Opinion

မိုးနဲ့အတူ

မိုးနဲ့အတူ

မြန်မာ့ဆယ့်နှစ်လရာသီ စက်၀န်းအရ နယုန်လထဲကို ၀င်ရောက်လာတာ တစ်ပတ်ကျော်ပြီဖြစ်ပါတယ်။ စာဆိုအရတော့ နယုန်မိုးသေး မြက်သားမွေးလို့ ဆိုတယ်။ မိုးက သေးယုံတင်မဟုတ်ဘူး။ ကောင်းကောင်းကို မရွာသေးတာ။ အခုရက်ပိုင်းမှာတော့ ရက်ဆက်တော့ ရွာတယ်။ ဒါပေမယ့် အေးနေအောင်တော့ မရွာသေးဘူး။ မိုးရွာတယ်ဆိုပေမယ့် အိုက်စပ်စပ် ဖြစ်နေသေးတယ်။ တချို့နယ်ဒေသတွေမှာဆိုရင် မိုးကကောင်းကောင်း မရွာသေးတဲ့အတွက်၊ မိုးနည်းနေသေးတဲ့အတွက် စိုက်ဖို့ ပျိုးဖို့ မလုပ်နိုင်ကြသေးဘူး။ တစ်နေ့က လှိုင်မြို့နယ်မှာ ဒေသရဲ့ရိုးရာအရ မိုးကောင်းကျော်စွာနတ်ကို ပူဇော်ပသပြီး လွန်ဆွဲပွဲတွေလုပ်ကြတယ်။ တချို့နေရာတွေမှာတော့ ငါ့ရံ့မင်းပရိတ် ရွတ်ဖတ်ပူဇော် ကန်တော့ကြတယ်။ ကိုယ့်အယူနဲ့ကိုယ်ပေါ့။

ရာသီဥတုကပူလွန်းလို့ လူတွေကမိုးကို မျှော်ကြတယ်။ မေလဆန်းလောက်ထဲက မျှော်ကြတာ။ ဒီနှစ်မှာ အယ်နီညိုရှိတဲ့အတွက် မိုးက ကောင်းကောင်းရွာမှာ မဟုတ်ဘူးလို့ ဆရာဦးထွန်းလွင်က ပြောတယ်။အပူချိန်က မြင့်မားဦးမှာဖြစ်တဲ့အတွက် မကွေးတိုင်းက လူတွေဆိုရင် သေဖို့သာပြင်ထားတော့လို့တောင် ဆိုတယ်။ အများအားဖြင့် နှစ်စဉ်လိုလို ကဆုန်လပြည့်နေ့ဆိုရင် မိုးရွာတတ်တယ်။ မိုးထဲရေထဲမှာကဆုန်ညောင်ရေသွန်းကြရတာကို မှတ်မိနေတယ်။ ဒီနှစ် ကဆုန်လပြည့်နေ့က မိုးလုံး၀မရွာဘူး။ ကဆုန်လထဲမှာပဲ တချို့နယ်တွေမှာ မိုးသက်လေပြင်းတွေကျပြီး အဆောက်အဦးတွေပြိုတာတို့၊ အပင်တွေလဲတာတို့ တွေ့ရတယ်။ မိုးသီးတွေက ပန်းကန်လုံးလောက်ရှိလို့ ရမည်းသင်းဘက်မှာ စပျစ်ခြံတွေ ပျက်စီးကုန်တယ်လို့တောင် ဖတ်လိုက်ရတယ်။ တကယ်တော့ ဒါတွေဟာ ရာသီဥတုတွေ ဖေါက်ပြန်ကုန်လို့ ဖြစ်ရတာပါ။

မေလ(၅)နေ့က အမေရိကန်နိုင်ငံ နယူယော့ခ်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ ထိန်းချုပ်နိုင်သည့် မြို့ပြရွေ့ပြောင်းမှု ညီလာခံမှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်၀န် အန်နီဟီဒဲလ်ဂိုက သဘာ၀ပတ်၀န်းကျင်ရဲ့ အန္တရာယ်ကိုကိုင်တွယ်ဖြေရှင်းဖို့ မြို့ကြီးများ စက်မှုလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများကို တိုးတက်လာအောင် ပူးပေါင်းဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ ပဲရစ်မြို့တော်၀န်က ကမ္ဘာ့လူဦးရေရဲ့ ထက်၀က်ခန့်ဟာ ကျေးလက်ဒေသမှ မြို့ပြဒေသများသို့ ရောက်ရှိနေပြီး ကမ္ဘာပေါ်မှ မြို့ကြီးများဟာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှုရဲ့(၈၀)ရာခိုင်နှုန်းအတွက် တာ၀န်ရှိကြောင်းနဲ့ ကမ္ဘာ့မြို့ကြီးများအား စွမ်းအင်အရင်းအမြစ်များရဲ့ သုံးပုံတစ်ပုံကို အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်ရာမှာ ကမ္ဘာ့မြို့ကြီးများအနေနဲ့ စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပဲရစ်မြို့မှာလာမယ့် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာကုလသမဂ္ဂ ရာသီဥတုညီလာခံကို လက်ခံကျင်းပမှာဖြစ်ပြီး အဲဒီညီလာခံမှာ ကမ္ဘာ့နိုင်ငံများဟာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပဋိဥာဉ်ကို ချုပ်ဆိုကြမယ်လို့ သိရပါတယ်။ မြို့တော်၀န်အန်နီက စီးပွားရေးကြောင့် ဖြစ်ပေါ်လာတဲ့ ဂေဟစနစ် ပြောင်းလဲမှုတွေကို အရှိန်မြှင့်တင်ဖို့ ဆွေးနွေးညှိနှိုင်းခြင်းလိုမျိုး လက်တွေ့ဆောင်ရွက်ချက်တွေကို ကမ္ဘာမြို့ကြီးများအနေနဲ့ ခွဲ၀ေဆောင်ရွက်ဖို့နဲ့ အတူတကွပူးပေါင်းဖို့ အလွန်အရေးကြီးတယ်လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။ သူမက ပဲရစ်မြို့မှ လိုအပ်တဲ့ စွမ်းအင်အတွက် ကွန်ပျူတာထိန်းချုပ်မှုစနစ် တစ်ခုမှသာ အသုံးပြုတဲ့ လူနေအဆောက်အအုံတစ်ခုကို ထောက်ပြပြီး ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဟာ အဆောက်အအုံအသစ်များနဲ့ လေထုညစ်ညမ်းမှုမရှိတဲ့ ပြည်သူ့သယ်ယူပို့ဆောင်ရေး လုပ်ငန်းအတွက် အစိမ်းရောင်တည်ဆောက်မှု စံနှုန်းများနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကမ္ဘာပတ်၀န်းကျင် ထိန်းသိမ်းရေးနေ့ အခမ်အနားမှာလည်း နိုင်ငံတော်သမ္မတကြီးက “ပူနွေးကမ္ဘာတားဆီးမှာ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပတ်၀န်းကျင်ထိန်းသိမ်းရေးကို အလေးထားပြီး လုပ်ဆောင်ကြဖို့ မှာကြားခဲ့တာတွေ့ရပါတယ်။

ဒီနှစ်မြန်မာနိုင်ငံရဲ့ မိုးလေ၀သခန့်မှန်းချက်နဲ့ ပတ်သက်ပြီး တွေ့ရတာက ၂၀၁၄ခုနှစ် မုတ်သုန်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်သုံးခုခန့် ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၄ခုနှစ် မိုးရာသီကာလအတွက် ယေဘူယျခန့်မှန်းချက်အရ အနောက်တောင် မုတ်သုန်လေဟာဇွန်လပထမဆယ်ရယ် (နယုန်လဆန်းခန့်)မှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ ၀င်ရောက်ဖွယ်ရာရှိပြီး အောက်တိုဘာလ ပထမဆယ်ရက်ပတ် (သီတင်းကျွတ်လဆန်းခန့်)မှာ မြန်မာနိုင်ငံ တစ်နိုင်ငံတစ်၀န်းလုံးမှ ပြန်လည်ဆုတ်ခွါသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒီနေ့ (ဇွန်လ ၉ ရက်)ဆိုရင် နေ့လည် ၁၂ နာရီမှာတစ်ကြိမ်၊ ၁ နာရီခွဲမှာတစ်ကြိမ်၊ ၃ နာရီလောက်မှာတစ်ကြိမ် တော်တော်သဲကြီးမဲကြီး ရွာလိုက်ပါတယ်။ အခုရွာလိုက်တဲ့ မိုးကတော့ အအေးဓါတ် တော်တော်လေးရလိုက်လို့ အပူချိန်လျော့ကျသွားပါတယ်။ ပူလွန်းတော့လည်း လူတွေကမိုးကို မျှော်ကြတယ်။ နောက်ပိုင်းတော့ မိုးမှန်ကသွားပါစေလို့ မျှော်လင့်ဆုတောင်းရတာပဲ။

မိုးဦးကာလ ခန့်မှန်းချက်အရ မိုးဦးကာလဟာ အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံအတွင်းသို့ စတင်၀င်ရောက်တဲ့နေ့မှ ဇွန်လကုန်အထိဖြစ်တယ်။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်။ဒီကာလအတွင်း အနောက်တောင်မုတ်သုန်လေအား အသင့်အတင့်ရှိကာ ရန်ကုန်မှာတော့ မိုးရွာသွန်းမြဲခန့် ရွာနိုင်တယ်လို့သိရပါတယ်။ မိုးလယ်ကာလအနေနဲ့ ဇူလိုင်(၁)ရက်ကနေ သြဂုတ်လကုန်အထိဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်၀န်း နှစ်ကြိမ် ဖြစ်ပေါ်ကာ တစ်ကြိမ်မှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်။ ဒီကာလအတွင်း အနောက်တောင်မုတ်သုန်လေ အားကောင်းနိုင်ပြီး ရွာသွန်းမြဲထက် ပိုနိုင်တယ်လို့ ဆိုပါတယ်။ မိုးနှောင်းကာလကတော့ စက်တင်ဘာလ (၁)ရက်မှ အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံတစ်၀န်းလုံးမှ ပြန်ဆုတ်ခွာတဲ့နေ့ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း သုံးကြိမ်ဖြစ်ပေါ်နိုင်ကာ တစ်ကြိမ်မှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်။

ကာလမှာ အနောက်တောင်မုတ်သုန်လေအား အသင့်အတင့် ရှိနိုင်တဲ့အတွက် ရန်ကုန်မှာ မိုးရွာသွန်းမြဲခန့် ရွာနိုင်တယ်လို့ သိရပါတယ်။ (ကိုယ်က ရန်ကုန်မှာနေတော့ ရန်ကုန် အတွက်ပဲ ကြည့်ထားတာ) မြစ်ရေအတက်အကျကလည်း ကိုယ်နဲ့မဆိုင်တော့ မပြောတော့ပါဘူး သိချင်ရင် မိုးလေ၀သ သတင်းနားထောင်ပေါ့။ မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း ဖြစ်ပေါ်မှု အခြေအနေနဲ့ သက်ဆိုင်နေပါတယ်။

တကယ်တော့ မိုးလေ၀သ အခြေအနေဆိုတာကလည်း ကျွမ်းကျင်သူတွေတောင် ခန့်မှန်းခြေပဲပြောနိုင်တာ။ ရွာရန်ရာနှုန်းပြည့်ဆိုတာ နည်းပါတယ်။ ရွာရန်ရာနှုန်း ၈၀ လို့ပဲပြောကြတယ်။ ရာနှုန်း ၈၀ ဆိုရင်ပဲ ရွာနိုင်ခြေများနေပြီလေ။ “တိမ်တောင်သဖွယ် မင်းရေးကျယ်” လို့ဆိုတယ် မဟုတ်လား။ မိုးတိမ်တောင်တွေရဲ့ သဘာ၀ကို ခန့်မှန်းရခက်သလို မင်းတို့ရဲ့ အရေးအရာဟာလည်း ကျယ်ပြန့်လှတဲ့အတွက် အကဲခတ်ဖို့ မလွယ်ဘူးလို့ ဆိုလိုတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းကဆိုရင် မိုးအုံ့လိုက် နေပူလိုက်နဲ့။ မိုးအုံ့နေလို့ မိုးရွာတော့မလား အောက်မေ့တယ်။ နေကပြန်ပူလာရော။ အောင်မယ် တခါတစ်လေ မိုးခြိမ်းသံတောင် ပေးလိုက်သေးတယ်။ ဟိုတုန်းက “ပန်းပန်လျက်ပါ” ဇာတ်ကားထဲမှာ ကြည်ကြည်ဌေး၊ အငြိမ့်ကရင်းနဲ ဆိုတဲ့သီချင်းလို ခြိမ်း၍မရွာသောမိုး၊ ခြိမ်း၍မရွာသောမိုးလို့ ဆိုရမလိုဖြစ်နေတယ်။ ရာသီဥတု ဖောက်ပြန်မှုတွေလို့ပဲ ပြောရမလား။ ဟိုတလောက သီရိလင်္ကာမှာ မုတ်သုန်မိုးပြင်းထန်စွာ ရွာသွန်းတဲ့အတွက် (၁၃)ဦးသေဆုံးပြီး၊ (၂)ဦးပျောက်ဆုံးတဲ့ အကြောင်းရယ်။ တီဟီရန်မှာ ထူးဆန်းတဲ့ သဲမုန်တိုင်းတိုက်ခတ််မှုကြောင့် (၄)ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိတဲ့အကြောင်းရယ် တွေ့လိုက်ရတယ်။
သီရိလင်္ကာနိုင်ငံရှိ မြို့များနဲ့ အိမ်နီးချင်းဒေသများမှာ ပုံမှန်မဟုတ်တဲ့ မုတ်သုန်မိုး သည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၁၃ဦး သေဆုံးပြီးမြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ကျွန်းရဲ့အနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာယခင်နေ့က တစ်နာရီခန့်အတွင်း မိုးရေချိန် ၁၀၀ မီလီမီတာ (လေးလက်မ) ကျော် ရွာသွန်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီနေ့ညကပဲ ကိုလံဘိုရှိ ဆင်ခြေဖုံးဒေသတစ်ခုမှာ မြေပြိုမှု ဖြစ်ပွားပြီးနောက် လူ(၂)ဦးပျောက်ဆုံးနေသဖြင့် ရှာဖွေမှုများ ပြုလုပ်နေကြာင်း၊ သစ်ပင်များက လျှပ်စစ်ကြိုးများပေါ်လဲကျပြီးနောက် လျှပ်စစ်မီးများ ပြတ်တောက်ချိန် မီးရထားအချက်ပြစနစ် ပျက်စီးသွားတဲ့အတွက် မီးရထား ၀န်ဆောင်မှုများလည်း အခက်အခဲဖြစ်ခဲ့ရကြောင်း၊ မုတ်သုန်မိုးဟာ တစ်နှစ်မှာနှစ်ကြိမ် ရွာသွန်းတတ်ပြီး အိုးအိမ်များ ပျက်စီးခြင်းနဲ့ အသက်ဆုံးရှုံးမှုများအထိ မကြာခဏဖြစ်ပွားတတ်ကြောင်း၊ ယမန်နှစ် ဇွန်လက မုတ်သုန်မိုးနဲ့အတူ လေတိုက်နှုန်းမြင့်မားသဖြင့် လူပေါင်း ၅၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ ငါးဖမ်းသမားများဖြစ်ကြောင်း သိရပါတယ်။

တစ်ရက်ထဲမှာပဲ အီရန်နိုင်ငံ တီဟီရန်မြို့မှာ ကြီးမားတဲ့ သဲမုန်တိုင်းနဲ့ ပြင်းထန်တဲ့လေမုန်တိုုင်း တိုက်ခတ်မှုကြောင့် လူ(၄)ဦး အနည်းဆုံးသေဆုံးပြီး များစွာဒဏ်ရာရှိခဲ့ကြောင်း၊ အီရန်မြို့ တော် တစ်မြို့လုံးမိုးမှောင်ကျမှုမှာ လူသွားလူလာများချိန်၌ ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ အကာအကွယ်အောက်သို့ ပြေး၀င်ခဲ့ကြရကြောင်း သိရပါတယ်။ ဒီထူးဆန်းတဲ့ ရာသီဥတုဟာ ညနေ (၅) နာရီ ၁၀ မိနစ်မှာ ဖြစ်ပေါ်ခဲ့ပြီးသစ်ပင်များလဲ ပြိုကျခဲ့ကာ အခြားအပျက်အစီးများစွာလည်း လမ်းများပေါ်၌ ပြန့်ကျဲသွားခဲ့ပြီး လေတိုက်ခတ်မှုကြောင့် ကားများသွားလာရေး ခက်ခဲသွားခဲ့တယ်လို့ ဆိုပါတယ်။ လေတိုက်နှုန်းက တစ်နာရီကို (၁၁၀)ကီလိုမီတာရှိတယ်လို့ သိရပါတယ်။ ဟောလိ၀ုဒ် ရုပ်ရှင်ထဲကအတိုင်း မယုံနိုင်စရာဘဲ လေပြင်းနဲ့ သဲမုန်တိုင်းကြောင့် ထွက်ပြေးခဲ့ရတယ်လို့ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ပါတယ်။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အမျိုးသားတစ်ဦးက ပြောပြရာမှာလည်း ဒါမျိုးသူတစ်ခါမှ မမြင်ဘူးပဲ အလွန်ကြောက်သွားပြီး မကောင်းဆိုး၀ါးလာပြီလို့လည်း ထင်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်သား ၇၀၀၀ ကို နာရီပိုင်းအတွင်း ချထားခဲ့ပြီး နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့မှာ သတိပေးချက် ထုတ်ပြန်ထားကြောင်း သဲမုန်တိုင်းနောက်မှ လေမုန်တိုင်းနဲ့ မိုးရွာသွန်းမှုများ လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။သဲမုန် တိုင်းဟာ ဆဟာရသဲကန္တာရတွေမှာတော့ တိုက်လေ့ရှိပါတယ်။

ကိုဘအေးလည်း သဲမုန်တိုင်းနဲ့ ကြုံဖူးတယ်။ ၀န်ထမ်းဘ၀တုန်းက ၀ါဇီ (ချောက်) ကနေ ဘွဲ့တံဆိပ်သေတ္တာတွေ ထုတ်လာပြီးတော့ မကွေးကို ညနေပိုင်းအ၀င်မှာ ကြုံရတာ။ ကားရှေ့ကို တစ်ကိုက်လောက်တောင် မမြင်ရတော့ဘူး။ ကားကို ရပ်ထားလိုက်ရပါတယ်။ နာရီ၀က်လောက်နေမှ သဲမုန်တိုင်းစဲသွားပြီး ရှေ့ကိုဆက်သွားလို့ရပါတယ်။ အညာဘက်မှာကတော့ နွေရာသီမှာ ညနေပိုင်းဆိုရင် လေကျတတ်ပါတယ်။ လေတိုက်ရင် သဲတွေကပါလာတတ်ပါတယ်။ အဲဒီလိုမျိုးက ကြုံဖူးတယ်။ အခုလိုပြင်းပြင်းထန်ထန် သဲမုန်တိုင်းကျတာကိုတော့ အဲဒီတစ်ခါပဲတွေ့ဖူးတာပါ။ ဒါကနွေရာသီမှာဖြစ်ခဲ့တာ။ အခုလိုမိုးရာသီမှာတော့ မိုးသက်လေပြင်းကျမှာကိုပဲ ကြောက်ရပါတယ်။ ခုနောက်ပိုင်းတော့ မိုးကမှန်လာပြီလို့ ပြောရမယ်ထင်ပါတယ်။ ရက်ဆက်တော့ ရွာနေပါပြီ။ လူတွေလည်း “ မိုးကိုမျှော်သည် မျှော်သည် မျှော်သည် မိုးရွာတော့ ပျော်သည်” လို့ သီကျူးနိုင်ပြီ ထင်ပါတယ်။ နယုန်လနဲ့ ပတ်သက်လို့ ရှေးစာဆိုတွေဖွဲ့နွဲ့ခဲ့တာ။ ကိုယ့်မှာရှိသမျှ ရှာဖွေရင်းနဲ့ စာဆိုတော်လူဦးမင်းရဲ့ (လူမင်းမဟုတ်ဘူးနော်) “တဖက်ဆည်ကန်”ဆိုတဲ့ ကဗျာထဲက အပိုဒ်ကလေးတစ်ပိုဒ်ကို ထုတ်နှုတ်ဖော်ပြရင်းနဲ့ အဆုံးသတ်ပါရစေ။
“ သာနယုန်၀ယ်၊ ပင်စုံညိုနွဲ့၊ စိမ်းစိုလဲ့နှင့်
တောင်သွယ့်မြောက်ဖည်၊ လေသိမ်းချီက
ကရီကရာ၊ ကမြူးလာသို့၊ ချိုသာဖက်စံ
ဖိုငှက်နှံလဲ၊ လှဟန်ထူးလည်၊ ချစ်ကျူးသာမြည်တော့တယ်
ဆွတ်ကြည်အင်ကို၊ သဘင်ကန်ကြီးက လှုံ့ပါဘိ ”
မိုးနဲ့အတူအေးချမ်းကြပါစေ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *