဲ့ အဆောက်အဦး

Take My Lightning But Don’t Steal My Thunder လို့အမည်ပေးထားတဲ့ လက်ရာကတော့ အဆောက်အဦးတစ် ခုရဲ့ အစိတ်အပိုင်းတစ်ခုဟာ လေထဲမြောက်နေတယ်လို့ ထင်ရအောင် ပြုလုပ်ထားတာပါ။ ဗြိတိန် အနုပညာရှင်နဲ့ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Alex Chinneck ကဖန်တီးထားတာဖြစ်ပြီး လန်ဒန်ရှိ Covent Garden မှာတည်ရှိတဲ့ အဆောက်အဦးဖြစ်ပါတယ်။ အရွယ်ကြီးမားတဲ့ Optical Illusion လက်ရာပါ။ သက်တမ်း ၁၈၄နှစ်ရှိပြီ ဖြစ်ပြီး မူလ ဗိသုကာပညာရှင် တည်ဆောက်ပြီးနောက်မှာ ပြင်ဆင်ခဲ့တာပါ။
5
4. A.P Worksရဲ့ ပန်းကန်ပြားတင်တဲ့ အပြား

ဂျပန် ဒီဇိုင်း စတူဒီယို A.Pက Albert Einstein ရဲ့ Space-Time Fabric Theory ကို ဒီ ပန်းကန်ပြားတင်တဲ့ အပြား နဲ့ စိတ်ကူးပုံဖော်ခဲ့တာပါ။ အပြားပေါ်က မျဉ်းကြောင်းတွေကို ပုံဖော်ခြင်းဖြင့် ပန်းကန်ပြားနဲ့ ဇွန်း၊ ခက်ရင်း တွေဟာ အပြားပေါ်ပိနေပြီး အပြားဟာ ချိုင့်၀င်နေတယ်လို့ ထင်ရစေတာဖြစ်ပါတယ်။ ဒီနည်းအတိုင်းပဲ ဂြိုလ်တွေနဲ့ ကြယ်တွေ ဟာ Space-Time မျဉ်းကြောင်းတွေကို ကွေးကောက်စေပါတယ်။
4
3. Brett Kernရဲ့ လေမှုတ်သွင်းထားတယ်လို့ ထင်ရတဲ့ ကြွေရုပ်

အနောက်ဗာဂျီးနီးယား အခြေစိုက် အနုပညာရှင် Brett Kern ကလေမှုတ်သွင်းထားတဲ့ ကစားစရာအရုပ်လို့ ထင်ရစေတဲ့ ကြွေရုပ်ကို ကိုယ်တိုင်လက်နဲ့ ပြုလုပ်ခဲ့ပါတယ်။ သူ့လက်ရှိ ပြုလုပ်နေတဲ့ စီးရီးထဲမှ အရုပ်လေးတွေဟာ အလွန်ရိုးရှင်းတဲ့ ဇာတ်ကောင်လေးတွေပါ။ အဲဒီထဲမှာ ဒိုင်နိုဆောနဲ့ ကာတွန်း အာကာသယာဉ်မှူးတို့ ပါ၀င်ပါတယ်။
3
2. Mario Schysterရဲ့ လေပေါ်မြောက်နေတဲ့ သစ်ပင်

ဂရစ်ဖစ်ဒီဇိုင်နာ Daniel Siering နဲ့အနုပညာ ဒါရိုက်တာ Mario Schuster တို့ကတော့ ဂျာမနီနိုင်ငံ Potsdam ရှိ သစ်ပင်ကို ရွေးချယ်လိုက်ပြီး သံချပ်ပါးနဲ့ ဆေးအချို့ကိုသာ အသုံးပြုပြီး သစ်ပင်ရဲ့ အပေါ်ပိုင်းဟာ လေပေါ်မှာ မြောက်တက်နေတယ်လို့ ထင်ရအောင် ဖန်တီးထားတာပါ။ အဲဒီ Illusion ကိုပြုလုပ်ဖို့ Siering နဲ့ Shu တို့ဟာသစ် ပင်ရဲ့ တစ်စိတ်တစ်ပိုင်းကို သံချပ်ပါးနဲ့ ဖုံးအုပ်လိုက်ပြီး နောက်ခံ ပတ်၀န်းကျင်နဲ့ လိုက်ဖက်ညီအောင် ဆေးဖြန်း ခဲ့တာပါ။ မှန်ကန်တဲ့ Angle ကနေ ဓါတ်ပုံရိုက်ကူးလိုက်ရင် သစ်ပင်ရဲ့ အပေါ်ပိုင်းဟာ လေထဲမှာ မြောက်နေတယ်လို့ ထင်ရမှာ ဖြစ်ပါတယ်။
2
1. Johannes Stroetterရဲ့ လူပုံတစ်ဖြစ်လဲ ကြက်တူရွေး

အောက်ကပုံမှာ စာဖတ်သူ ကောင်မလေးတစ်ယောက်ကို မြင်ရဲ့လား? ဒီပုံမှာ ကြက်တူရွေး တစ်ကောင်ဟာ သစ်ကိုင်း ပေါ်မှာ နားနေတဲ့ပုံပေါ်ပေမယ့် ယုံချင်ယုံ မယုံချင်နေပါ။ ဒီပုံဟာ ကောင်မလေးတစ်ယောက်ရဲ့ တစ်ကိုယ်လုံးကို ချယ် မှုန်းထားတာဖြစ်ပါတယ်။ ခန္တာကိုယ်မှာ ပန်းချီရေးဆွဲတဲ့ Johannes Stoetter ကဖန်တီးထားတာဖြစ်ပြီး သူဟာ တကယ့် အစစ်အမှန်ရုပ်ပုံတွေနဲ့ တူတဲ့ ခန္တာကိုယ် အနုပညာလက်ရာတွေကို ဖန်တီးရာမှာ ဆရာတစ်ဆူပါပဲ။
1

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *