Lifestyle, Travel

ခရီးသွားလုပ်ငန်း တစ်ခု စတင်တော့မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ

မြန်မာနိုင်ငံသည် တိုးတက် ပြောင်းလဲသည့်အလျောက် နိုင်ငံခြား ခရီးသွားများ ပျားပန်းခတ် ၀င်ရောက် လာနေပြီ ဖြစ်တဲ့အတွက် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းသည်လည်း အလွန်တရာ တိုးတက် အောင်မြင် လာမည့်အနေအထားတွင် ရောက်ရှိနေပြီ ဖြစ်ပါသည်။ လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေ လုပ်ရမလဲ၊ အရင်ဆုံး ဘာတွေပြင်ဆင်ရမလဲဆိုတာ သိထားသင့်သည့်အတွက် သိမှတ် ထားသလောက် ပြန်လည် မျှေ၀လိုက်ခြင်းပင် ဖြစ်ပါသည်။မြန်မာနိုင်ငံ ခရီးသွားလာရေးဥပဒေနှင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် ပါရှိသော စကားရပ် အဓိပ္ပာယ် ဖော်ပြချက်များအရ ခရီးလှည့်လည်ရေး လုပ်ငန်း (Tourist Enterprise)သည် ခရီးစဉ်ဆောင်ရွက်မှု လုပ်ငန်း (Tour Operator Business)ကို ဖြစ်စေ၊ ခရီးသွား ကိုယ်စားလှယ်လုပ်ငန်း (Travel Agency Business)ကို ဖြစ်စေ၊ ယင်းလုပ်ငန်းနှစ်ရပ်လုံးကို ဖြစ်စေ၊ ဆောင်ရွက်သော စီးပွားရေး လုပ်ငန်းတစ်ရပ်ပင် ဖြစ်ပါသည်။

ခရီးလှည့်လည်ရေး လုပ်ငန်း တစ်ရပ်သည် ဒေသတစ်ခုမှ တစ်ခုသို့ အလည်အပတ် ခရီး ထွက်လိုသူများ အထူးသဖြင့် နိုင်ငံတကာမှ ကမ်ဘာလှည့်ခရီးသည်များ (International Tourist) အတွက် ခရီးစဉ်များ စီစဉ်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း (Marketing and Sale) အပြင် ခရီးစဉ် ၀န်ဆောင်မှု (Tour Service) စီစဉ်ပေးခြင်းဟူသော လုပ်ငန်းများကြောင့် ကမ်ဘာ့ခရီးသွားလာရေး ဈေးကွက်တွင် အဓိက အရေးပါသည့် အခန်းကဏ္႑က လုပ်ငန်းဦးဆောင် စီမံ ပေးသူများပင် ဖြစ်ပါသည်။ အလည်အပတ် ခရီးထွက်လို သူများသည် စား၀တ်နေရေး အခြေခံလိုအပ်ချက်များ (Basic Needs) များရယူပြီးနောက် ရရှိသည့် အားလုပ်သောအချိန် (Leisure Time) အရ လည်းကောင်း၊ ငွေကြေးသုံးစွဲနိုင်မှု (Disposable Income) ပမာဏအရ လည်းကောင်း၊ ခရီးစဉ်ဒေသ (Destination) အလိုက် ခရီးစဉ်၀န်ဆောင်မှုများကို စိတ်ကြိုက် ရွေးချယ်၀ယ်ယူကြရပါသည်။ ဒါကြောင့် ခရီးလှည့်လုပ်ငန်းရှင်များသည် မိမိစီစဉ်ဆောင်ရွက်ပေးသည့် ခရီးစဉ်နှင့် ၀န်ဆောင်မှုများကို တွင်ကျယ်စွာ ရောင်းရနိုင်စေရန်အလို့ငှာ ၀န်ဆောင်မှု အရည်အသွေး (Quality of Service) အရ လည်းကောင်း၊ ခရီးစဉ် ရောင်းဈေးနှုန်းလို့ခေါ်တဲ့ Tour Price အရ လည်းကောင်း။ ခရီးသွားလာရေး ဈေးကွက် (Tourism Market) တို့တွင် လွတ်လပ်ပေါ့ပါးစွာ ယှဉ်ပြိုင်ရောင်းချခြင်းများ ပြုလုပ် ကြရပါမည်။

သို့ဖြစ်၍ လုပ်ငန်းသဘာ၀အရ ခရီးစဉ် ဒေသချင်း လုပ်ငန်းအဖွဲ့အစည်းချင်း ယှဉ်ပြိုင်ကြရသည့် နိုင်ငံတကာ ဈေးကွက်တွင် မိမိစီစဉ်ထုတ်လုပ်သည့် ရောင်းကုန်၀န်ဆောင်မှုများကို ထိရောက် တွင်ကျယ်စွာ ရောင်းရနိုင်စေရန် လုပ်ငန်း ဆောင်ရွက်မှု အဆင့်ဆင့်များကို သတိပြု လေ့လာ မှတ်သားလိုက်နာပြီး ယခုထက် ပိုမိုပြီး လုပ်ငန်းများကို စနစ်တကျ တိုးချဲ့လုပ်ဆောင်နိုင်ရန် အထူးပင် လိုအပ်လာပြီ ဖြစ်ပါသည်။ ကဲ ကြည့်ရအောင် ခရီးသွားလုပ်ငန်းတစ်ခုတွင် ဘယ်အခန်းကဏ္႑တွေက အရေးကြီး သလဲဆိုတာ ဖော်ပြပါဦးမည်။

အရင်ဆုံးလုပ်ဆောင်ရမှာကတော့ ခရီးစဉ် ရေးဆွဲစီစဉ်မှု Tour Organization/ Tour Planningပဲ ဖြစ်ပါတော့တယ်။ ခရီးစဉ် ရေးဆွဲမှုတွင် ခရီးသွားလုပ်ငန်းရဲ့ အဓိက ရောင်းကုန်သည် ခရီးစဉ်ပင် ဖြစ်ပါသည်။ ဒီလို ရေးဆွဲရာတွင် မိမိနိုင်ငံ ဒေသများအတွင်း စိတ်၀င်စားဖွယ် လှည့်လည် ပြသစရာများ နောက် ပို့ဆောင်ရေး အပြင် တည်းခိုနေထိုင်နိုင်ရေးအတွက်ပါ ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပါသည်။ ဒီလို ပြုလုပ်ထားရုံနဲ့ မလုံလောက်သေးပဲ တစ်ဖက်တွင်လည်း နိုင်ငံတကာမှ မည်သည့်နိုင်ငံ၊ မည်သည့် လူမျိုးတို့မှ အလည်အပတ် သွားရောက်လည်ပတ်မှု ခရီးသွားတို့ရဲ့ စိတ်၀င်စားမှုတွေ လေ့လာလိုမှုတွေကို ဈေးကွက် စိစစ်လေ့လာမှုကိုပါ တစ်ပြိုင်တည်း လုပ်ဆောင်ရမည် ဖြစ်ပါသည်။ ဒါ့အပြင် မိမိနိုင်ငံရဲ့ ဘယ်နေရာ ဘယ်ဒေသက လူအများ စိတ်၀င်စားမှုရှိသလဲဆိုတာပါ တစ်လက်စတည်း လေ့လာမှတ်သား ကုန်ကျစရိတ်တွေပါ တွက်ချက်ထား ရပေလိမ့်မည်။ နောက်အရေးကြီးသော အချက်ကတော့ ပို့ဆောင်ရေးနှင့် တည်းခိုနေထိုင်ရေး ကဏ္႑ နှစ်ရပ်ကိုလည်း လစ်လျူရှုလို့ မရပြန်ပါဘူး။ ပို့ဆောင်ရေး ဆိုရာမှာကလည်း လေယာဉ်၊ ရေယာဉ်၊ မီးရထား၊ မော်တော်ကား ဟူသော ခရီးလမ်းအလိုက် မိမိဧည့်သည်များ အဆင်ပြေချောမွေ့ လွယ်ကူစွာ သွားလာနိုင်ရန် စီစဉ်ထားရှိရမည် ဖြစ်ပါသည်။ နောက် ဟိုတယ်များ၊ မိုတယ်များ၊ တည်းခိုခန်းများကိုလည်း ဈေးနှုန်းအလိုက် နေ့ရက်များကြိုတင် ဘိုကင်လုပ်ထားနိုင် ရန်အတွက် လေ့လာမှု ပြုထားရပါဦးမည်။

ထို့အပြင် သွားရောက်လည်ပတ်မည့် ခရီးစဉ်များအတွက် စိတ်၀င်စားဖွယ် အများသွားရောက်သည့် နေရာများ၊ ယင်းနေရာများမှာ ဖြေဖျော်မှုအစီအစဉ်များ ရှိ မရှိ လေ့လာထားရမည့်အပြင် ဈေး၀ယ်မှု အခွင့်အလမ်းများကိုလည်း ခရီးစဉ်များအတွင်း အချိန်ကိုက် သွားလာနိုင်ရန်အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
နောက်ပြုလုပ်ရမည့် အစီအစဉ်ကတော့ ဖြန့်ဖြူးရောင်းချခြင်းပင် ဖြစ်ပါသည်။ မိမိ ရောင်းကုန်ခရီးစဉ်ကို ဈေးကွက်တွင် အများနှင့်ယှဉ်ပြိုင် ထိုးဖောက်ပြီး သာလွန်ကောင်းမွန်သော မဟာဗျူဟာများ ချမှတ်ထားဖို့ အလွန် အရေးကြီးလှပါသည်။ ပထမဆုံး စဉ်းစားလုပ်ဆောင်ရမှာက အစီအစဉ် ရေးဆွဲထားသည့် ခရီးစဉ် အလိုက် သင့်တင့်သော ဈေးနှုန်း သတ်မှတ်ခြင်းပင် ဖြစ်ပါသည်။ အဓိက ဦးတည်ရမှာက နိုင်ငံတကာ ဈေးကွက်မှ ဈေးကွက်ေ၀စု ပိုမို သာလွန် ကောင်းမွန်စေရန် ဖြစ်ပါသည်။ ခရီးစဉ် ဖြန့်ဖြူးရောင်းချရာတွင် ရောင်းချရေး အထောက်အကူများ ထုတ်လုပ်ခြင်း၊ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းများကို ထိုက်သင့်သလို လုပ်ဆောင်ရမည် ဖြစ်ပါသည်။ နောက် လက်ကမ်း ကြေငြာတွေ၊ စာအုပ်ငယ်များ အပြင် အရောင်း ကက်တလောက် ခရီးစဉ်များကိုလည်း စနစ်တကျ ထုတ်လုပ် ဖြန့်ဖြူးပေးရန် ဖြစ်ပါသည်။ ထို့ပြင် ခရီးသွားလာရေး လုပ်ငန်းအတွက် ကိုယ်စားလှယ်ခံ၍ ခရီးစဉ် စီစဉ်ရောင်းချပေးခြင်း၊ ဒေသဆိုင်ရာ ခရီးစဉ်၀န်ဆောင်မှုများကို စီစဉ်ဆောင်ရွက်ပေးခြင်း၊ ခရီး သွားလာရေး ၀န်ဆောင်မှုများကို ပြုလုပ် ဆောင်ရွက်ခြင်းအတွက် နိုင်ငံတကာ ကျင့်သုံးမှုအရ ကော်မရှင်ပေးခြင်း၊ ကော်မရှင် ရယူခြင်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ လုပ်ငန်း အဖွဲ့အစည်း များဆိုင်ရာနဲ့ အရင်ဆုံး ညှိနှိုင်းသဘောတူထားရမည် ဖြစ်ပါသည်။
နောက်အရေးကြီးသော အချက် ကတော့ ခရီးစဉ် ၀န်ဆောင်မှုများကို စီစဉ် ဆောင်ရွက်ပေးခြင်းပင် ဖြစ်ပါသည်။ ရောင်းချသည့် ခရီးစဉ်များအတွက် ဧည့်လမ်းညွှန် တစ်ဦးဦးအား တာ၀န် ချထားပေးပြီး အောက် ဖော်ပြပါ ၀န်ဆောင်မှုများ လုပ်ဆောင်ရမည် ဖြစ်ပါသည်။
၁။ နေရာဒေသတစ်ခုမှ တစ်ခုသို့ ပို့ဆောင်ပေးခြင်း။
၂။ ရောက်ရှိလာသည့် ဧည့်သည်များအား တွေ့ဆုံကြိုဆိုခြင်း။
၃။ တည်းခိုရာသို့ ကြိုဆို ပို့ဆောင်ပေးခြင်း။
၄။ တည်းခိုမည့်နေရာ၌ နေရာ ချထားပေးခြင်း။
၅။ အစားအစာ စီစဉ်ကျေွးမွေးခြင်း။
၆။ လှည့်လည်ပြသခြင်း။
၇။ ဖျော်ဖြေရေး အစီအစဉ်များ စီစဉ်ထားရှိပေးခြင်း။
၈။ တည်းခိုသည့်နေရာမှ ပြန်လည် ထွက်ခွာမှုအတွက် စီစဉ် ဆောင်ရွက်ပေးခြင်း။
၉။ ဒေသမှ ပြန်လည်ထွက်ခွာရန် သက်ဆိုင်ရာ လေဆိပ်/သငေ်္ဘာဆိပ်/ဘူတာသို့ ပို့ဆောင်ပေးခြင်းတို့ပင် ဖြစ်ပါသည်။
ထိုသို့ ခရီးစဉ် ၀န်ဆောင်မှု များအတွက် လိုအပ်သည့် ခရီးသွား လက်မှတ် အချိန်မီရယူခြင်း၊ တည်းခိုမည့် နေရာအတွက် ကြိုတင် ပြုလုပ်ပေးခြင်း၊ အစားအစာနှင့် ဖျော်ဖြေရေး အစီအစဉ်များအတွက် စီစဉ်ပေးခြင်းများ အပြင် ဧည့်လမ်းညွှန်နှင့် မော်တော်ယာဉ် တာ၀န်ချထားခြင်း၊ ၀န်ဆောင်မှု အစီအစဉ်များ ပြုလုပ်ထားရှိခြင်း စသည့်လုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြုလုပ်ရန် လိုအပ်ပါသည်။
ခရီးစဉ်ရေးဆွဲစီစဉ်မှုနှင့် ဖြန့်ဖြူး ရောင်းချခြင်းတို့အတွက် စနစ်တကျနှင့် ထိထိရောက်ရောက် လုပ်ဆောင်ရန်အတွက် ဈေးကွက် လေ့လာမှုဆိုင်ရာ စာရင်း အင်းများကို ဦးစွာပထမ ပြုစု ထိန်းသိမ်းထားရမည် ဖြစ်ပါသည်။ နိုင်ငံတကာ ဈေးကွက် အနေအထားတွေ နောက် မိမိနိုင်ငံနှင့် ပတ်သက်နွယ်နေသော အိမ်နီးချင်း နိုင်ငံတွေရဲ့ ဈေးကွက်အခြေအနေတွေကို လေ့လာ သုံးသပ်ထားမှသာ မိမိ ဈေးကွက်သည် ထိုးဖောက်နိုင်မှု များပြီး တိုးတက်အောင်မြင်သော လုပ်ငန်းတစ်ခုပင် ဖြစ်လာမည် ဖြစ်ပါသည်။ အဓိက အရေးကြီးသည့်အပိုင်း ပါ၀င်နေသည် ကတော့ ငွေစာရင်းထိန်းသိမ်းမှုပင်ဖြစ်ပါသည်။ လုပ်ငန်းတစ်ခု၏ ၀င်ငွေနှင့် ထွက်ငွေများကို တိကျမှန်ကန်စွာ ပြုလုပ်ထားမှသာ အရှုံးအမြတ်များကို တိုင်းတာမှုတစ်ခု အနေဖြင့် လုပ်ငန်းကို ရှေ့ဆက် လုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားရင်းဖြင့် ပွင့်လင်းရာသီ ရောက်လာသည် ဖြစ်သည့် အတွက် အောင်မြင်သော ခရီးသွား လုပ်ငန်းရှင်များ နိုင်ငံတော်အတွက် ပိုမို အကျိုးဖြစ်ထွန်း လာမည်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံကြီး တိုးတက်လာပြီး ခရီးသွားလုပ်ငန်းများ ပိုမိုအောင်မြင်တိုးတက်စေရန် ရည်ရွယ်၍ သိမှတ် လေ့လာထားသမျှကို ပြန်လည်ရေးသား မျှေ၀လိုက် ရခြင်းပင် ဖြစ်ပါတော့သည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *