Health, Opinion

ညီလေးတို့ အစ်ကိုကြီးတို့ရေ…

iheartamicute.blogspot.com

ဒီခေါင်းစဉ်လေးကို မြင်လိုက်တာနဲ့ စာဖတ်သူတို့ အ့ံသြသွားလိမ့်မယ် ထင်ပါသည်။ ဖတ်ဖူးသမျှ ဂျာနယ် မဂ္ဂဇင်းတိုင်းတွင် ‘ညီမလေးတို့ သိဖို့ …’ ‘သမီးတို့အတွက် သိမှတ်ဖွယ်ရာ…’ အစရှိသည့် ခေါင်းစဉ်များဖြင့် အမျိုးသမီးလူထုအတွက် ကျန်းမာရေး ပညာပေး ဆောင်းပါးများစွာကို တွေ့ရမြဲဖြစ်ပါသည်။ စာဖတ်ပရိသတ်များတွင် အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေတို့သည် သက်ဆို်င်ရာစာစောင်ကို အစဉ်အမြဲ ဖတ်ရှုအားပေးသူအများစုမှာ အမျိုးသားအင်အားစု ဖြစ်မည်ဆိုသည်မှာ သေချာနေသဖြင့် ဤခေါင်းစဉ်သည် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္႑အတွက် အရေးပါသော အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဖြစ်ပေလိမ့်မည်ဟု ယုံကြည်မိပါသည်။

ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှု ကဏ္႑သည်လည်း အရေးပါသော ကဏ္႑တစ်ရပ် ဖြစ်သည်။ အစိုးရ၀န်ထမ်း ဆရာ၀န်တစ်ဦးအနေဖြင့် ဆေးရုံတွင် တာ၀န်ချိန်၌ တာ၀န်ထမ်းဆောင်ပြီးသည့်အချိန်တွင် မြို့ စွန်နေရာလေး တစ်နေရာ၌ ကိုယ်ပိုင်ဆေးခန်းလေးတစ်ခု ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးရပါသည်။ နှာစေး၊ ချောင်းဆိုးမှအစ ရောဂါမျိုးစုံ၊ ကျန်းမာရေးပြဿနာမျိုးစုံကို ကူညီဖြေရှင်းပေးရတတ်ပါသည်။ လက်လုပ် လက်စား လူတန်းစားမှအစ လူကုံတန် လူချမ်းသာများအထိပါ လူဖြူ လူမည်းမရွေး ကူညီပေးရပါသည်။

လူ့အလွှာ အတန်းအစားအလိုက်၊ နေထိုင်မှု အမူအကျင့်စရိုက်အပေါ် မူတည်၍ ရောဂါကွဲလွဲတတ်သည်များ ရှိသကဲ့သို့ မည်သည့်အလွှာအတန်းအစား မဆို ဖြစ်တတ်သော ရောဂါများလည်း ရှိတတ်ပါသည်။ ‘မ’တို့ သဘာ၀ ‘မ’တို့ ဘ၀အရ တွေ့ကြုံရတတ်သော သွေးသားဓမ္မတာ အပြောင်းအလဲ ဖြစ်စဉ်များနှင့် ‘ကျား’တို့ သဘာ၀ ‘ကျား’တို့ ဘ၀ကိုတော့ ပြောပြမှ သိရပေမည်။ မပြောမပြီး၊ မတီးမမြည် ဆိုသကဲ့သို့ ဤသို့ မဖွင့်ဟလျှင် ကိုယ်တိုင်ကြုံမှ ဒုက္ခလှလှနှင့် တွေ့နေရပါမည်။ အဘယ်ကြောင့်ဆိုသော် ကျားဟူသည် ကျားစိတ်ရှိသည် မဟုတ်ပါလော။

ယခုအချိန်အထိ စာဖတ်သူ မိတ်ဆွေတို့ စာရေးသူ ဘာကိုဆိုလိုသည်ကို သိချင်မှ သိပေဦးမည်။ ရပ်ကွက်၏ လူအစည်ကားဆုံးနေရာတွင် ဖွင့်လှစ်ထားသော ဆေးခန်းဖြစ်သည်နှင့်အညီ ဆေးခန်းနှင့် ပတ်၀န်းကျင်သည် လူရှင်းရန် ခဲယဉ်းလှသည်။ ဆေးခန်းပြသူ အများစုမှာလည်း အမျိုးသမီးဖြစ်သည်နှင့်အညီ အမျိုးသားတို့မှာ ၄င်းတို့၏ ကျန်းမာရေး ပြဿနာအချို့ကို တိုင်ပင် ဆွေးနွေးရန် လူရှင်းသည်အထိ အချိ်န်ယူ၍ စောင့်ရတတ်သည်။ ယနေ့လည်း မြို့ထဲမှ ကိုဖိုးချို (အမည်လွှဲ) တစ်ယောက် ဆေးခန်းရှေ့တွင် ရစ်သီရစ်သီ လုပ်နေသည်။ အလှည့်ကျ၍ ၀င်ခိုင်းသော်လည်း မ၀င်သေးဘဲ နောက်မှ ရောက်လာသော အမျိုးသမီးများကို ဦးစားပေး ၀င်ခိုင်းနေပြီဆိုကတည်းက ရိပ်မိသည်။ လျှို့ ၀ှက် အပ်သည့် ကိစ္စတော့ ရှိနေပြီ။

လူရှင်းသလောက်ရှိ၍ ဆေးခန်းပိတ်ခါနီး အချိန်တွင်မှ ‘‘ဆရာ၊ ဆရာနဲ့ တိုင်ပင်စရာလေးရှိိလို့ပါ ဆရာ’’ ‘‘ပြော ကိုဖိုးချို၊ ခင်ဗျား စောင့်နေတာ ကြာပြီပဲ’’ ‘‘ဟုတ်ပါတယ် ဆရာ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ တစ်နေ့က သူငယ်ချင်းတစ်အုပ်နဲ့ ညဘက်စားကြသောက်ကြရင်း အဖော်တွေ ဆွယ်တာနဲ့ မကောင်းတဲ့ မိန်းမနဲ့ အတူ နေဖြစ်ခဲ့တယ် ဆရာ’’ ယောကျာၤးတို့၏ အမူအကျင့်ကား အပေါင်းအသင်း မင်သည်။ မကောင်းမှုတွင် ပျော်သည်။ ကောင်းတာလုပ်ဖို့ အခါခါ တိုက်တွန်းရသော်လည်း မကောင်းတာလုပ်ဖို့ နှစ်ခါ မခေါ်ရ။ ခေါ်မည့်သူကိုပင် လမ်းဆုံမှ စောင့်နေတတ်ကြသည်။ ‘‘ငိုချင်လျှက် လက်နဲ့တို့’’ဟု ပြောရမလိုပင်။

‘‘အဲဒီတော့’’ ကျွန်တော် စကား ဆက်လိုက်တော့ ‘‘အခု ကျွန်တော်ဆီးသွားရင် နို့နှစ်တွေလို ပြစ်ပြစ်တွေ ထွက်လာတယ်။ ကျွန်တော်လဲ တစ်ခါမှ မလိုက်စားဘူးပါဘူး ဆရာ’’ ဒီတစ်ခါတည်းပဲ ထိုတစ်ခါတည်းဆိုသူများလည်း ကြောက်ရသည်။ ‘‘ခင်ဗျား အကာအကွယ်ပစ္စည်း (condom) မသုံးဘူးလား’’ ‘‘ ဟုတ်တယ် ဆရာရယ် ကျွန်တော်လည်း မူးမူးနဲ့ လူမှန်း သူမှန်းမသိ ဖြစ်သွားတယ်။ ဒါပေမယ့် ဆရာ ကျွန်တော့် ကောင်မလေးက အခုမှ အသစ်တဲ့’’ ထိုအသစ်ဆိုသူများ ပိုပင်ကြောက်ရသည်။ ဤလောကတွင် အသစ်ဆိုသူ မရှိ။ တစ်ချို့က ပြောကြသေးသည်။ ဈေးကြီးပေးရတာ သန့်သန့်လေးပဲ ဟူ၍။ အသစ် မရှိသလို၊ အသန့်လည်း မရှိပေ။ ထို့ကြောင့်လဲ ယခု ရောဂါ ဖြစ်လာပြီ မဟုတ်လော။

‘‘ကိုဖိုးချို ခင်ဗျား ပွင့်ပွင့်လင်းလင်းပြောတာ ကောင်းပါတယ်။ ခုဖြစ်တာက လိင်မှတဆင့် ကူးဆက်တတ်တဲ့ လူသိများတဲ့ ‘‘ဂနို’’ Gonorrhea ရောဂါပဲ။ အခုက ဆီးပြွန်ထဲ ရောင်ရမ်း ပြည်တည်နာ ဖြစ်တာ။ ဒါက ဆေးသောက်လိုက်ရင် ပျောက်နိုင်တယ်။ အဓ်ိက ကြောက်ရတာက သူ့တင်မကဘဲ အခြား ကူးဆက်ရောဂါပိုးတွေ၊ ဥပမာ ကာလသားရောဂါ Syphilisတွေ၊ အေ ကိုက်တယ်လို့ လူသိများတဲ့ ခုခံအားကျဆင်းမှု ရောဂါပိုး (HIV)တွေ ကူးမှာ ကြောက်ရတာ။ ခင်ဗျားက လူပျိုကြီးဆိုတော့ မိန်းမ ယူမှာပဲ။ မယူခင် ကိုယ်လဲစိတ်ရှင်း သူများကိုလဲ ဒုက္ခ မဖြစ်စေရအောင် ရောဂါပိုးလေးတွေ ရှိမရှိ သွေးစစ်ကြည့်ပါလား’’

‘‘ဟာ မစစ်ပါရစေနဲ့ ဆရာရယ်။ ဖြစ်ချင်တာ ဖြစ်ပါစေ ကြို မသိချင်ဘူး’’ ‘‘ဒါလဲ မဟုတ်သေးဘူးဗျ၊ ကြိုသိတော့ ကြို ကုလို့ရတာပေါ့။ ကြို ကုတော့ သက်ဆိုးရှည်တာပေါ့။ ဖြစ်ပြီး နောက်ကြောင်း ပြန်လှည့်လို့ မရတော့ပေမယ့်၊ နောက်ဖြစ်မှာကို ကြို ကာကွယ်လို့ ရတယ်လေဗျာ’’

‘‘နောက်… တစ်ခု မှာချင်တာက နောင်ကို ဒါမျိုးကိစ္စ မလွဲမရှောင်သာ ကြုံတွေ့ခဲ့ရင်တောင် ‘‘condom’’လေးတော့ သုံးပါဗျာ။ ကျွန်တော် အမြဲတမ်း ပညာပေး ပြောကြားလေ့ရှိသော စကားပင်။ ကျား တို့ သဘာ၀ကား ရံဖန်ရံခါ ထိန်း၍ မရ။ ပဲ့ပြင်၍ မရ။ ဖြောင့်မတ်ပေးရုံသာ ရှိသည်။ ထိုကိစ္စ လုံး၀ မလုပ်မိလျှင် အကောင်းဆုံး။ သို့သော် ဆယ်ကွေ့တစ်ကွေ့ ကြုံတွေ့မည်ဆိုလျှင်ဟု စကားခံ ထားရသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် တွေ့ဖူးသော လူနာတိုင်းလိုလိုပင် ‘‘စိတ်ချပါ ဆရာ၊ ကြောက်သွားပါပြီ။ နောက်ကို ဘယ်တော့မှ ဒီလိုအဖြစ်မျိုး မဖြစ်စေရပါဘူး’’ဟု ကတိတွေ တစ်လှေကြီး ပေးသွားသူများပင်။ သို့သော် ‘‘ခွေးမြီးကောက် ကျည်တောက်စွပ်’’ ကြားဖူးကြသည် မဟုတ်လော။

တစ်ချို့ဆိုလျှင် ဆရာ၀န်ကို လာ လိမ်တတ်ကြသေးသည်။ အထူးသဖြင့် အိမ်ထောင်ရေး ဖောက်ပြန်သူများ၊ မိမိ ဇနီးအပေါ် သစ္စာမဲ့သူများသည် ဇနီးရှေ့တွင် အဖြစ်မှန်ကို မပြောရဲကြ။ ထိုအခါ အခက်ကြုံရသည်က ဆရာ၀န်။ ဘာလုပ်ခဲ့လို့ ဘာဖြစ်သည်ကို သိနေသည်။ ထို့အတွက် ဆေးကုခံရမည့်သူမှာ လင်မယား နှစ်ဦးစလုံး။ သို့သော် မယားဖြစ်သူ ရိပ်မိမှာဆိုး၍ မိ်န်းမအား မကုစေချင်။ မိန်းမကို မကုခဲ့လျှင် ရောဂါပိုးသည် ထိုအမျိုးသားမှတစ်ဆင့် ကူးပြီးဖြစ်မည်။ ယောကျာၤးကို ဆေးကုပြီးသော်လည်း ‘‘ကိုယ့်မယားပဲ ဘာမှ ကာကွယ်စရာ မလိုပါဘူး’’ဟု နေလျှင် ပြန်ကူးမည်။ ထိုိမှ သံသရာ လည်မည်။ နာတာရှည် (chronic )အထိ ဖြစ်သွားစေမည်။

လွန်ခဲ့သော လေးနှစ်ခန့်က အမျိုးသား တစ်ဦးဆိုလျှင် လူကြီးလူကောင်းဟန်ပန်နှင့် မယားဖြစ်သူရှေ့တွင်မူ ‘‘ဆရာရယ် ကျွန်တော်က ငယ်ငယ်ကတည်းက ကျောက်ကပ်အား မကောင်းဘူး’’ဟူ၍ သူ၏ ဖြစ်စဉ်ကို ဖုံးဖိကာ ဘာမှ မကျူးလွန်ခဲ့ ဟန်ဆောင်ခဲ့သည်။ တစ်ခါတုန်းကလည်း ‘‘ကျွန်တော်က အိမ်မှာ အိုက်လို့ ဆရာရယ်၊ ကွပ်ပျစ်မှာ ဖျာခင်းပြီး အိပ်တာ ဖျာစဆူးသွားလား၊ ဝါးစ ထိုးသွားလား မသိပါဘူး။ ခုလို ပြည်တွေ ထွက်လာတော့တာပဲ’’ဟူ၍ ဟုတ်နိုင်သယောင်ယောင် ပြောသွားဖူးသည်။

ဆရာ၀န်ကောင်း တစ်ဦးအနေဖြင့် လူနာအလို လိုက်ကာ မသိကျေးကျွန် ပြုလိုက်မည်ဆိုပါက ထိုသူ၏ ရှေ့ရေးအပြင် တစ်မျိုးသားလုံးကိုပါ ထိိခိုက်နိုင်သဖြင့် အမှန်ကို ထောက်ပြပြီး ကာကွယ်တတ်အောင် သင်ကြားပေးရသည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် စွမ်းသည် မဟုတ်လော။ ‘‘တစ်ခါတုန်းကလည်း ဒီလိုပဲဗျာ’’ဟူ၍ လူနာကို ရောဂါ၏ အတိမ်အနက် သိရှိအောင်၊ဆင်ခြင်နိုင်အောင်
စကားဖောင်ရသည်။ ခင်ပွန်းကို ယုံသော မြန်မာအမျိုးသမီးတို့ကား ‘‘ဆရာရယ် သူကလေ သူ့အတွင်းခံ သူလျှော်ရတာ၊ အဲဒါ မသန့်လို့ ဒီလို ဖြစ်ရတာပါ၊ တခြား မဟုတ်ပါဘူး’’ဟူ၍ ရှေ့နေလိုက် ကာကွယ်ပေးတတ်သလို ‘‘ကျွန်တော်က သူများ ဘောင်းဘီကို ယူ၀တ်လိုက်မိလို့ အဲလို ဖြစ်ရတာပါ’’ဟူ၍ ပြောတတ်သူများလည်း ရှိကြသည်။ ဆေးစစ်ပါဟု အယောက် (၁၀၀) တိုက်တွန်းလျှင် (၂၀) လောက်သာ စစ်ကြသည်။ ထို့အတူ ဆေးကုပေးလိုက်၍ ပျောက်ကင်းသွားလျှင်လည်း ‘‘အို ဘာဖြစ်လဲ ထပ်ဖြစ်ရင် ထပ်ကုတာပေါ့’’ဟု လွယ်လွယ် ခံယူမိမှာ စိုးမိသည်။

အကျဉ်းချူပ် ပြန်ပြောရလျှင် Gonocaccal Urethritis ‘‘ဂနို’’ ရောဂါသည် STD (Sexually Transmitted Disease, လိင် မှတစ်ဆင့် ကူးစက်သောရောဂါ) ဖြစ်သည်။ အခြားနည်းဖြင့်် ဤနေရာသို့ ရောဂါ မရောက်နိုင်။ ထို့အပြင် ‘မ’ ဝါသနာ ‘မ’ လိုက်စားသူများအဖို့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ရှောင်ပါ။ မူးနေ၍ မသိလိုက်ဟု မရှိပါစေနှင့်။ ရောဂါဖြစ်လျှင် ချက်ချင်းကုသမှု ခံယူပါ။ အိမ်ထောင်ဖက်ကိုပါ တပြိုင်နက် ဆေးကုသမှု ခံယူပါ။ မိမိကိုယ်ကို စောင့်ရှောက်ခြင်းသည် မိသားစုသာမက တစ်ကမ်ဘာလုံးကိုပါ စောင့်ရှောက်ခြင်း ဖြစ်ခြင်းကြောင့် အန္တရာယ်ရှိသော၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ကြပါဟု ညီလေး (သို့) အကိုကြီးတို့အား သတိပေး ရေးသားလိုက်ရပါတော့သည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *