News

လူငယ်နှင့် အလုပ်အကိုင်

လူငယ်နှင့် အလုပ်အကိုင်

ဒီဆောင်ပါးဟာ စာရေးသူအနေနဲ့ လူငယ်တွေဟာ အလုပ်လုပ်ကိုင်တဲ့ စွမ်းရည်နဲ့ ကြိုးစားနိုင်တဲ့ စွမ်းအား တွေရှိတဲ့အကြောင်းကို စာရေးသူ ရေးသူရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေ နဲ့ ဖော်ပြပေး လိုက်ရပါတယ်။ တကယ်တော့ လူငယ်တွေကို နေရာပေးစေချင်လို့ပါ။ လူငယ်တွေမှာ လုပ်နိုင်စွမ်းတွေရှိကြပါတယ်။ လူငယ်တွေမှာ ခဏသင်ပေးလိုက်တာနဲ့ အလွယ်တကူ တတ်မြောက် နိုင်တဲ့ ခွန်အားတွေရှိပါတယ်။ လူငယ်တွေဟာ လူကြီး တွေလောက် အသုံးမဝင်ဘူးဆိုတဲ့ ရှေးဟောင်းအယူတွေကို ပြောင်းလဲသင့်ပြီလို့ ထင်လို့ပါ။ မင်းအသာနေစမ်းပါ မင်းငါ့လောက် လုပ်သက်ရှိလို့လားဆိုတဲ့ လူငယ်တွေကို ဘေးထိုးထားတဲ့ အဖြစ်တွေကို ပြောင်းလဲသင့်ပါပြီ။ နောက်အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာရှိနေတာကို သတိရပေးပါ။

ဒီနေရာမှာ စာရေးသူရဲ့ အတွေ့အကြုံ လေးတစ်ခုတင်ပြလိုပါတယ်။ စာရေးသူဟာ ဆယ်စာမေးပွဲ ဖြေပြီးကတည်းက လုပ်ငန်းခွင်ဝင်ခဲ့တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။စာရေးသူ ဝါသနာပါတာကတော့ IT နည်းပညာပိုင်းပါ။IT နည်းပညာကို စသိခါစကတော့ ကွန်ပျူ တာ ပြု ပြင်ခြင်းနဲ့ စတင် သိရှိခဲ့ပါတယ်။ ကွန်ပျူ တာ တွေ ပြင်ပေးချင်တယ်။ဒီပညာရပ်ဟာ ကိုယ့်ရဲ့နှောင်ရေးအတွက်လည်း အဆင်ပြေစေမယ်ဆိုတဲ့ အသိလေးပဲ ရှိခဲ့ပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှ ကျယ်ကျယ်ပြန့်ပြန့် သိလာခဲ့တာက ကွန်ပျူ တာပြုပြင်ခြင်းဆိုတာ နည်းပညာရဲ့ တစ်စိတ်တစ်ဒေသပဲ ဆိုတာပါပဲ။နောက်တော့ လေ့လာရင်းနဲ့ Networking, Programming နဲ့ social media ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိသင့်သလောက် သိလာခဲ့တာပါ။ဒါကစာရေးသူရဲ့ ဝါသနာအကြောင်းပါ။ ဒီလိုနဲ့ စာရေးသူဟာ ဆယ်တန်းအောင်ပြီးခါစဆိုတဲ့ ပညာရည်အချင်းတစ်ခုနဲ့ အရောင်းဆိုင်လေးတစ်ဆိုင်မှာ စတင် အလုပ်လုပ်ခဲ့ပါတယ်။စာရေးသူရဲ့ မိဘတွေကတော့ နယ်မှာပါ။စာရေးသူဟာ ဦးလေးနဲ့ အဒေါ်တို့ရဲ့ ထိန်ကျောင်း မှုတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ လူတစ်ယောက်ဆိုတော့ သူတို့ စီစဉ်ပေးတဲ့အတိုင်း အရောင်းဆိုင်မှာ အလုပ်လုပ် ခဲ့တာပါ။အဲ့ဒီတုန်းက ရတဲ့ လစာကတော့ သုံးသောင်းကျပ်ပါ။ ဒီလစာကို တစ်ခါတည်းတန်းမရပါဘူး။လဝက်လောက် အလုပ်သင်အနေနဲ့ လုပ်ရပါသေးတယ်။ နောက်လမှ သုံးသောင်းဆိုတဲ့ ငွေပမာဏကို လက်ဝယ်ပိုင်ဆိုင်ခဲ့တာပါ။

အဲ့ဒီအလုပ်မှာ သုံးလလောက်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ အလုပ်နဲ့အိမ်ကို ရောက်ဖို့အတွက် ကားနှစ်ဆင့် စီးရတဲ့ ငွေကြေးပမာဏနဲ့ ကိုယ့်ထမင်းကိုစားရတဲ့ ငွေကြေးပမာဏကို ငွေသုံးသောင်းဆို တဲ့ တန်ဖိုးက လုံလုံ လောက်လောက်  မဖြည့်ဆည်းပေးနိုင်လို့ အိမ်ကလူကြီးတွေ စီစဉ်ပေးတဲ့ နောက်အလုပ်တစ်ခုကို ပြောင်းခဲ့ပါတယ်။နောက်တော့ စာရေးသူဟာ Transportation Contract Company တစ်ခုမှာ တစ်လကို လစာငါးသောင်းနဲ့ အလုပ်ရခဲ့ပါတယ်။ စာရေးသူရဲ့ တာဝန်က Transporation Leader ပါ။ အလုပ်က အဆောင်ပေးပါတယ်။အဆောင်မှာနေတဲ့ ဝန်ထမ်းဆိုရင် ထမင်းဖိုး မနက်စာရှစ်ရာနဲ့ ညစာရှစ်ရာဆိုပြီး တစ်ရက် ထောင့်ခြောက်ရာရပါတယ်။စာရေးသူကလည်း ဆယ်တန်းအောင်ပြီးကတည်းက ကိုယ်ထူးကိုယ်ချွန်မယ် ဆိုတဲ့အတွေးနဲ့ နေတဲ့လူဆိုတော့ သူတို့ စီစဉ်ပေးတဲ့အဆောင်မှာ နေဖြစ်ခဲ့ပါတယ်။လမ်းစရိတ်မကုန် ထမင်း စားရိတ်လည်း အပိုရဆိုတော့ စာရေးသူအတွက် ပိုပြီး တွက်ခြေကိုက်ပါတယ်။ ဒါပေမဲ့ အလုပ်ရှင်ရဲ့ အိမ်မှာနေရတာဖြစ်တဲ့အတွက်ကြောင့် အချိန်မရွေး အခိုင်းခံရပါတယ်။ရတဲ့လစာငွေကတော့ အားလုံး ပေါင်းလိုက်ရင် တစ်သိန်းနီးပါးရပါတယ်။သေသေချာချာ တွက်ကြည့်မယ်ဆိုရင်တော့ တစ်သိန်းကျော်မယ်လို့ ထင်ပါတယ်။အဲ့ဒီတစ်သိန်းကျော်ဖို့အတွက် အလုပ်လုပ်ရတာလည်း နေ့ရောညပါ လုပ်ရပါတယ်။နေပူပူ မိုးရွာရွာ ထီးမပါ ခေါင်းဆောင်းမပါပဲ ပြေးလွှားလုပ်ကိုင်ပြီး အလုပ်ကပြန်ရောက်တဲ့အချိန်က အိပ်ချိန်ပါပဲ။ နေပူမိုးရွာ ထဲမှာ ထီးဆောင်းရတာတို့ ဆိုတာကလည်း အလုပ်ကို နှောင့်နှေးကြံ့ကြာစေတဲ့ မလိုလားအပ်တဲ့ အပြုမူ တစ်ခုပါပဲ။

တစ်ခါတစ်လေ ပင်ပန်းလွန်းလို့ ရေတောင်မချိုးနိုင် ညစာတောင်မစားနိုင်ပဲ တန်းပြီးအိပ်ပျော်သွားခဲ့ပါတယ်။ မနက်ကျရင်တော့ ငါးနာရီပုံမှန်ထရတာပေါ့။ ဒါမှလည်း စာရေးသူတို့ အလုပ်က အချိန်မှီ Transport လုပ်နိုင်မှာလေ။အသက်ဆယ်ရှစ်နှစ် ဆယ့်ကိုးနှစ်အရွယ် လူငယ်တစ်ယောက်က မနက်မိုးလင်းတာနဲ့ Dyna 14 ပေ ကားရဲ့ခေါင်းခန်းကနေစီးပြီး စားသုံးသူ Customer တွေဆီ မိမိ company ရဲ့ Product တစ်ခုကို အချိန်မှီပို့ပေးနိုင်ဖို့ လူကြီးတစ်ယောက် နည်းတူ အလုပ်လုပ်ရပါပြီ။စာရေးသူဟာ Leader ဖြစ်တာကြောင့် စာရေးသူရဲ့ လက်အောက်က အလုပ်သမားတွေ အများကြီး ရှိပါတယ်။အကုန်လုံးက ကိုယ့်ထက်အသက်ကြီးတဲ့ အိမ်ထောင်ရှင် လူကြီးတွေဖြစ်ပါတယ်။ပြဿနာတွေစပါပြီ။ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်က လူကြီးတွေကို Leader လုပ်ရတဲ့အတွေ့အကြုံတွေ စတင်တွေ့ရပါပြီ။အတိုက်အခံတွေနဲ့ ကိုယ်ပြောရင် ပြောသလို ဖြစ်မလာတာတွေကအစ ပြဿနာတွေ ကြုံတွေ့ရပါပြီ။အလုပ်မှာ စာရင်းတွေမှားတာကအစ၊နောက်ဆုံး စက်ရုံကို အချိန်မှီမရောက်တာကအဆုံး၊ကားသမားတွေက ပညာပြတာခံရနဲ့ စာရေးသူ Manager ရဲ့ ဆူပူ ဆဲဆိုမှုတွေကို ခံခဲ့ရပါတယ်။

ကိုယ်ကလည်း လူငယ်မို့လို့လားတော့ မသိဘူး။ စိတ်ဆတ်တယ်လို့တော့ ကိုယ့်ကိုယ်ကို ထင်မိတယ်။တစ်ခုခုဆိုရင် ဒေါသထွက်တာကလည်း အားနည်းချက်တစ်ခုဖြစ်နေတယ်။ ဒီတော့ အောက်လက်ငယ်သား ဝန်ထမ်းတွေဖြစ်တဲ့ လူကြီးတွေနဲ့ အဆင်မပြေတာတွေဖြစ်လာခဲ့တယ်။စစချင်းမို့လို့ သူတို့က ပညာပြတာလဲ ပါမှာပေါ့။ဒါပေမဲ့ စာရေးသူရဲ့ အားသာချက်တစ်ခုကတော့ လူအပေါင်းအသင်းကောင်းတာပါပဲ။လူတစ်ယောက်ကို ကြည့်လိုက်တယ်။ ဒီလူဘာကြိုက်တတ်တယ်ဆိုတာတွေကို လိုက်လျောပြီး ပေါင်းသင်းတတ်တာကတော့ စာရေးသူရဲ့ အားသာချက်တစ်ခုပါ။ ဒီလိုနဲ့ စာရေးသူရဲ့ လုပ်ငန်းအဆင်ပြေဖို့နဲ့ ရေရှည်မှာ အကောင်းမွန်ဆုံးဖြစ်ဖို့ စာရေးသူရဲ့ လက်အောက်က ဝန်ထမ်းတွေကိုပေါင်းသင်းရပါပြီ။သူတို့အကြိုက်လိုက်ပြီး ပေါင်းတာရှိသလို ကိုယ့်အကြိုက်တွေ ပြောပြပြီးပေါင်းသင်းရတာလဲပါတာပေါ့။ဒီလိုနဲ့ပဲ စာရေးသူဟာ ရိုးရိုးမေဂျာ မြန်မာစာနဲ့ ဒဂုံ တကသိုလ်မှာ အဝေးသင် တက်ရောက်ခဲ့ပါတယ်။ဒါကတော့ ကိုယ့်ပညာရေးဆိုတော့ ဘွဲ့ရမှဖြစ်မယ်လေ။ ပထမနှစ် ကျောင်းပြီးတော့ ကြားထဲမှာ အားတဲ့အချိန်တွေရှိနေတယ်။အလုပ်ကြီးပဲ လုပ်နေလို့ကလဲ အဆင်မပြေ ပြန်ဘူးလေ။ကိုယ့်တက်လမ်းကိုလည်း တစ်ဖက်ကရှာရတာပေါ့။ဒါနဲ့ပဲ ကိုယ်ဝါသနာ IT နည်းပညာအတွက် သင်တန်းတွေ တက်ခဲ့ပါတယ်။

ပထမနှစ်ကျောင်းပြီးတယ် ကွန်ပျူ တာ Basic (ioffice2007) ကိုတက်ရောက်ခဲ့တယ်။ နောက်ထပ် အလုပ်လုပ် ရင်းနဲ့ပဲ ဒုတိယနှစ်ကျောင်းတက်ရမဲ့ အချိန်ရောက်တော့ ကျောင်းတက်ပြီး စာမေးပွဲပြီးတဲ့ အချိန်မှာ နောက်ထပ် Practical A+ ကိုတက်ရောက်ခဲ့တယ်။နောက်ထပ်ဒီလိုပဲ တတိယနှစ်ပြီးတဲ့ အချိန်မှာ Network Engineering သင်တန်းကိုတက်ခဲ့တယ်။ အဲ့ဒီနောက်မှာ Laptop လေးတစ်လုံးကို ပိုက်ဆံစုပြီး ဝယ်လိုက်တယ်။ သီချင်းဆိုတာ ကို ဝါသနာပါတဲ့ အနုပညာရှင်အနေနဲ့ ဂစ်တာတစ်လုံးတော့ ရှိသလို၊ အိုင်တီနည်းပညာကို ဝါသနာပါတဲ့ လူတစ်ယောက် အတွက်တော့ ကွန်ပျူ တာ တစ်လုံးဆိုတာရှိသင့်တယ်လေ။စာရေးသူဟာ ကိုယ်ဝါသနာပါတဲ့ နည်းပညာပိုင်းကို လေ့လာရင်း ဒီအလုပ်ထဲမှာပဲ ဒီလစာနှုန်းထားနဲ့ လုပ်ကိုင်နေထိုင်ခဲ့တာ သုံးနှစ်ရှိလာခဲ့ပါ တယ်။အဲ့ဒီအချိန်မှာ စာရေးသူဟာ company ရဲ့ ယုံကြည်မှု တစ်ခုကို ရရှိခဲ့ပါတယ်။ဘယ်လောက်တောင်လဲဆိုရင် စာရေးသူလုပ်တဲ့ Company ဟာ Transportation Contract အနေနဲ့ အမည်ခွဲတွေ အများကြီးနဲ့ လုပ်ကိုင်ခဲ့ပြီး အဲ့ဒီထဲကမှ စာရေးသူ လုပ်ကိုင်နေတဲ့ စာရေးသူတို့ အဖွဲ့ စည်းတစ်ခုဟာ စက်ရုံရဲ့ တင်ဒါ ရွေးချယ်ပွဲကနေ မပါဝင်ပဲ အဖြုတ်ခံခဲ့ရပါတယ်။အဲ့ဒီထဲကမှ စာရေးသူတို့အဖွဲ့ရဲ့ ဝန်ထမ်းတွေအများကြီး လျှော့ချပြစ်ခဲ့ရပါတယ်။ လူပျို လူလွတ်တွေ အလုပ်ပြုတ်တာ အကြောင်းမဟုတ်ပေမဲ့ အိမ်ထောင်သည်တွေအတွက်တော့ စိတ်မကောင်းစရာ အချိန်တွေဖြစ်ခဲ့ရပါတယ်။စာရေးသူလည်း ကိုယ့်အထုတ် ကိုယ်ထုတ်ပြီး အိမ်ပြန်ရတော့မယ်လေ။

ဒါပေမဲ့ ဖြစ်ချင်တော့ စာရေးသူရဲ့ ဦးလေးနဲ့ အဒေါ် နှစ်ယောက်စလုံးက အစိုးရဝန်ထမ်းဖြစ်တာကြောင့် တာဝန်နဲ့ နေပြည်တော်ကို ပြောင်းရွေ့ တာဝန်ထမ်းဆောင်နေကြပါတယ်။ဦးလေးဆီကို ဖုန်းဆက်တော့ နေစရာကို စီစဉ် ပေးတဲ့အတွက်ကြောင့် ကိုယ့်အတွက် လုပ်စရာမရှိတော့တဲ့ အလုပ်ကနေ ပြန်ဖို့ပြင်ဆင်ခဲ့ပါပြီ။ဒါပေမဲ့ ကိုယ့်ရဲ့ ကြိုးစားမှုလို့ပဲဆိုလေမလား၊ကုသိုလ်ကံလို့ပဲ ဆိုလေမလား စာရေးသူကို Company ရဲ့ အခြားအဖွဲ့ အစည်းတစ်ခု မှာတာဝန်ထမ်းဆောင်ပေးဖို့ သူဌေးကလျှော့ချပြစ်လိုက်တဲ့ ဝန်ထမ်းတွေမသိအောင် ကမ်းလှမ်းတော့ ကံမကောင်း သူတွေကြားထဲကနေ ကံထူးသူ မောင်ဖြစ်သွားပါလေရော။ ဒီလို ဖြစ်လာဖို့ အတွက်ကို စာရေးသူကို အာမခံ ပေးတာကတော့ စာရေးသူရဲ့ မန်နေဂျာပါ။ အဲ့ဒီအဖွဲ့ အစည်းတစ်ခုကလည်း သူဌေးနဲ့ တိုက်ရိုက်ဆက်သွယ်ရတဲ့ အဖွဲ့ အစည်းဖြစ်တော့ စာရေးသူဟာ သူဌေးယုံကြည်ရတဲ့ လူတစ်ယောက်အဖြစ် နေရာရခဲ့ပါတယ်။နောက်ဆုံး လှိုင်သာယာကို စာရေးသူရဲ့ နာမည်နဲ့ ဂိုထောင်ဝယ်ထားတဲ့ အနေထားထိတောင်ရခဲ့ပါတယ်။ ဒီလိုနဲ့ စာရေးသူဟာ ရိုးရိုးမေဂျာ မြန်မာစာနဲ့ (BA Myanmar) ဆိုတဲ့ ဘွဲ့ကိုရပါပြီ။ ဒီဘွဲ့ယူဖို့လည်း သူငယ်ချင်းတွေနဲ့ တိုင်ပင်ထား တာက ဓါတ်ပုံရိုက်မယ် ဘယ်သွားမယ် ဘာလုပ်မယ်နဲ့ပေါ့။တကယ်တမ်းဘွဲ့ယူရမဲ့ အချိန်ကျတော့ စာရေးသူ ကိုယ်တိုင် ဘွဲ့ ယူရမဲ့နေ့ကို မေ့နေခဲ့ပါတယ်။အဲ့ဒီနေ့ကလည်း မှတ်မှတ်ရရ Company ရဲ့ Product အတွက် Client တွေဆီကို Transport လုပ်ဖို့ ဘွဲ့ နှင်းသဘင်ခန်းမဘက်ကို ကားမောင်းရင်း ဖြတ်သွားတုန်း ဘွဲ့ဝတ်စုံ တွေနဲ့ လူတွေကို တွေ့ရတော့မှ သိရတယ်။

ဒီနေ့ဟာ စာရေးသူရဲ့ ဘွဲ့ယူရမဲ့နေ့ဆိုတာကို သိခဲ့ရပါတယ်။ ပြီးတော့မှ အလုပ်ထဲကဝန်ထမ်းတွေကို ပြန်ပြောပြ တော့မှ အားလုံးက တော်တော်ဆိုးတဲ့ကောင်လို့ မှတ်ချက်ပေးတာကို ခံလိုက်ရတယ်။ဒါက အဓိက မဟုတ်ပါဘူး။ နောက်မှ ဘွဲ့လက်မှတ်သွားထုတ်လည်း အဆင်ပြေသွားတာပဲ။ဒီဘွဲ့လက်မှတ်ကြီးကိုင် ဘွဲ့ဝတ်စုံတွေဝတ် ဓါတ်ပုံ တွေရိုက်ပြီး ငါကဘွဲ့ရပညာတတ်ကြီး ဘာကြီးဆိုပြီးလည်း ဂုဏ်ယူနေဖို့အတွက် အချိန်မပေးနိုင်ပါဘူး။ဘွဲ့မရပဲ အောင်မြင်မှုရနေတဲ့ သူတွေအများကြီးပဲလေ။ဒီဘွဲ့လက်မှတ်ကြီးရှိတော့မှ လူရာဝင်တယ်ဆိုတဲ့ မြန်မာနိုင်ငံ လုပ်ငန်းရှင်တွေရဲ့ ရှေးဆန်ဆန်အတွေးအခေါ်တွေကြောင့်သာ ဘွဲ့ရအောင်ယူလိုက်တဲ့ သဘောပါပဲ။ ဒါတွေပိုင် ထားမှပဲ ကိုယ်နောက်အလုပ်တွေအတွက် အဆင်ပြေမှာလေ။

စာရေးသူက ဘွဲ့ရပြီဆိုတော့ စာရေးသူရဲ့ နှောင်ရေးအတွက် စဉ်းစားရပြီလေ။ကိုယ်ဝါသနာပါတာ ကိုယ်ဖြစ်ချင်တာက IT သမားတစ်ယောက်၊ဒါပေမဲ့ ကိုယ်လုပ်နေတာက Transportation Leader တစ်ယောက် ဘာမှကို မဆိုင်တော့ပါဘူး။အဲ့ဒါကြောင့် လက်ရှိ လုပ်နေတဲ့ Transportation Leader အလုပ်ကိုထွက်ပြီး ကိုယ် ဝါသနာပါတဲ့ IT နည်းပညာနယ်ပယ်ကို အခြေချဖို့အတွက် အိုင်တီနဲ့ ပါတ်သက်တဲ့ company တွေမှာ အလုပ် လျှောက်ထားခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ စာရေးသူဟာ Web Deisgn (HTML,CSS,Javascript,Photoshop,Flash) နဲ့ Web Developer (PHP, Mysql) ကိုတက်ရောက်ပြီးစီးလို့ Web Developer အလုပ်ကိုလည်း လေ့လာသင်ယူ လုပ်ကိုင်လျှက်ရှိပါတယ်။Social Media ပိုင်းနဲ့လည်း အလုပ်တွေ လုပ်ကိုင်လျှက်ရှိသလို Blogger အဖြစ်လည်း IT နည်းပညာနဲ့ ပါတ်သက်တဲ့ နည်းလမ်းတွေ ဆောင်းပါးတွေ application & software တွေကို ရေးသားမျှဝေပေးလျှက်ရှိပါတယ်။

ဒီအကြောင်းအရာတွေဟာ စာရေးသူရဲ့ ဘဝတစ်စိတ်တစ်ဒေသ ကြိုးစားမှုကိုရေးသားဖော်ပြထားခြင်းဖြစ်ပါတယ်။ ဘာအတွက်လည်းဆိုရင်တော့ စာရေးသူတို့လို လူငယ်တွေမှာ ကြိုးစားမှုတွေရှိတယ် ဆိုတာကိုသိစေချင်ပါတယ်။ စာရေးသူတို့လို လူငယ်တွေမှာ လုပ်နိုင်စွမ်းရှိပါတယ်။ ဒီလူငယ်တွေကို မြေတောင်မြောက်ပေးဖို့ဆိုတာ လူကြီးတွေဆီမှာ အများကြီး တာဝန်ရှိပါတယ်။လူငယ်တွေကို လက်တွဲခေါ်ပေးပါ။ လူငယ်တွေမှာ အောင်မြင်လိုစိတ်ရှိပါတယ်။ဒါတွေကို သိစေချင်လို့ စာရေးသူရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ရေးသားဖော်ပြ ပေးလိုက်ခြင်းဖြစ်ပါတယ်။

စာရေးသူ မျှဝေနေတဲ့ Blog နဲ့ Website တွေကတော့ www.myanmarict.wpengine.com , www.winkabarkyaw.net , www.maungpauk.org , www.saithu102.blogspot.com , www.thefreenote.com , www.myanmarebookstore.blogspot.com နှင့် စာရေးသူရဲ့ ကိုယ်ပိုင် blog တွေဖြစ်တဲ့ www.mmitknowledge.com , www.itstudier.blogspot.com တို့အပြင် Facebook Fan Page တွေမှာလည်း ပြန်လည်မျှဝေပေးလျှက်ရှိပါတယ်။

Aung Ko Htet

Facebook : www.facebook.com/bloggeraungkohtet

Email : [email protected]

website : www.mmitknowledge.com

Leave a Reply

Your email address will not be published. Required fields are marked *