နိုင်ငံတော်တော်များများက တက္ကသိုလ်ကျောင်းသားအများစုဟာ တက္ကသိုလ်နှစ်အစမှာ လုပ်လေ့လုပ်ထရှိတာ တစ်ခုရှိကြတယ်။ အဲဒါကတော့ သူတို့ရဲ့ကားတွေနဲ့ သူတို့တက်ရမယ့် ကျောင်းရဲ့ ကျောင်းသားအိပ်ဆောင်တွေဆီကို ချီတက်ကြမယ်၊ ဒါမှမဟုတ် နှစ်အစမှာ သူတို့ရဲ့တိုက်ခန်းတွေကို တစ်နှစ်လုံးနေဖို့ရာ စိတ်ကြိုက်ပြင်ဆင်ကြမယ်။ အဲဒီအချိန်တွေမှာ သူတို့ရဲ့မိဘတွေကို နွေးထွေးတဲ့ထွေးပွေ့ခြင်းတွေနဲ့ နှုတ်ဆက်ကြပါတယ်။ တက္ကသိုလ်တစ်ခုရဲ့ အတွေ့အကြုံဆိုတာ ငယ်ရွယ်တဲ့လူငယ်တွေကို သူတို့အလုပ်ဆင်းတဲ့အခါမှာ သက်မွေးပညာမှာကော၊ ပေါင်းသင်း ဆက်ဆံရေးမှာကော အားလုံးကို အသင့်အနေအထားဖြစ်အောင် လေ့ကျင့်ပေးတဲ့ ကျောင်းတစ်ခု ဖြစ်ပါတယ်။ တစ်ချို့တက္ကသိုလ်တွေဆိုရင် အိမ်ရဲ့ပုံစံမျိုး အနေအထားဖြစ်အောင်ကို တမင်တကာ ဖန်တီးပေးတတ်ကြပြီး ကျောင်းသားကိုပျော်အောင် ထားတတ်ကြပါတယ်။
တက္ကသိုလ်မှာ ဘာသာရပ်ပေါင်းစုံရှိပြီး ကျောင်းသားတွေအနေနဲ့ ကြိုက်နှစ်သက်ရာ ဘာသာရပ်ကို module အလိုက် semester တွေအမျိုးမျိုးတက်ရပါတယ်။ သို့ပေမယ့်လို့ Computer Science ဘာသာရပ်မှာတော့ boys club လို့ပြောရလောက်အောင်ကို မိန်းကလေးနည်းပါတယ်။ တစ်ခါတစ်လေ မိန်းကလေး တစ်ယောက် တစ်လေတောင် မပါတတ်ပါဘူး။ စစ်တမ်းအရတော့ ကွန်ပျူတာသိပ္ပံပညာ ဘာသာရပ်မှာ ဘွဲ့ရတဲ့အမျိုးသမီး ရာခိုင်နှုန်းဟာ ၁၈ ရာခိုင်နှုန်းပဲရှိပါတယ်။ ဒီရလဒ်မှတ်တမ်းဟာ အခုမှ မဟုတ်ပါဘူး။ ၁၉၈၅ ခုနှစ်တုန်းက ကောက်ယူတဲ့စစ်တမ်းမှာလည်း အမျိုးသမီး ရာခိုင်နှုန်း ၃၇ လောက်ပဲ ကွန်ပျူတာသိပ္ပံပညာ ဘာသာရပ်မှာ ဒီဂရီရရှိကြပါတယ်။ ၁၀ စုနှစ်လောက်ကြာပြီးနောက်ပိုင်းမှာတော့ ကွန်ပျူတာသိပ္ပံပညာဟာ ပိုပြီး အရေးကြီးလာပြီး အလုပ်တွေထဲမှာဆိုရင်လည်း လစာထိပ်ဆုံးက ရရှိလာကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ယနေ့လူသားတွေ လည်ပတ်နေတဲ့ ကမ္ဘာကြီးရဲ့ စနစ်တော်တော်များများဟာ software-driven လို့ခေါ်တဲ့ ဆော့ဝဲလ်စနစ်တွေ တွင်တွင်သုံးလာလို့ ဖြစ်ပါတယ်။ နောက်လည်း ပိုများလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခုအချိန်ထိတော့ အမျိုးသမီး အများစုက ကွန်ပျူတာသိပ္ပံပညာ လေ့လာမှုအား နည်းနေပြီး ထူးချွန်သူလည်း အရမ်းနည်းလွန်းနေပါတယ်။
ဘာလို့ ယောက်ျား၊ မိန်းမ ခွဲပြီး လေ့လာနေကြတာလဲ?
ကွန်ပျူတာသိပ္ပံပညာရပ်ဟာ သိပ္ပံပညာပိုင်း၊ အင်ဂျင်နီယာနဲ့ သင်္ချာဘာသာရပ် ပိုင်းတွေ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ အဲဒီဘာသာရပ်တွေမှာ အမျိုးသမီးတွေ ဘွဲ့ရတဲ့ ရာခိုင်နှုန်းဟာ ကျဆင်းလာတာ ၂၀၀၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ဝန်းကျင်ကတော့ ကွန်ပျူတာသိပ္ပံပညာရပ်မှာ အမျိုးသမီးများ ဘွဲ့ရတဲ့ရာခိုင်နှုန်းဟာ နည်းနည်းတက်လာခဲ့ပါတယ်။ သို့ပေမယ့်လည်း အမျိုးသားများနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ အတော်ကိုနှုန်းနှိမ့်နေပါသေးတယ်။ ကွန်ပျူတာသိပ္ပံပညာရပ်ကို လေ့လာတဲ့သူ ကျောင်းသားဦးရေဟာ တက်လိုက်ကျလိုက်ဖြစ်နေတယ်လို့ အလုပ်သမား အခွင့်အလမ်းများကို စစ်တမ်းကောက်ယူတဲ့ အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဒီပညာရပ်ကို သင်ယူမှုဟာ တစ်နေ့တစ်ခြား တိုးပွားလို့လာပါတယ်။ ဒါဟာ ဘာလို့လည်းဆိုတော့ ကွန်ပျူတာသိပ္ပံပညာရပ်ဟာ တစ်ခြားအလုပ်များနဲ့ နှိုင်းကြည့်မယ်ဆိုရင် လစာကောင်းသော အလုပ်တစ်ခုဖြစ်ပါတယ်။ ယနေ့အချိန်ခါမှာ အမျိုးသားများကော အမျိုးသမီးများပါ ဒီဘာသာရပ်ပိုင်းကို လိုက်ကြပါတယ်။ ဒီနှစ်ဝန်းကျင်းအတွင်းမှာတော့ ဒီပညာရပ်ကို လေ့လာသူ အမျိုးသားရဲ့ အချိုးဟာ အမျိုးသမီးများထက်စာရင် တိုးပွားလို့လာနေပါတယ်။
ဒါဟာ ဘာလို့လည်းဆိုတော့ အမျိုးသမီးများဟာ ထုံးစံအတိုင်းလစာနည်းနည်းပဲရပြီး စိတ်ကျေနပ်မှုပေးနိုင်သော အလုပ်များဖြစ်တဲ့ စာသင်ကြားခြင်းနဲ့ သတင်းထောက်လို အလုပ်များကိုသာ ရွေးချယ်တတ်ကြလို့ ဖြစ်ပါတယ်။ သတင်းထောက်လို အလုပ်တွေမှာတော့ အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်ဟာ အမျိုးသားများနဲ့ တန်းတူ လုပ်နိုင်ကြပြီး တစ်ချို့တစ်လေကတော့ အမျိုးသားများကိုတောင် ကျော်လွန်လို့နေပါတယ်။ ရံဖန်ရံခါတော့ အမျိုးသမီးများကို လစာမြင့်တဲ့အလုပ်တွေဖြစ်တဲ့ ကွန်ပျူတာသိပ္ပံပညာနဲ့ ဆိုင်တဲ့အလုပ်တွေနဲ့ အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းခွင်တွေမှာ တွေ့ရပါတယ်။ အိမ်သုံးကွန်ပျူတာရယ်လို့ ဖြစ်လာခဲ့တာဟာ ၁၉၈၀ လောက်ကဖြစ်ပါတယ်။ အဲလိုအိမ်သုံးဖြစ်လာပြီးနောက်မှာ အသုံးပြုသူအများစုက အမျိုးသားတွေ ဖြစ်ပါတယ်။ အမျိုးသားသိပ္ပံအဖွဲ့က ထုတ်ထားတဲ့စစ်တမ်းအရဆိုရင် ၁၉၈၅ လောက်က ကွန်ပျူတာအသုံးပြုသူများထဲတွင် အမျိုးသားများကသာ ပိုပြီးသဘောတွေ့တာကို တွေ့ရပါတယ်။ ၅၅ ရာခိုင်နှုန်းသော အရွယ်ရောက် အမျိုးသမီးများကတော့ တစ်ပတ်တစ်ခါတောင် ကွန်ပျူတာ အသုံးပြုလေ့ မရှိကြပါဘူး။
ဒါဆို ကွန်ပျူတာဟာ အမျိုးသားများအတွက် စက်ပစ္စည်းလား? မဟုတ်ပါဘူး၊ ဒါကို Apple က သက်သေပြခဲ့တာပါ။ ဘယ်သူမဆို စီးပွားရေးနဲ့ စာရင်းဇယား နယ်ပယ်မှာ အသုံးဝင်သော ကွန်ပျူတာကို Apple ကအစပြုခဲ့ပါတယ်။ ဒါကြောင့် အမျိုးသား၊ အမျိုးသမီးမရွေး အဲဒီနယ်ပယ်က အလုပ်သမားတွေကတော့ ကွန်ပျူတာကို သုံးကြမှာပါ။ အခြားအချက်တွေကတော့ ကျောင်းပညာရေးမှာ ကျွမ်းကျင်သူတွေကို အင်တာဗျူးခဲ့တဲ့ မှတ်တမ်းအရတော့ အမျိုးသမီးများဟာ စက်ရုပ်တွေနဲ့ ကစားရတာထက် ချစ်စရာ အရုပ်ကလေးတွေနဲ့ ကစားရတာကို ပိုပြီးစိတ်ဝင်စားကြပါတယ်။ တစ်ချို့သော အမျိုးသမီးများရဲ့ရင်ထဲမှာ နည်းပညာလောကဟာ အမျိုးသားများသာ လွှမ်းမိုးနေတယ်လို့ ခံစားရတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကြီးမားသော နည်းပညာကုမ္ပဏီတွေမှာ ထမ်းဆောင်နေတဲ့ ဝန်ထမ်းအများစုဟာ အမျိုးသားတွေ ဖြစ်လို့နေပါတယ်။ ဆီလီကွန် ဗယ်လီထဲမှာ ရှိတဲ့ တကယ့်အင်အားကြီးထိပ်တန်း နည်းပညာတွေ ကုမ္ပဏီတွေဖြစ်တဲ့ Facebook, Google, Twitter and Apple စတဲ့ ကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ၇၀ ရာခိုင်နှုန်းဟာ အမျိုးသားတွေသာ ဖြစ်ပါတယ်။ Twitter မှာဆိုရင် အမျိုးသမီး နည်းပညာ လုပ်အားစုဟာ ၁၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။
Anita Borg ကျောင်းရဲ့ CEO ဖြစ်တဲ့ တယ်လီ ဝှစ်တ်နေးဟာ ၁၉၈၇ မှာ Anita Borg ကွန်ပျူတာသိပ္ပံပညာရှင် တွေက နည်းပညာနယ်ပယ်မှာ အလုပ်လုပ်နေတဲ့ အမျိုးသား၊ အမျိုးသမီး အချိုးကို ညီစေဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ သူမဟာ ကွန်ပျူတာသိပ္ပံပညာရပ်မှာ ဒေါက်တာဘွဲ့အထိကို ဆည်းပူးခဲ့တာဖြစ်ပြီး ဒီလိုပြောခဲ့ပါတယ်။ “Caltech မှာ ကျွန်မ phd ရအောင် လုပ်ခဲ့တယ်၊ အဲဒီကို ကျွန်မ စရောက်ချိန်က အမျိုးသမီး အရေအတွက်က ၁၄ ရာခိုင်နှုန်း လောက်ပဲရှိပါတယ်။” လို့ ဝှစ်တ်နေးက အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။
တစ်ချို့ကျောင်းတွေက ဂရိတ်ကောင်းကြတယ်
ယောက်ျား၊ မိန်းမ ကွာခြားတဲ့ သင်ကြားမှုဟာ သူတို့ငယ်ရွယ်ချိန်တည်းက စတင်ပါတယ်။ လွန်ခဲ့တဲ့နှစ်က အထက်ကကျောင်းက ကွန်ပျူတာသိပ္ပံပညာရပ် စာမေးပွဲဖြေဆိုတဲ့ ကျောင်းသား သုံးသောင်းထဲမှာ အမျိုးသမီးအရေအတွက်ဟာ အယောက် ၆၀၀၀ တောင်မပြည့်ပါဘူး။ လော့စ်အိမ်ဂျလိစ်မြို့ရဲ့ အနီးနားက ဟာဗေး မတ်ဒ် ဆိုတဲ့ သီးခြား ကောလိပ်ကတော့ ကွန်ပျူတာသိပ္ပံပညာရပ်ကို အမျိုးသမီးများအတွက်ကိုအထူး သင်ကြားပေးတာ ဖြစ်တဲ့အတွက် အဲဒီကောလိပ်မှာတက်တဲ့ အမျိုးသမီး ရာခိုင်နှုန်းမှာ ၄၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဟာဗေးမှာ ကွန်ပျူတာသိပ္ပံပညာရပ်ကို အတန်းတစ်ခုတည်းမှာတင် အပိုင်း ၃ ပိုင်းလောက် ခွဲထုတ်ထားပါတယ်။ အခုဆိုရင် အဲဒိအတန်းကို beginning, intermediate and advanced လယ်ဗယ်တွေဆိုပြီး ပိုင်းခြားလိုက်တဲ့အတွက် ကျောင်းသားတစ်ယောက်ချင်းစီဟာ အတွေ့အကြုံမတူညီတဲ့ တစ်ခြား ကျောင်းသားတွေဆီကနေ သင်ယူဖို့၊ လေ့လာဖို့ လွယ်ကူပါတယ်။ အတန်းငယ်မှာကတည်းက ကုဒ်ဒင်းကို အကျွမ်းတဝင်ရှိခဲ့တဲ့ ကျောင်းသားတွေရဲ့ လွှမ်းမိုးမှုတွေလည်း မခံရတော့ဘူးပေါ့။
ဟာဗေးက ပထမနှစ်ကျောင်းသားတွေကို ဂရူစိုက်တဲ့အနေနဲ့ အနီတာ ဘော့ဂျ် ကျောင်းကကျင်းပတဲ့ ကမ္ဘာမှာ အကြီးမားဆုံး အမျိုးသမီး နည်းပညာပွဲတော်ကြီးကိုလည်း ရောက်အောင် ခေါ်သွားလေ့ရှိပါတယ်။ အဲဒီဆွေးနွေးပွဲ တွေကနေ အမျိုးသမီးတွေကို တစ်ခြားနည်းပညာရှင် အမျိုးသမီးတွေနဲ့ တွေ့ဖို့ အခွင့်အလမ်းတွေလည်း ဖြစ်စေပါတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင် ကွန်ပျူတာသိပ္ပံပညာကို လေ့လာနေတဲ့ ကျောင်းသားအသစ်တွေ အတွက်လည်း နမူနာယူဖွယ် ပညာရှင်တွေကို တွေ့ရှိနိုင်ပါတယ်။ ဘာ့ခ်ကလေးက ကယ်လီဖိုးနီးယား တက္ကသိုလ်မှာလည်း ဒီနှစ် ကွန်ပျူတာသိပ္ပံပညာဘာသာရပ်မှာ သင်ယူတဲ့ အမျိုးသမီးအရေအတွက်ဟာ ပထမဆုံးအနေနဲ့ အမျိုးသားများထက် သာတာကို တွေ့ရပါတယ်။ အသစ်ပြန်ဆွဲထားတဲ့ သင်ရိုးအသစ်တွေဟာ အမျိုးသမီးတွေ အတွက်ရည်ရွယ်ပြီး တမင်ထုတ်ထားတာတော့ မဟုတ်ပေမယ့်လို့ လက်ချာတွေမှာဆို အတန်းတိုင်းရဲ့ ပထမပိုင်းမှာပင် ပေါ်ပျူလာဖြစ်တဲ့ နည်းပညာ အကြောင်းတွေကို ပြောဆိုဆွေးနွေးရတာတွေ အပါအဝင် ဦးနှောက်ကို များများခိုင်းစေရတဲ့ လေ့ကျင့်ခန်းတွေလည်း အများကြီးပါဝင်လာပါတယ်။ ဘာ့ခ်ကလေးမှာဆို အတန်းရဲ့နာမည်ကိုတောင် “Introduction to Symbolic Programming” ကနေ “ The Beauty and the Joy of Computing” လို့ နာမည်ပြောင်းထား ကြပါတယ်။ ဒါကြောင့် တစ်ချို့ကွန်ပျူတာ အတန်းတွေမှာဆို အမျိုးသမီးတွေ ပြည့်ကြပ်နေတာကို တွေ့ရပါတယ်။
ယဉ်ကျေးမှု အကူးအပြောင်း
ကွန်ပျူတာသိပ္ပံပညာကို လေ့လာမှုမှာ အမျိုးသမီးများ အရည်အတွက် နည်းနေတာဟာ တစ်ချို့ထိပ်တန်းရောက် နည်းပညာကုမ္ပဏီတစ်ချို့ရဲ့ စီအီးအိုတွေ၊ ရင်းနှီးမြှုပ်နှံသူတွေကတောင် အမျိုးသမီးတွေကို ဆန့်ကျင်ကြတာကို တွေ့ရပါတယ်။ Y Combinator နည်းပညာကုမ္ပဏီရဲ့ အကြီးအကဲ ပေါလ် ဂရိုင်ရမ်က သူနဲ့နယူးယောက်တိုင်း အင်တာဗျူးခန်းတစ်ခုမှာ “မာ့ခ် ဇူကာဘတ် လိုလူမျိုး ဘယ်သူမဆို သူအလုပ်ခန့်မယ်” လို့ ပြောခဲ့ပါတယ်။ သူက ကွက်ကွက်ကွင်းကွင်းကို ထုတ်ဖော်ပြောထားတာ တစ်ခုရှိပါသေးတယ်၊ “တစ်ချို့က ၁၃ အရွယ် သမီးငယ်လေးတွေကို ကွန်ပျူတာကို စိတ်ဝင်စားကြတာ ဘုရားတောင် သိတယ်” လို့ သူက ပြောပြီး၊ သူ့အနေနဲ့ အဲဒါကို ပြန်ပြီးစဉ်းစားရအုံးမယ်လို့ ပြောခဲ့ပါတယ်။
တက္ကသိုလ်တွေ အနေနဲ့လည်း နည်းပညာဘာသာရပ်မှာ အမျိုးသမီးတွေနဲ့ အမျိုးသားအရေအတွက် အချိုးကို ညှိသင့်ပါတယ်။ ဝှစ်တနေးက ဆက်ပြီး အမျိုးသမီးတွေကို နည်းပညာပိုင်းကို လေ့လာလိုက်စားဖို့ အားပေးတဲ့အပြင်ကို ယဉ်ကျေးမှုကိုလည်း ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အန်နီတာ ဘော့ဂျ် နည်းပညာကျောင်းကတော့ အဖွဲ့အစည်းကြီးတွေနဲ့ ပူးပေါင်းပြီး နည်းပညာတွေမှာ အမျိုးသမီးတွေ တိုးတက်ကြီးပွားလာဖို့အတွက် အားထုတ်နေကြပါတယ်။ သူတို့ရဲ့အားထုတ်မှုတွေကြောင့် အမျိုးသမီးတွေ နည်းပညာပိုင်းမှာ ပိုမိုတွေ့လာရမလားဆိုတာတော့ စောင့်ကြည့်ဖို့သာ ကျန်ပါတော့တယ်။