News

UNDPက အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော် ကော်မတီနှစ်ရပ်နှင့် လာရောက်ဆွေးနွေး

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)ရုံးမှ တာဝန်ရှိသူများနှင့် ပြည်သူ့လွှတ်တော် ပြည်သူရေးရာ စီမံခန့်ခွဲမှု ကော်မတီ၊ ဥပဒေကြမ်း ကော်မတီတို့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းအတွက် နေပြည်တော်တွင် သြဂုတ်လ ၂၈ရက်နေ့က ဆွေးနွေးခဲ့ကြောင်း သိရသည်။ UNDPမှ တာဝန်ရှိသူများက အသင်းအဖွဲ့ ဥပဒေကြမ်းတွင် ပါရှိသည့် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စများအတွက်အဓိက လာရောက် ဆွေးနွေးခြင်း ဖြစ်သည်ဟု သိရသည်။

“သူတို့က အရင်က ဥပဒေကြမ်းပေါ့။ မပြင်ရသေးတဲ့ဟာကို မူတည်ပြီး လာဆွေးနွေးတာ။ ဒီမှာက ဒါကို အသင်းအဖွဲ့တွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးပြီးဖြစ်လို့ ပြင်စရာရှိတာတွေလည်း တော်တော်များများ ပြင်ထားပြီးပါပြီ”ဟု ဥပဒေကြမ်း ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးအောင်က ပြောသည်။ အသင်းအဖွဲ့များကို မှတ်ပုံတင်ရခြင်းသည် မှတ်ပုံတင်ထားသော အသင်းအဖွဲ့ကို နိုင်ငံတော်က ကူညီထောက်ပံ့နိုင်ရန်သာ ဆောင်ရွက်ခြင်းဖြစ်ပြီး မှတ်ပုံမတင်ထားပါကလည်း မည်သို့မျှ မဖြစ်ကြောင်း မှတ်ပုံတင်ကြေးကိုလည်း တစ်သောင်းမှ သုံးသောင်းအထိ အသင်းအဖွဲ့အလိုက် ပေးဆောင်နိုင်ရန် ပြင်ဆင်ထားပြီဖြစ်ကြောင်းလည်း ဒေါက်တာစိုးမိုးအောင်က ပြောပြသည်။

အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းကို ဇူလိုင်လ ၂၇ရက်နေ့တွင် အများပြည်သူ သိရှိနိုင်ရန် နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် ပြင်ဆင်နေဆဲ ဖြစ်သည်။ အဆိုပါ ဥပဒေကြမ်းကို ယခု ကျင်းပနေဆဲ လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် အတည်ပြုနိုင်သေးမည် မဟုတ်ပဲ အဋ္ဌမပုံမှန် အစည်းအဝေးမှသာ အတည်ပြု ပြဋ္ဌာန်းနိုင်မည်ဖြစ်ကြောင်း အမရပူရ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြောကြားသည်ဟု သိရသည်။

လွှတ်တော်ရေးရာ ကော်မတီများက ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို ပြန်လည် ပြောကြားရာတွင် UNDPဘက်မှ ကူညီနိုင်သည်ရှိပါက ကူညီပေးမည်ဟု ပြောကြားခဲ့ပါသည်။ အသင်းအဖွဲ့ ဥပဒေကြမ်းသည် အသစ်ပြန်လည် ရေးဆွဲသော ဥပဒေဖြစ်သော်လည်း ယနေ့ခေတ်နှင့် ဆီလျော်မှုမရှိဟုဆိုကာ အသင်းအဖွဲ့များက ကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *