News

တန်ဆောင်တိုင်ပွဲ ဆင်နွှဲပျော်ပျော်

တန်ဆောင်တိုင်ပွဲ ဆင်နွှဲပျော်ပျော်

ကိုမြကြီးဆိုတဲ့ သီချင်းလိုပဲ “ သီတင်းကျွတ်ပြီးတော့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်” ဆိုတဲ့အတိုင်း သီတင်းကျွတ် မီးထွန်းပွဲတော်ကြီး ပြီးပြန်တော့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီး ရောက်လာပြန်တော့မယ်။ ကိုဘအေးတို့ မြန်မာနိုင်ငံမှာက မီးထွန်းပွဲတော် နှစ်ခုနဲ့ ရေသဘင်ပွဲတော်တစ်ခုကို ကျင်းပလေ့ရှိ ကြပါတယ်။ ရေမီး အစုံလို့ ပြောရမှာပေါ့။ ပြီးခဲ့တဲ့ သီတင်းကျွတ်တုန်းကတော့ မီးပုံးပျံတွေလွှတ်တာ သိပ်မတွေ့ရဘူး။ ကိုဘအေးပဲ အပြင်မထွက်လို့လား မသိဘူး။ ခါတိုင်းဆိုရင် တစ်နိုင်တစ်ပိုင် မီးပုံးပျံ အသေးလေးတွေကအစ မီးပုံးပျံ အကြီးကြီး တွေပါ လွှတ်ကြတာ။ ညဘက်ကောင်းကင်ကို ကြည့်လိုက်ရင် ဟိုကရော ဒီကရော မီးပုံးပျံတွေ တစ်လုံးပြီး တစ်လုံး တက်တက်လာကြတာ။ မီးပုံးပျံပြိုင်ပွဲ ကျင်းပနေကြသလား အောက်မေ့ရတယ်။ မီးပုံးပျံ လွှတ်မလွှတ်တော့ မသိဘူး။ ဗျောက်အိုးတွေကတော့ တစ်ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ဖောက်သလားမမေးနဲ့။ တချို့ဗျောက်အိုးဆိုရင် အသံအကျယ်ကြီးပဲ။ ဗုံးပေါက်သလား အောက်မေ့ရတယ်။ဗျောက်အိုးတွေ မရောင်းရဘူးလို့ တားမြစ်ထားပေးလို့သာပဲ။

သီတင်းကျွတ်တုန်းကတော့ ရေကျော်ဘက်မှာတော့ အတော်စည်ကားတာ တွေ့ရပါတယ်။ တန်ဆောင်တိုင်မှာတော့ မေမြို့(ပြင်ဦးလွင်) မှာ မီးပုံးပျံပြိုင်ပွဲတွေ လုပ်မယ်လို့တော့ သိရပါတယ်။ မဟာအံ့ထူးကံသာ ဘုရားကြီး ကွင်းမှာ ကျင်းပမှာဖြစ်ပြီး အကြိုပြိုင်ပွဲတွေနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ သူကလည်း အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေနဲ့ အလွန်ကြီးကျယ် စည်ကားတဲ့ ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီး ကိုလည်း အစဉ်အလာ မပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ဝါဆိုလမှာ ဝါဆိုသင်္ကန်းတွေ ကပ်ကြရသလိုပဲ တန်ဆောင်မုန်းလမှာ ကထိန်သင်္ကန်း ကပ်လှူကြရပါတယ်။ ကထိန်သင်္ကန်းကတော့ တစ်နှစ်မှာ တစ်လ ၊ တစ်လမှာ တစ်ရက် ၊ တစ်ရက်မှာ တစ်ကြိမ်ထဲ ကျောင်းတစ်ကျောင်းကိုပဲ ကပ်ရတဲ့ အချက်ကလည်း ထူးခြားပါတယ်။ ကထိန်သင်္ကန်းရယ်လို့ ဖြစ်ပေါ်လာပုံအကြောင်းလေးကို မှတ်မိသမျှ တင်ပြပါမယ်။

မြတ်စွာဘုရားရှင်ဟာ (၁၄)ဝါမြောက်မှာ သာဝတ္ထိပြည် ၊ ဇေတဝန်ကျောင်းတော်မှာ သီတင်း သုံးနေခိုက်ဖြစ်ပါတယ်။ ဝေလာယျကတိုင်းမှာ ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ် (သုံးဆယ်) ဟာ ရဟန်း ပြုပြီး ဓူတင်လေးပါးကို ဆောက်တည် ကျင့်သုံးနေပါတယ်။ တစ်နေ့မှာ ဘဒ္ဒဝဂ္ဂီရဟန်းညီနောင်တို့ ဟာ ဘုရားရှင်ကို ဖူးမြှော်ချင်တဲ့ စိတ်ဖြစ်ပေါ်ပြီး ဘုရားရှင်သီတင်းသုံးနေထိုင်ရာ သာဝတ္ထိပြည်ကို ကြွချီလာရင်းနဲ့ ဝါဆိုခါနီးပြီဖြစ်တဲ့အတွက် သာဝတ္ထိပြည်နဲ့ ခြောက်ယူဇနာကွာဝေးသေးတဲ့ သာကေတမြို့မှာပဲ ဝါဆိုဝါကပ်လိုက်ကြရပါတယ်။ (ကိုဘအေးတို့ရဲ့ သာကေတကလည်း ဘုရားရှင် လက်ထက်က သာကေတမြို့ရဲ့ နာမည်ကိုယူပြီး မှည့်ထားတာ ဖြစ်မယ်ထင်ပါတယ်။)
ဘဒ္ဒဝဂ္ဂီရဟန်းညီနောင်တို့ဟာလည်း ဝါကျွတ်တော့မှ ပဝါရဏာပြုပြီး ပုရိမဝါ ထမြောက် ကာ ဘုရားရှင်ရှိရာ သာဝတ္ထိပြည်ကို ဆက်လက်ကြွချီခဲ့ပါတယ်။ ဝါကျွတ်ပေမယ့်လည်း မိုးက မကုန်သေးတော့ လမ်းခုလတ်မှာ မိုးကြီးသည်းထန်စွာ ရွာချပြီး ရဟန်းတွေလည်း သင်္ကန်းတွေ စိုရွှဲ ရွှံ့တွေလည်း အလိမ်းလိမ်းပေကျံလို့ ဇေတဝန်ကျောင်းတော်ကို ရောက်သွားပါတော့တယ်။ ဘုရားရှင်ရှေ့မှောက်ကို ရောက်ပြီး ဘုရားရှင်ကို ဖူးမြှော်ကြတဲ့အခါ သင်္ကန်းတွေ စိုရွှဲပြီး ရွှံ့တွေ လည်း ပေကျံနေတာကိုမြင်တော်မူတဲ့အခါ ဘယ်လိုလုပ်ပေးရပါ့မလဲလို့ ရှေးဘုရားရှင်တွေရဲ့ အစဉ်အလာကို ဆင်ခြင်တော်မူလိုက်တော့ ကထိန်သင်္ကန်းကပ်ခဲ့တာကို သိမြင်တော်မူတဲ့ အတွက် အခုရဟန်းတွေကိုလည်း ကထိန်သင်္ကန်းကပ်လှူ လက်ခံခွင့်ပြုတော်မူခဲ့ပါတယ်။ကထိန်သင်္ကန်းကို ကမ္မဝါဥတ်ပြီး ပေးလှူရတဲ့အတွက် ဥတ်(ညှပ်) သင်္ကန်းလို့လည်း ခေါ်ပါတယ်။ ဒါ့အပြင် ညတွင်းချင်းအပြီး ရက်လုပ်လှူဒါန်းရတဲ့အတွက်လည်း မသိုးသင်္ကန်းလို့ လည်း ခေါ်ပြန်ပါတယ်။ ရန်ကုန်က ရွှေတိဂုံဘုရား ၊ ဗိုလ်တထောင်ဘုရား ၊ ရွှေဘုန်းပွင့်ဘုရား ၊ ကျိုက္ကဆံဘုရားစတဲ့ တန်ခိုးကြီးဘုရားတွေမှာ တန်ဆောင်မုန်းလ အဖိတ်နေ့ညမှာ မသိုးသင်္ကန်း ရက်ပြိုင်ပွဲတွေ ကျင်းပပြုလုပ်ပြီးတော့ တန်ဆောင်မုန်းလပြည့်နေ့ နံနက်အရုဏ် မတက်ခင်မှာ စေတီပုထိုးများကို မသိုးသင်္ကန်းများ ကပ်လှူပူဇော်ကြပါတယ်။ အနယ်နယ်အရပ်ရပ်က တန်ခိုးကြီး ဘုရားတွေမှာလည်း မသိုးသင်္ကန်းရက်ပြိုင်ပွဲတွေ ကျင်းပပြုလုပ်ကြပြီးတော့ ဘုရားမှာကပ်လှူကြပါတယ်။

တန်ဆောင်မုန်းလမှာ ကထိန်ခင်းကြတာလည်း ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေရဲ့ စေတနာ သဒ္ဓါတရားထက်သန်ပုံ သရုပ်သကန်ကို တွေ့မြင်ကြရပါတယ်။ ရပ်ကွက်တွေအလိုက်၊ ကျောင်းအလိုက် ၊ ဈေးအလိုက် ၊ ရုံးဌာနတွေအလိုက် ဆိုက်ကား ဂိတ်တွေပါမကျန် လှူဖွယ်ဝတ္ထုပစ္စည်းတွေကို ပဒေသာပင်သီးပြီး ကထိန်ခင်းမယ့် ကျောင်းကို အိုးစည် ဒိုးပတ်ဝိုင်းတွေနဲ့ ပို့ကြတာဟာ အလွန်ပင် စည်ကားသိုက်မြိုက်လှပြီး ပျော်စရာ ကောင်းလှပါတယ်။ ရပ်ကွက်တွေ လမ်းတွေမှာလည်း ညဘက်မီးရောင်စုံတွေ ထွန်းညှိကြပြီးတော့ စတုဒီသာကျွေးမွေးကြတာဟာ ချစ်စရာကောင်းတဲ့ မြန်မာဓလေ့စရိုက်တစ်ခုဖြစ်ပါတယ်။တန်ဆောင်မုန်းလပြည့်နေ့ကို သာမည ဖလ အခါတော်နေ့လို့လည်းခေါ်ပါတယ်။ အဲဒါကလည်း အဖသတ်သားလို့ ရာဇဝင်တွင်ခဲ့တဲ့ အဇာတသတ် မင်းနဲ့လည်း ပတ်သက်နေပါတယ်။

ဘယ်လိုလဲဆိုတော့ ရာဇဂြိုဟ်ပြည်မှာ ဗိမ္မိသာရမင်းကြီးစိုးစံနေတော်မူစဉ် အချိန်ပဲဖြစ်ပါတယ်။ဗိမ္မိသာရမင်းကြီးရဲ့ မိဖုရားကြီး ဝေဒေဟီမှာ ကိုယ်ဝန်ရှိတော့ ချင်ခြင်းတစ်ခုဖြစ်မိပါတယ်။ ဘယ်လိုချင်ခြင် လဲဆိုတော့ မင်းကြီးရဲ့ လက်မောင်းသွေးကို ဖောက်သောက်ချင်တဲ့ ချင်ခြင်းဖြစ်ပေါ်တာပါ။ သူချင်ခြင်း တပ်တာကလည်း ကြံကြံဖန်ဖန်နော်။ မိဖုရားကြီးက မင်းကြီးကိုလည်း မပြောရက်တော့ သူ့ဖာသာပဲ ကြိတ်မှိတ်ခံစားနေပြီးတော့ တပိန်ပိန် တလှီလှီ ဖြစ်လာတယ်။ ဒါနဲ့ တစ်နေ့တော့ မင်းကြီးက သတိထားမိပြီး အကျိုးအကြောင်းကိုမေးတဲ့အခါ မိဖုရားကြီးက တော်တော်နဲ့ မပြောပြဘူး။ မင်းကြီးက လင်ယောကျာ်းဖြစ်တဲ့ ငါ့ကိုမှ ပြောမပြရင် ဘယ်သူ့ကိုမင်းပြောမှာလည်းဆိုပြီး အတင်းမေးတော့မှ မင်းကြီးရဲ့ လက်မောင်းသွေးကို သောက်ချင်ပါတယ်လို့ ချင်ခြင်းတပ်မိပါတယ်လို့ ပြောပြလိုက်တယ်။ အဲဒီမှာတင် မင်းကြီးလည်း သူ့လက်မောင်းသွေးကို သန်လျက်နဲ့ ချက်ချင်းဖောက်ပြီး မိဖုရားကြီးကို တိုက်ပါတယ်။ အဲဒီအချင်းအရာကိုမြင်တဲ့ ပညာရှိပုဏ္ဏားတွေက အဖသတ်မယ့် သားလေး မွေးလာလိမ့် မယ်လို့ နိမိတ်ဖတ်ကြပါတယ်။အဲဒီမှာ မိဖုရားကြီးလည်း အဖသတ်မယ့်သားတော့ မလိုချင်ဘူး ၊ မမွေးချင်ဘူးဆိုပြီး ကိုယ်ဝန်ကိုဖျက်ချဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီလိုနဲ့ နေ့စေ့လစေ့တော့ သားတော်လေးကို ဖွားမြင်ပြီး အဖသတ်မဲ့သားမို့လို့ အဇာတသတ္တုလို့ မှည့်ခေါ်ခဲ့ပါတယ်။ ဝေဒေဟီ မိဖုရားကြီးဟာ သားတော်လေး မွေးလာတော့လည်း သားတော်လေးကို သတ်ဖို့ကြိုးစားပါသေးတယ်။ မင်းချင်းတွေကတွေ့သွားပြီး ဗိမ္မိသာရမင်းကြီးကို လျှောက်တင်ကြတဲ့အခါ မင်းကြီးက သားတော်လေးကို မိဖုရားကြီးနဲ့ မတွေ့ရအောင် လုပ်ထားလိုက်ပါတယ်။ သားတော်လေး ကြီးလာမှ မိဖုရားကြီးက ပြန်တွေ့ရပြီး သားတော်လေးက ချစ်စရာ ကောင်းတဲ့အတွက် မိဖုရားကြီးလည်း နောက်ပိုင်းမှာ သားတော်လေးကို သတ်ဖို့ မကြိုးစားတော့ပါ။ ဒီလိုနဲ့ အဇာတသတ်မင်းသားလေး အရွယ်ရောက်လာတော့ အိမ်ရှေ့စံအရာ အပ်နှင်းပြီး ထီးနန်းစိုးစံစေပါတယ်။

အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်ရဲ့ ရဟန်းသံဃာအသိုင်းအဝိုင်းမှာ အပယ်ခံဖြစ်နေတဲ့ ဒေဝဒတ်ရဟန်းကလည်း တပည့်ရှာနေတဲ့ အချိန်ဖြစ်ပါတယ်။မင်းမိဖုရားမှူးမတ်သေနာပတိတွေက သူ့အကြောင်းသိနေကြတဲ့အတွက် သူချဉ်းကပ်လို့ မရပါဘူး။ အဲဒီမှာ အိမ်ရှေ့စံ မင်းသားလေးကို သူသွားတွေ့ပါတယ်။ မင်းသားလေးဆိုရင်တော့ ငယ်သေးတဲ့အတွက် ငါ့ဈာန်အဘိဉာဉ် တန်ခိုးတွေနဲ့ စည်းရုံးလို့ ရလောက်တယ်ဆိုပြီး မင်းသားလေးဆီကို ကောင်းကင်ကနေ ဈာန်နဲ့ဆင်းလာပြီး မြွေတွေကိုင်ထားတဲ့ သူငယ်တော် အသွင်ဖန်ဆင်းကာ မင်းသားလေး ရင်ခွင်ထဲကို ဝင်ထိုင်လိုက်ပါတယ်။ အဇာတသတ်လည်း လန့်သွားပြီးတော့ သင်ဘယ်သူလဲဘာဖြစ်လို့ ဒီလိုလုပ်တာလည်းဆိုတော့မှ ရဟန်းအသွင် ပြန်လည်ဖန်ဆင်းပြီး ပြလိုက်ပါတယ်။ ဒီလိုနဲ့ ဒေဝဒတ်ဟာ ဈာန်တန်ခိုးတွေ အမျိုးမျိုးပြပြီး အဇာတသတ်ကို စည်းရုံးကာ ဆရာတစ်ဆူ အဖြစ် ကိုးကွယ်ခံရပါတယ်။နောက်တစ်ခါ ဒေဝဒတ်ဟာ အကြံတစ်မျိုးဖြစ်ပြန်တယ်။ အိမ်ရှေ့စံ အဇာတသတ်မင်းဖြစ်မှ ငါလည်း မင်းဆရာ ဖြစ်မှာဆိုပြီး မင်းကြီးဆီက ထီးနန်းလုဖို့ အကြံပေးပြန်တယ်။ မင်းကြီးသိသွားတဲ့အခါ ထီးနန်းကို လွှဲပေးခဲ့ပေမယ့်လည်း တချိန်ကျရင် စိတ်ပြောင်းသွားနိုင်တယ်ဆိုပြီး မင်းကြီးကို အကျဉ်းချခိုင်းပါတယ်။ နောက်ပိုင်းမှာ အစာရေစာကို တဖြည်းဖြည်းချင်း ဖြတ်သွားပြီးတော့ နောက်ဆုံး အစာရေစာ လုံးဝမပေးတော့တဲ့အခါ သောတာပန်ဖြစ်တဲ့ မင်းကြီးဟာ စင်္ကြန်ပဲ လျှောက်နေပြီး အစာမစားရပေမယ့် အသားအရေ စိုပြေလာတယ်လို့ ဆိုပါတယ်။ ဒီအတိုင်းဆိုရင် မြန်မြန်သေမှာ မဟုတ်ဘူးဆိုပြီး ဗိမ္မိသာရ မင်းကြီးရဲ့ ခြေဖဝါးကို ဓါးနဲ့ခွဲ ၊ ဆားပက်ပြီး ရှားမီးကြီးနဲ့ ကင်ခိုင်းပါတယ်။ ဒါနဲ့ပဲ မင်းကြီးလည်း နတ်ရွာစံသွားတယ်ဆိုပါတော့။ ဇာတ်ကြောင်းအပြည့်အစုံ ကတော့ အင်မတန် ဝမ်းနည်းကြေကွဲဖို့ ကောင်းပါတယ်။

ဗိမ္မိသာရ မင်းကြီး နတ်ရွာစံသွားတာနဲ့ တစ်ချိန်တည်းမှာပဲ အဇာတသတ်ရဲ့ မိဖုရားကြီးကလည်း သားတော်လေး မွေးဖွားပါတယ်။ ဗိမ္မိသာရမင်းကြီး နတ်ရွာစံတဲ့ အကြောင်းနဲ့ သားတော်လေး မွေးဖွားတဲ့အကြောင်း သတင်းပို့တဲ့ မှူးမတ်တွေက သားတော်လေး မွေးဖွားတဲ့အကြောင်းကို အရင်ဆုံးသတင်းပို့ လျှောက်တင်ပါတယ်။ ဒီအခါ အဇာတသတ်ဟာ သားတော်လေးအပေါ် ချစ်တဲ့ စိတ်အဟုန်ပြင်းစွာ ဖြစ်ပေါ်ပြီး မယ်တော်ကြီးကိုလည်း သားတော်ကိုရော ဖခမည်းတော်က ချစ်ရဲ့ လားလို့ မေးလိုက်တော့ မယ်တော်ကြီးလည်း မျက်ရည်လည်ရွဲနဲ့ အဖသတ်မဲ့သားဖြစ်လို့ ကိုယ်ဝန် ဖျက်ချဖို့ ကြံစည်တာကအစ ဖြစ်ကြောင်း ကုန်စင်ပြောပြပြီး အဇာတသတ် မင်းသားလေး ငယ်စဉ်က လက်မှာ ခူနာပေါက်ပြီး အိပ်မရပဲငိုကြွေးနေတာကို ခမည်းတော်မင်းကြီးက ခံတွင်းမှာ ငုံထားပေးတော့မှ အနာသက်သာပြီး အိပ်ပျော်သွားပါတယ်။ ခူနာဟာ မှဲ့နေတော့ ခံတွင်းထဲမှာတင် ပေါက်သွားတာကို သားတော်လေး နိုးသွားမှာစိုးလို့ ပြီတွေကို ထွေးမပစ်ဘဲ မျိုချတဲ့အကြောင်းပြော ပြတော့ သြော် – ငါ့ခမည်းတော်လည်း ငါ့ကို အဲဒီလောက်တောင် ချစ်တာပါလား ဆိုပြီး ခမည်းတော်ကို အကျဉ်းမှ လွှတ်စေလို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် ခမည်းတော် ဗိမ္မိသာရမင်းကြီး နတ်ရွာစံသွားပြီဆိုတာ ဒုတိယ message အနေနဲ့ လျှောက်တင်လိုက်တော့ အဇာတသတ်မင်း လည်း အကြီးအကျယ် နောင်တရသွားပါတော့တယ်။

အဲဒီအချိန်ကစပြီး အဇာတသတ်မင်းဟာ ညဖက်တွေမှာ အိပ်မပျော်တော့ဘဲ အိပ်မယ်ဆိုရင် လှံပေါင်းများစွာ စူးတာကိုခံစားရတယ်လို့ ဆိုပါတယ်။ ညဘက်အိပ်မပျော်တဲ့ အတူညီလာခံကို ညဘက်မှာ လုပ်တယ်လို့ ပြောတယ်။ ကြာတော့လည်း ဒဏ်မခံနိုင်တော့ဘူး။ ဒီလိုဖြစ်နေတာကို သက်သာရာရဖို့ ဘယ်သူ့ဆီသွားရမလဲလို့ မေးတဲ့အခါ တက္ကဒွန်း ဆရာကြီးတွေဆီ သွားဖို့ ပြောပါတယ်။ အစကထဲက သိပ်မကြည်ညိုလှတော့ သက်တော်ရှည် အမတ်ကြီး တင်လျှောက်တဲ့ ဘုရားရှင်ဆီသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ သရက်ဥယျာဉ်မှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားရှင်ဆီကို မင်းခမ်းမင်းနားနဲ့ ဆီးမီးတွေထွန်းညှိပြီး သွားရောက်ဖူးမြှော်ပြီးတော့ ရဟန်းဆိုတာ ဘယ်လိုမျိုးပါလဲ အရှင်ဘုရားလို့ မေးလျှောက်တဲ့အခါ ရဟန်းတွေရဲ့ မျက်မှောက် ဂုဏ်ပုဒ်တွေကို ဟောကြားတော် မူပါတယ်။ အဲဒါဟာ တန်ဆောင်မုန်းလပြည့်နေ့မှာ ဖြစ်ပြီးတော့ ဟောကြားတာကတော့ သာမညဖလသုတ်ပဲ ဖြစ်ပါတယ်။ အဇာတသတ်ဟာ အဖကို သတ်ခဲ့တဲ့ အကုသိုလ်အဖြစ်ကြောင့် သောတာပန်မဖြစ်ဘဲ ရတနာသုံးပါးကို ကိုးကွယ်သူ ဖြစ်သွားလို့ လောဟကုမ္ဘီ ငရဲမှာဘဲ ခံစားရပါတယ်။ ငရဲကလွန်ရင်တော့ ပစ္စေက ဗုဒ္ဓါဖြစ်မယ်လို့ ဘုရားက ဟောကြားခဲ့ပါတယ်။ အဇာတသတ်ဟာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူဖြစ်လာပြီး တဲ့နောက် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ကြွင်းကျန်ရစ်တဲ့ သရီရဓါတ်တော် မွေတော်တွေကို ခွဲတမ်းရထားတဲ့ ခုနှစ်ပြည်ထောင်မင်းတွေဆီက ပြန်လည်စုဆောင်းပြီး စေတီတည်ထားပါတယ်။ ရှင်မဟာကဿပ အမှူးပြု ပြီး ပထမသင်္ဂါယနာတင် ဒါယကာ အဖြစ်လည်း ခံယူခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်က အဖကို သတ်ခဲ့တဲ့အတွက် သားကလည်း ကိုယ့်ကို ပြန်သတ်တာ ခံရပါတယ်။ အဇာတသတ်မျိုးဆက်ဟာ အဲဒီလိုပဲ သံသရာရှည်ခဲ့တယ်လို့ သိရပါတယ်။ ဒါကလည်း တန်ဆောင်တိုင်နဲ့ အဇာတသတ်နဲ့ ပတ်သက်နေတာကို ပြောတာပါ။တန်ဆောင်မုန်းလမှာ ကထိန်သင်္ကန်းကပ်လှူ ရတဲ့ အကျိုးကျေးဇူး ၊ ကထိန်ဒါယကာ ခံယူရတဲ့ အကျိုးကျေးဇူး ၊ သင်္ကန်းကပ်လှူ ရတဲ့ အကျိုးကျေးဇူးကလည်း သပ်သပ်ရှိပြီးတော့ အကျိုးကျေးဇူးများလှပါတယ်။ ကထိန်အလှူ ကလည်း တစ်လမှာ တစ်ရက်ထဲ တစ်ကျောင်းထဲ တစ်ကြိမ်ထဲ ကပ်လှူ ရတဲ့အတွက် ဒီလိုထူးခြားတဲ့ အလှူ ကို လှူ နိုင်ကြပါစေ။ တန်ဆောင်တိုင် မီးထွန်း ပွဲတော်မှာလည်း ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းလိုက်ရပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *