News

ဝါရှင်တန်ပို့စ်လည်း သင်္ခါရပါပဲလား

စာအုပ်များကို ဒီဂျစ်တယ် ခေတ်အတွင်းသို့ ပို့ဆောင်ပေးရာတွင် ကူညီခဲ့သော Amazon.com ထူထောင်သူ ဂျက်ဖ်ဘီဇော့သည် သက်တမ်း ရှည်ကြာလှပြီဖြစ်သည့် အထင်ကရ မီဒီယာကြီးတစ်ခုဖြစ်သော ဝါရှင်တန်ပို့စ် သတင်းဌာနကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း AP သတင်းတစ်ရပ်အရ သိရသည်။

ဘီဇော့ (၄၉)နှစ်သည် ဝါရှင်တန်ပင်မ သတင်းဌာနနှင့် အခြား သတင်းစာများကို အမေရိကန် ဒေါ်လာ သန်း ၂၅၀ဖြင့် ဝယ်ယူလိုက်ပြီဖြစ်ကြောင်း၊ သြဂုတ်လ ၅ရက်နေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။ ဤအဖြစ်အပျက်သည် အင်တာနက်ပေါ်ပေါက်လာခြင်းက ရှုံးနိမ့်သူနှင့် အောင်နိုင်သူများကို ဖန်တီးပေးကာ မီဒီယာရူမျှော်ခင်းကြီးအား အသွင်ပြောင်းလဲခဲ့ပုံကို အထင်အရှား သရုပ်ဖော်ပြလိုခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘီဇော့သည် အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းခြင်းကို စတင် လုပ်ဆောင်ခဲ့သည့် ရှေ့ပြေးပုဂ္ဂိုလ်ဖြစ်ပြီး ၁၉၉၅ခုနှစ်တွင် အွန်လိုင်းမှနေ၍ စာအုပ်များကို စတင်ရောင်းချခဲ့သည်။ ထို့နောက်ပိုင်း အခြားအရာရာတိုင်းကို အွန်လိုင်းမှ ရောင်းချမှုများ ပြုလုပ်လာသည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် သူသည် ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးတစ်ဦး ဖြစ်လာပြီ။ မကြာသေးမီက Forbes မဂ္ဂဇင်း၏ ထုတ်ပြန်ချက်အရ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၅ဘီလျံ ကြွယ်ဝချမ်းသာသူ ဖြစ်သည်။

ဝါရှင်တန် ပို့စ် သတင်းစာသည် အခြားသတင်းစာ အများစုကဲ့သို့ပင် သူ၏ စာဖတ်သူများနှင့် ကြော်ငြာများကို အင်တာနက်သို့ ပေးလိုက်ရပြီး တန်ဖိုးကျဆင်းလာခဲ့ရသည်။ လွန်ခဲ့သည့် မျိုးဆက်တစ်ခုခန့်က ဝါးတားဂိတ် အရှုပ်တော်ပုံကို ဖော်ထုတ်လျက် အကြီးအကျယ် ကျော်ကြားခဲ့သည့် သတင်းစာသည် မကြာသေးမီ နှစ်များအတွင်း လုပ်ငန်းများကို ကျုံ့ပစ်လိုက်ရသည်။ ဝန်ထမ်းများကိုလည်း လျှော့ပြီးရင်း လျှော့ခဲ့ရပြီး ဌာနခွဲများစွာတို့ကိုလည်း ပိတ်ပစ်လိုက်ရသည်ဟု သိရသည်။ ယခုဝါရှင်တန်ပို့စ် သတင်းဌာနအား ဝယ်ယူမှုသည် ဘီဇော့တစ်ဦးတည်းနှင့်သာ သက်ဆိုင်ပြီး Amazon.com ပါဝင်ခြင်းမရှိဟုလည်း ဆိုသည်။

ဝါရှင်တန်ပို့စ်ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် စီအီးအို ဒေါ်နယ်ဂရေဟမ်က သတင်းစာလုပ်ငန်းအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်လာရပြီး နှစ်အတန်ကြာတွင် ယခုကဲ့သို့ ရောင်းချရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်ဟု ပြောကြားသည်။ ဝါရှင်တန်ပို့စ် ကုမ္ပဏီသည် ကာပလန် ပညာရေး လုပ်ငန်းနှင့် ရုပ်သံဌာနပေါင်း များစွာတို့ကိုလည်း ပိုင်ဆိုင်ထားရာ ယင်းတို့ကို အမည်သစ်များ ပြောင်းလဲမည်ဟု ဆိုသည်။

ဘီဇော့က သူ၏ကြေညာချက်တစ်ရပ်တွင် ဝါရှင်တန်ပို့စ်သည် ဝါရှင်တန်မြို့၏ အရေးအကြီးဆုံး ကဏ္ဍတစ်ရပ်၌ ပါဝင်သောကြောင့် ယင်း၏ တန်ဖိုးမှာ အပြောင်းအလဲရှိမည် မဟုတ်ဟု ဆိုသည်။ ဘီဇော့က သတင်းစာဟူသည် စာဖတ်သူများအတွက်သာဖြစ်ပြီး ပိုင်ရှင်များ၏ ပုဂ္ဂလိကဆိုင်ရာ စိတ်ပါဝင်စားမှုများအတွက် မဟုတ်ဟု ဆိုပါသည်။ ယခုကဲ့သို့ သက်တမ်းရှည်ကြာပြီး နာမည်လည်းကြီးသည့် အထင်ကရ မီဒီယာလုပ်ငန်းကြီးတစ်ခုကို လွှဲပြောင်း ရောင်းချလိုက်ရခြင်းသည် ဘယ်အရာမျှ မမြဲသော လောကကြီး၏ နိယာမတစ်ခုပါလားဟု တရားရမိပါတော့သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *