Opinion

ကိုဘအေးအသက်မကြီးသေးပါ

တနေ့သ၌ ကျွန်ုပ်ဆားဗူးကိုဘအေးသည် (ကိုဘအေးအိမ်မှာ ဆားကို ပုလင်းနဲ့မထည့်ဘူး၊ ပလပ်စတစ်ဗူးနဲ့ထည့်တယ်) သိမ်ကြီးဈေးလူကူးခုံးကျော်တံတားအနီးရှိ တိုက်ခန်း၌ နေထိုင်သော မိတ်ဆွေတစ်ဦးနှင့်တွေ့ဆုံရန် ချိန်းထားသဖြင့် သာကေတမှ ၃၅(ဗန္ဓုလ)ဘတ်စ်ကားစီး၍ မြို့ထဲသို့ ထွက်လာခဲ့သည်။

မြို့ထဲသို့ရောက်သော် ကုန်ဈေးတန်း (အပေါ်လမ်း) မှတိ်ုင်တွင်ဆင်းကာ အောက်ဘလောက်ဘက်သို့ကိုဘအေးလမ်းလျှောက် လာခဲ့ပြီး မိတ်ဆွေနှင့်ထိုင်နေကျလက်ဖက်ရည်ဆိုင်တွင် ချိုဆိမ့်တစ်ခွက်နှင့် ရူဘီတစ်ပွဲမှာ၍ ပလက်ဖောင်းအပြင်ဘက် လမ်းကျကျ၌ခင်းထားသော စားပွဲပုလေးတစ်လုံးမှာ ဝင်ထိုင်နေလိုက် သည်။

ခဏအကြာ စားပွဲထိုးကောင်မလေးတစ်ယောက် လာချပေးသော လက်ဖက်ရည်နှင့်စီးကရက်ကို လက်ဖက်ရည်တကျိုက်သောက် လိုက်၊ စီးကရက်တစ်ဖွာရှိုက်လိုက်နှင့် လက်ဖက်ရည်နှင့် စီးကရက်ကို မစ်လုပ်၍ ကိုဘအေးအရသာခံနေမိသည်။ ထိုစဉ်တွင် လမ်းထိပ်ရှိမှတ်တိုင်သို့ ဆိုက်လာသော ဘတ်စ်ကားတစ်စီးပေါ်မှ လူရွယ်တစ်ယောက် ဒရောသောပါးဆင်းလာပြီး ကုန်ဈေးတန်း လမ်းထဲသို့ ပြေးဝင်လာပြီး လူရွယ်၏လက်ထဲတွင် မိန်းမကိုင်ပိုက်ဆံအိတ်တစ်လုံးကိုင်ထားပြီး သူ့နောက်ကလည်း စပါယ်ယာနှင့် တူသူနှင့် လူသုံးလေးယောက်ပြေးလိုက်လာသည်။

ကိုဘအေးတစ်ယောက် သဘောပေါက်လိုက်ပါပြီး။ မတတ်နိုင်ပါ။ ခါးပိုက်နှိုက်လူရွယ်လေး ကိုယ့်နားရောက်အလာ ခွေးခြေပုလေးနှင့် ထိုင်နေသော ကိုဘအေးက ခြေထောက်တစ်ဖက်ကို ဆန့်ထုတ် လိုက်ပြီး လူရွယ်လည်း ဟပ်ထိုးဟပ်ထိုးဖြစ်သွားပြီး မှောက်လျက် လဲကျသွားသည်။ နောက်မှလိုက်လာသော လူစုလည်းသူ့ကိုဆွဲထူဖမ်းချုပ်ပြီး လမ်းအောက်ဘက်ရှိရဲစခန်းသို့ ခေါ်ဆောင်သွား ကြလေသတည်း။

“ကိုဘအေး ရောက်နေတာကြာပြီလား” မိတ်ဆွေဖြစ်သူကိုတင်မြင့်၏ အမေးစကားကို ကြားတော့မှ ကိုဘအေးတစ်ယောက် ဆရာကြီးမင်းသိင်္ခစတိုင် စိတ်ကူးအတွေးနှင့် စာရေးနေတာကနေ ပြန်လည်ပြီးနိုးထလာ ပါတယ်။ (စာရှုသူခင်ဗျားအဲဒီလောက်ဆိုရင် ကိုဘအေးလည်းဝတ္ထုရေးလို့ရနိုင်ပါ့မလား အားမနာတမ်းဝေဖန် ပေးပါဦးခင်ဗျာ၊ ကိုဘအေးBest Sellerဖြစ်ရင်မမေ့ပါဘူး)

ကိုဘအေးလည်း ကိုတင်မြင့်နဲ့တွေ့ချင်တဲ့စိတ်ကူးဖြစ်ပေါ်နေတုန်း သူကတွေ့ရအောင်လို့ ဖုန်းဆက် ပြီးချိန်းတာပါ။ “ကိုဘအေး ဘာရယ်လို့မဟုတ်ပါဘူးဗျာ၊ လက်ဖက်ရည်လေးဘာလေးသောက်၊ စကားစမြည်လေးပြောရအောင်လို့ပါ။” ကိုတင်မြင့်က LLB ဥပဒေဘွဲ့ရပြီးသား။ ရှေ့နေမလုပ်ဘဲ ယောက္ခမရဲ့ သွားစိုက်ဆိုင်ကို အမွေဆက်ခံပြီး သွားစိုက်ဆရာလုပ်နေတာ။ အမှန်က ကိုတင်မြင့်က ရှေ့နေလုပ်ဖို့ ကောင်းတာ။ အပြောကောင်းလို့လေ။ သူနဲ့ကိုယ်နဲ့က ခြောက်ဆယ်တန်းတွေ သူကကိုယ့်ထက် ငါးနှစ်တောင်ကြီးသေးတယ်လို့ သိရတယ်။ သူပြောသလိုပဲ ဘာရယ်မဟုတ်ဘူး။ မိသားစုကျန်းမာရေး စီးပွားရေး အလုပ်အကိုင်အကြောင်း စသဖြင့်ပေါ့။ တိုင်းရေးပြည်ရေးအကြောင်းလေးကလည်း ပါသေးတယ်။ ထွေရာလေးပါးပေါ့ဗျာ။ ရေနွေးကြမ်းတစ်အိုးလည်းကုန်ရော။ ဆေးလိပ်ဖြတ်ထားတဲ့ကိုယ်တောင် (ဆေးလိပ်ဖြတ်ထားတာ (၂)ရက်ရှိသွားပြီ) သူဆေးလိပ်ဖွာတာနဲ့ ကိုယ်လည်းစီးကရက်တစ်လိပ်ကောက် ဖွာလိုက်သေးတယ်။

အမှန်က ကိုဘအေးသူနဲ့တွေ့ချင်တာ ကိုဘအေးအတွက် အလုပ်ကလေးဘာလေး ရှာပေးပါဦး ပြောမလို့။ သူပြောထားတာလည်းရှိတယ်။ ကိုဘအေးပင်စင်ယူပြီးနေပြည်တော်က ပြောင်းလာခါစတုန်းက သူ့သမီးလုပ်တဲ့ကုမ္ပဏီမှာ ကိုယ်နဲ့ကိုက်မယ့်အလုပ်တစ်ခုပြောပေးမယ်ဆိုပြီး ပြောထားဖူးတယ်။ သူနဲ့ ပြောထားပြီးတော့ ဂျာနယ်တိုက်မှာ အလုပ်ဝင်လိုက်တော့ ကိုယ်အဆင်ပြေသွားပြီဆိုပြီးနေလိုက်တာ အခုတော့ ကိုယ်ကအဲဒီအလုပ်က နားလိုက်ပြန်ပြီဆိုတော့ သူ့ကိုပြန်ပြီး အကူအညီတောင်းတာ။ ကိုတင်မြင့်က ကူညီပေးမယ်ပြောပါတယ်။ သူတို့လင်မယားနှစ်ယောက်စလုံးက လူတစ်ဖက်သားကိုကူညီတတ်တယ်။ ကိုတင်မြင့် အမျိုးသမီးက ကိုဘအေးမရီးနဲ့သူငယ်ချင်းတွေ။ သူတို့ရဲ့ ကမကထပြုမှုနှင့် မဒမ်ဘအေးနဲ့ တွေ့တာပေါ့။ ကိုဘအေးတို့ရဲ့ ကျေးဇူးရှင်တွေဆိုလည်းမမှားပါဘူး။ ကိုဘအေးလည်းကျန်းမာနေတုန်းမို့ အလုပ်ကလေးတစ်ခုလုပ်ချင်တာပါ။ တစ်ချို့ကလည်း ပင်စင်လေးစားပြီး အိမ်မှာအေးအေးဆေးဆေး နေရောပေါ့တဲ့။ အိမ်မှာထိုင်နေရတဲ့ဘဝကြီးက ငြီးငွေ့ဖို့ကောင်းတယ်။ မဒမ်ဘအေးကတော့ သိပ်မလုပ်စေချင် ပါဘူး။ သွားရလာရတာ ကားတွေဘာတွေနဲ့သိပ်စိတ်မချဘူး။ အိမ်မှာပဲ ထိုင်ပြီး စာပဲရေးနေစေချင်တယ်။ ဒါပေမယ့် ကိုဘအေးကလည်း ကိုယ့်ကိုသက်ကြီးရွယ်အိုတစ်ယောက်လို မမြင်စေချင်သေးဘူး။ လူငယ်တွေနဲ့ ယှဉ်ရင် လူငယ်တွေလောက် ဖြတ်လတ်မှုမရှိတော့ပေမယ့် ကိုယ့်ကိုယ်ကိုတော့ သွားနိုင်လာနိုင်လုပ်နိုင်ကိုင်နိုင် သေးတယ်လို့ထင်တယ်။

သက်ကြီးတဲ့သူတွေဟာတဲ့၊ ပစ္စပ္ပန်မှာတစ်ဝက်နေပြီး အတိတ်မှာတစ်ဝက်နေကြတယ်တဲ့။ သူတို့ဟာ အနာဂတ်အတွက် သိပ်စဉ်းစားစရာမလိုတော့ ရှိနေတဲ့အချိန်တွေကို ဒီနေ့ဘဝနဲ့ မနေ့ကဆီကိုပဲ ပြန်ပြီးတွေးနေကြတာတဲ့။ ဒီစကားဟာ သက်ကြီးရွယ်အိုအများစုအတွက်တော့ မှန်ပါတယ်။ အလုပ်လုပ် နေကြဆဲ ပုဂ္ဂိုလ်အချို့မှအပ သက်ကြီးရွယ်အို အများစုဟာ ပစ္စုပ္ပန်မှာ ပြည့်စုံကုံလုံနေလို့ဖြစ်စေ၊ သားသမီး တွေနဲ့အတူနေကြတဲ့အတွက်ဖြစ်စေ၊ မိမိအတွက်အချိန်များစွာဟာ ဝါဿနာပါရာအလုပ်တစ်ခုခု၊ ဒါမှမဟုတ် စာရေး၊ စာဖတ်၊ ဒါမှမဟုတ် တရားဘာဝနာပွားများ စသဖြင့် ပစ္စုပ္ပန်အချိန်ကို အသုံးချချင်ချ၊ ကျန်တဲ့အချိန် များစွာကိုတော့ တွေးတောခြင်းဖြင့်သာ အချိန်ကုန်တတ်ကြတယ်။ စကားဝိုင်းဖွဲ့ပြောကြရင်လည်း ဒီနေ့အဖြစ် အပျက်တွေကတစ်ဝက်၊ ဟိုအရင်လွန်ခဲ့တဲ့နှစ်တွေတုန်းက၊ ဒါမှမဟုတ်အရာရှိအရာခံဘဝနဲ့ တစ်ချိန်က ရွှေထီးဆောင်းခဲ့စဉ်က အဖြစ်အပျက်တွေကိ်ု သတိတရ ပြန်လည်ပြောဆိုနေတတ်ကြတယ်။ ဘာသာရေးမှာ အားထုတ်တဲ့သူမဟုတ်ရင် သူတို့အတွက် အနာဂတ်ဟာ မျှော်လင့်ထားစရာဆိုလို့မရှိသလောက် ဆိုနိုင်ပါတယ်လို့ ကိုဘအေးမှတ်သားဘူးပါတယ်။

အနာဂတ်မျှော်လင့်ချက်အပေါ် ကွာခြားတာနဲ့အမျှ လူကြီးနှင့်လူငယ်တို့ဟာ အတွေးအခေါ်လည်း ကွာဟလာတယ်။ လူကြီးတွေက အတိတ်နဲ့ပစ္စုပ္ပန်ကို နှိုင်းယှဉ်ကြည့်ကြသလို လူငယ်တွေက ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ကြိုတင်တွက်ချက်ကြတယ်။ ရပ်တည်နေတဲ့ ပစ္စုပ္ပန်ကို ဗဟိုပြုရာမှာ လူကြီးတွေက ကြိုးစား အားထုတ်မှုထက် ဖြစ်တည်မှုကိုသာ အလေးဂရုပြုတဲ့အတွက် သဟဇာတ မဖြစ်ကြတော့ဘူး။ ကိုဘအေး တွေ့ဖူးတာ မိသားစုနဲ့အတူ နေထိုင်တဲ့ သက်ကြီးပိုင်းတွေဟာ သားသမီးတွေက လက်ရှိစားဝတ်နေရေး အဆင်ပြေဖို့နဲ့ ရှေ့ဆက်အလုပ်အကိုင်စီးပွားရေးတွေ တိုးတက်ဖို့ အာရုံစိုက်ကြိုးပမ်းနေရတဲ့အတွက် လူကြီးတွေကို အလေးပေးနိုင်မှုတွေ နည်းပါးလာတယ်။ ပြည့်စုံတဲ့လူတွေက အစစအရာရာ အိမ်ဖော်တွေနဲ့ပဲ လွှဲထားတတ်ကြသလို။ ကျန်တဲ့လူလတ်တန်းစားတွေနဲ့၊ အခြေခံလူတန်းစားတွေဖို့ အိမ်မှာရှိတဲ့သက်ကြီးပိုင်း အမိအဖတွေက ကိုယ်ထူကိုယ်ထပဲ နေကြရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလိုဆိုတဲ့အခါကျတော့ မိမိတို့ဟာ အရေးမပါတဲ့သူတွေလို့ ခံစားလာကြရတယ်။ အချိန်ကြာလာတာနဲ့အမျှ အထီးကျန် ဆန်လာကြတယ်။ ဒါတောင်မှ ကိုဘအေးတို့ရဲ့လူနေမှု ဓလေ့စရိုက် (Life Style) ဟာ မိသားစုနွေးနွေးထွေးထွေး နေထိုင်ဆက်ဆံ ကြတဲ့ဓလေ့စရိုက်ပါ။ ဒါပေမယ့် ခေတ်တွေပြောင်းလာတာနဲ့အတူ မိသားစုနွေးထွေးမှုတွေ တဖြည်းဖြည်း နည်းပါးလာတယ်လို့ ဆိုရမယ်။ တနည်းအားဖြင့် အနောက်တိုင်းဆန်လာတယ် ပြောရမှာပေါ့။ Cultural Shock လို့လည်းပြောကြတယ်။

အနောက်နိုင်ငံမှာနေကြတဲ့ မြန်မာမိသားစုတွေရှိတယ်။ မိုးလင်းကမိုးချုပ် အလုပ်လုပ်နေကြရတဲ့ အတွက် အလုပ်ချိန်မတူရင် ဇနီးမောင်နှံတွေတောင် ညစာအတူစားရဖို့ ခဲယဉ်းတယ်လို့ဆိုတယ်။ ကလေးတွေ ကလည်း ကျောင်းနဲ့စာနဲ့ ဂိမ်းဆော့ရတာနဲ့။ စကားပြောချိန်တောင်သိပ်မပေးနိုင်ကြဘူးတဲ့။ ကလေးတွေဟာ မိသားစုနွေးထွေးမှုထက် တစ်ဦးချင်းလွတ်လပ်မှုကို ပိုပြီးနှစ်သက်ကြသလားမသိဘူး။ အခန်းသီးခြားရှိရင် အခန်းထဲက မထွက်ကြတော့ဘူးတဲ့။ ကိုဘအေးတို့ဆီမှာလို မိသားစုတွေ စကားပြောကြ၊ စားကြသောက်ကြ၊ လမ်းလျှောက်လည်ပတ်ကြ ဆိုတဲ့ ခံစားမှုမျိုးနည်းတယ်လို့ ထင်ရတယ်လို့ပြောတယ်။ ဒါ့ကြောင့်သက်ကြီးတို့ ဟာလည်း မိမိတို့ဘာသာ တစ်ဦးတည်းနေကြရသလို အိမ်မှာ မိမိတို့လုပ်နိုင်တာရှိရင်လုပ်၊ စာဖတ်ရင်ဖတ်၊ တရားဘာဝနာလုပ်ရင်လည်း လုပ်နေဖို့ပဲရှိပါတယ်။ ဒီမှာလို လည်ဖို့ပတ်ဖို့ကလည်း မလွယ်ကူတော့ အထီးကျန်ဆန်းမှန်းမသိ၊ ဆန်လာရတယ်လို့ဆိုပါတယ်။ သက်ကြီးတို့ရဲ့ အထီးကျန်ဆန်မှုအတွက် သူတို့ရဲ့ပိုနေတဲ့ အချိန်တွေကို ဖြေလျော့ဖို့က အတိတ်မှာ ခေတ္တနေထိုင်တဲ့နည်းနဲ့ မေ့လျော့စေနိုင်တယ်လို့ သိရပါတယ်။ တွေးတောနေခြင်း ဒါမှမဟုတ် စကားဝိုင်းဖွဲ့ပြောခြင်းဖြင့် လွန်လေပြီးသော အတိတ်ကာလများထံ ရောရှိပြီးစိတ်ရဲ့ကျေနပ်မှုကို ရယူနိုင်ကြကာ အတိတ်တစ်ဝက် ပစ္စုပ္ပန်တစ်ဝက် နေထိုင်ခြင်းမျိုးဖြစ်လာတယ်လို့ ဆိုပါတယ်။ စာရေးတတ်တဲ့သူတွေကတော့ မျက်မှောက်ကာလမှာ ရေးသားစရာ နည်းပါးလာတဲ့အခါ မိမိရဲ့အတိတ်အတွေ့အကြုံတွေကို ဖော်ထုတ်ရေးသားလာတတ်ကြပြီး တွေးတောစဉ်းစားမှုအားနည်းတဲ့သူတွေ အဖို့တော့ အတိတ်ကသာလျှင် အထီးကျန်မှုဖြေသိမ့်စရာ ဖြစ်လာတယ်လို့ပြောပါတယ်။

ကိုဘအေးအဖို့တော့ လက်ရှိအချိန်ဟာလည်း အရေးပါနေဆဲဖြစ်ပြီး အနာဂတ်အတွက်လည်း ပိုလှုပ်ရှားနိုင်သလောက် လှုပ်ရှားသွားရဦးမယ်လို့လည်း ခံယူပါတယ်။ ကိုယ့်မှာ သမီးကငယ်သေးတော့ သူ့အတွက်ရှေ့မှာ ဖြည့်ဆည်းပေးစရာတွေက ရှိသေးတယ်။ သူ့အမေကလက်ရှိဝန်ထမ်းဘဝနဲ့ ရှိသေးတော့ (သူကအငြိမ်းစားယူဖို့ ၅ နှစ်လောက်လိုသေးတယ်) သူ့ဘက်ကလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးမှု တွေရှိပါတယ်။ ဒါကြောင့် ကိုဘအေး အတိတ်မှာပဲ ပျော်မွေ့မနေနိုင်ပါ။ ကိုဘအေးက ပစ္စုပ္ပန်မှာလည်း အရေးကြီးသလို အနာဂတ်ကိုလည်း မျှော်တွေးကြည့်နေရပါတယ်။ ကိုယ့်ကိုယ်ကိုလည်း သက်ကြီးပိုင်းလို့ မမြင်ချင်သေးဘူး။ (ဒါပေမယ့် အပြင်ထွက်ရင်တော့ အဘလို့ အခေါ်ခံနေရပြီ) တကယ်တမ်းလည်း ခုနှစ်ဆယ်ကျော်မှ သက်ကြီးပိုင်းလို့သတ်မှတ်တာပါ။

ဒါကြောင့်လည်းရှေ့ကပြောခဲ့သလို အလုပ်ကလေးတစ်ခုတော့ လုပ်ချင်သေးတယ်လို့ပြောတာပါ။ အလုပ်လုပ်နေတဲ့အခါကျတော့ အတိတ်ကိုပဲ တမ်းတနေတဲ့သူမဖြစ်တော့ဘူးပေါ့။ တမ်းတနေချိန်လည်းမရဘူး။ လက်ရှိအချိန်ကို အကျိုးရှိစွာအသုံးချနေတဲ့သူပဲ ဖြစ်ချင်တယ်။ ကိုဘအေးပတ်ဝန်းကျင်မှာဆိုရင်လည်း ပင်စင် ယူပြီးပေမယ့် ကိုယ်နဲ့အဆက်အစပ်ရှိရာ အလုပ်တွေကို ဆက်လုပ်နေကြတာတွေ့ရပါတယ်။ အလုပ်လုပ်နေတဲ့ အခါကျတော့ အထီးကျန်ဆန်တာမျိုးလည်း မဖြစ်တော့ဘူးပေါ့။ ဒါကြောင့် ကိုဘအေးအလုပ်လုပ်ချင် သေးတယ်။ ကိုဘအေးနဲ့ကိုက်ညီမယ့် အလုပ်ကလေးရှိရင်လည်း ပြောကြပါဦးနော်။ စာကတော့အချိန်ရသလို ရေးနေဦးမှာပါ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *