How-to, News

လူငယ်တွေ လမ်းမပျောက်စေချင်

လူငယ်တွေ လမ်းမပျောက်စေချင်

ကိုဘအေးလည်း ဒီလစာသိပ်မရေးနိုင်ဘူး။ ဒီနေ့အထိ နှစ်ပုဒ်ပဲ ပို့နိုင်သေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းပြချက် သိပ်မရှိပါဘူး။ ဒီလိုပဲမရေးဖြစ်တာလို့ ပြောရမှာပဲ။ နဂိုကလည်း ကိုယ်ကစာရေးအား သိပ်မရှိတာမဟုတ်ဘူး။ စာဆိုတာ အဆက်မပြတ်ရေးနိုင်မှ ကောင်းတယ်။ ဒါမှ ကလောင်သွားက ထက်မယ်မဟုတ်လား။ ကိုဘအေးက စာကိုတော့ တစ်ပုဒ်ရေးနိုင်၊ နှစ်ပုဒ်ရေးနိုင်၊ တတ်နိုင်သလောက်ရေးသွားမှာပါ။ ဒီလထဲမှာ နှစ်ပုဒ်မြောက်ပို့ခဲ့တာ လူငယ်တွေ စာဖတ်အား တိုးတက်စေချင်တဲ့ အကြောင်းဖြစ်ပါတယ်။ အခုလည်းလူငယ်တွေနဲ့ ပတ်သက်တာလေးတစ်ခု စိတ်ကူးဖြစ်မိလို့ ရေးဖြစ်တယ်ဆိုပါတော့။
တစ်ခါက အလုပ်လက်မဲ့ လူငယ်တွေအကြောင်း ကိုဘအေးရေးဖူးတယ်။ အလုပ်လက်မဲ့ဆိုတာမှာ အလုပ်မရှိလို့ အလုပ်ရှာနေတဲ့ လူငယ်တွေရယ် (ဒီနေရာအလုပ်ဇံရွေးနေတဲ့ သူတွေလည်းပါတယ်ပေါ့) အလုပ်ကိုမလုပ်ချင်ပဲ ဂလေရိုက်နေတဲ့ လူငယ်တွေရယ် ဖြစ်ပါတယ်။ အခုလည်းလမ်းပျောက်နေတဲ့ လူငယ်တွေအကြောင်း ရေးချင်တာပါ။ လမ်းပျောက်နေတယ်ဆိုတာကတော့ သူတို့ဟာ ငယ်စဉ်ဘဝကတည်းက ကိုယ်ဘာဖြစ်ချင်လဲ မစဉ်းစားဘဲ သူများဘာဖြစ်ချင်လဲဆိုတာကို လိုက်လုပ်တာမျိုး ဖြစ်ပါတယ်။ သူများဘာသင်တန်းတတ်သလဲ၊ ကိုယ်လိုက်တက်မယ်။ ကိုယ်နဲ့ကိုက်၏ မကိုက်၏၊ မစဉ်းစားဘူး၊ ကိုယ်နဲ့ မကိုက်တဲ့အခါကျတော့ ဘာမှဖြစ်မြောက်မလာဘူးပေါ့။

ငယ်စဉ်ကတည်းက အတန်းတွေကို တစ်တန်းပြီးတစ်တန်း သင်ခဲ့ကြတယ်။ ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိတဲ့သူ လည်းရှိမယ်။ မရှိတဲ့သူလည်းမရှိဘူး။ ဒီလိုနဲ့ အရွယ်တွေရောက်လာကြပြီး အထက်တန်းပညာလည်း ပြီးသွားတဲ့အခါ ဘာသာရပ်တွေ ပညာရပ်တွေနဲ့ ပတ်သက်ပြီးတော့ အခြေခံသဘောတရားတွေနဲ့ ဗဟုသုတအရင်းအမြစ်တွေကိုတော့ အနည်းအကျဉ်း သိနားလည်ခဲ့ကြတယ်။ ဒီအချိန်မှာ သူငယ်ချင်းတွေက ဘာသင်တန်းတက်မယ် ညာသင်တန်းတက်မယ် လုပ်ကြတဲ့အခါ ကိုယ်လည်းလိုက်တက်ကြည့်တယ်။ တစ်ချိန်တုန်းက သင်တန်းကျောင်းတွေ လက်ချိုးရေလိုရပေမယ့် ခုအချိန်မှာတော့ ဖွင့်လှစ်လာကြတဲ့ သင်တန်းကျောင်းတွေနဲ့ တက်မယ့်သူဦးရေဟာ ရာခိုင်နှုန်း ဘယ်သူပိုများသလဲဆိုတာ ပြောရခက်တဲ့ အနေအထားတစ်ခု ဖြစ်လာပါတယ်။ အခုခေတ်သင်တန်းတွေကလည်း အမျိုးအစားတော်တော်စုံတယ်။ ဘာသာစကား သင်တန်းတွေ၊ စာရင်းကိုင်သင်တန်းတွေ၊ ကွန်ပျူတာသင်တန်းတွေ အများ ကြီးပဲ။ ဘာသာစကားသင်တန်း တက်တဲ့လူလည်းတက်တယ်။ ကွန်ပျူ တာသင်တန်းတက်တဲ့လူလည်းတက်တယ်။ တစ်ချို့ကလည်း နှစ်မျိုးစလုံးတက်တယ်။

တက်စရာသင်တန်းတွေက များတဲ့အခါကျတော့ ဟိုသင်တန်းတက်လိုက်၊ ဒီသင်တန်းတက်လိုက်၊ ဟိုပြောင်းဒီပြောင်းနဲ့ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မရှိတဲ့သူတွေလည်းရှိတယ်။ တစ်ချို့ကျတော့ လမ်းညွှန်ပေးမယ့်သူ ကောင်းကောင်းရှိတော့ တစ်ခုခုကိုပဲ တစ်သမတ်တည်း လေ့လာသင်ယူပြီး ပေါက်ပေါက်မြောက်မြောက် ဖြစ်သွားတဲ့သူတွေလည်းရှိပါတယ်။
တစ်ခါအထက်တန်းပြီးလို့ တက္ကသိုလ်အသီးသီး တက်ရတဲ့အခါကျတော့လည်း ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တလွဲစီဖြစ်ကြ တာမျိုးလည်းရှိပြန်ရော။ ကိုယ့်ရဲ့အမှတ်ကမှီနေတော့ မိဘအသိုင်းအဝိုင်းရဲ့ တွန်းအားပေးမှုနဲ့ ပရော်ဖက်ရှင်နယ် လိုင်းဆိုတာ တွေကို ကိုယ်ဝါသနာမပါပဲ တက်ကြရတယ်။ ဆရာဝန်ဘွဲ့ရပြီးတော့ ဆရာဝန်မလုပ်ကြတဲ့သူတွေလိုပေါ့။ ကိုဘအေးအသိ နိုင်ငံခြားက ဦးစီးအရာရှိလေးတစ်ယောက်ဆိုရင် B.V.S ဘွဲ့ရထားတာ။ ကိုဘအေးတို့ အုပ်ချုပ်ရေးဌာနမှာလည်း အင်ဂျင်နီယာဘွဲ့နဲ့ ဒု-ဦးစီးလာလုပ်နေတဲ့သူ ရှိသေးတယ်။ ကိုဘအေးတို့ဌာနက ညွှန်ကြားရေးမှူးတစ်ယောက်ရဲ့သားဆိုရင် အနုပညာဝါသနာပါတယ်။ သူကအဆိုတော်ဖြစ်ချင်တာ။ ဖအေကိုကြောက်လို့ ဗိုလ်သင်တန်းသွားတက်ရပေမယ့် ရောက်စကဆို တငိုငိုတရီရီနဲ့လို့ ပြောတယ်။ ခုတော့လည်းဗိုလ်ကြီးဖြစ်နေလောက်ပြီပေါ့။

ပရော်ဖက်ရှင်နယ်လိုင်းမဟုတ်တဲ့ ဘွဲ့ရတွေကျပြန်တော့လည်း အလုပ်မရခင်စပ်ကြား ဟိုသင်တန်းကောင်းနိုးနိုး၊ ဒီသင်တန်း ကောင်းနိုးနိုးနဲ့၊ သူများဘာတက်လဲ လိုက်စနည်းနာပြီးတော့ လိုက်တက်ကြတယ်။ ကိုယ်နဲ့လိုက်ဖက်သလား၊ မလိုက်ဖက်သလား မစဉ်းစားဘူး။ ဘာသင်တန်းပဲတက်တက် သင်တန်းတက်မဲ့သူတွေဟာ သင်တန်းပြီးရင် ဘာဖြစ်မလဲဆိုတာ မျှော်လင့်နေဖို့ မဟုတ်ပဲ ဘယ်လိုဟာက ကိုယ်နဲ့လိုက်ဖက်မလဲ။ ကိုယ့်ရည်မှန်းချက်က ဘာလဲဆိုတာကို တိကျသေချာအောင်ဆုံး ဖြတ်ပြီးတော့မှ ငါဘာဖြစ်အောင်လုပ်မယ်ဆိုတဲ့ စံချိန်တစ်ခု သတ်မှတ်ပြီးလုပ်ကိုင်ဖို့ လိုပါတယ်။ ဘယ်ဘာသာရပ်ကိုမဆို တက်ရောက်နေကြတဲ့ သင်တန်းသားအများစုဟာ သူတို့လေ့လာနေတဲ့အပေါ်မှာ အလေးအနက်ထားမှု တကယ်အားနည်းကြ ပါတယ်။ ဆရာတွေသင်ပြ တာကို အကုန်နားလည်ဖို့မကြိုးစားကြဘူး။ တွဲဖက်ပြီးလေ့လာရမယ့် သင်ခန်းစာ အရင်းအမြစ်တွေကိုလည်း အားထုတ်ပြီး မရှာဖွေကြဘူး။ ဆရာတွေရှင်းပြတာထက်ပိုပြီး သိချင်တဲ့သူက လုံးဝမရှိသလောက်ပဲ။

အဲဒီလိုအနေအထားမျိုးတွေက အများဆုံးဖြစ်ပါတယ်။ အဲဒါကြောင့် သင်တန်းတက်မယ်ဆိုရင် ဘာတက်ရင် ကောင်းမလဲဆိုတာ ထက် ကိုယ့်အနေနဲ့ ဘာကိုအချိန်ပြည့်အာရုံစူးစိုက်ဖို့ စိတ်အားထက်သန်သလဲဆိုတာကို အလေးအနက် စဉ်းစားဖို့လိုပါတယ်။ အမှန်တကယ် ပညာရပ်တစ်ခုကို စိတ်ဝင်စားမှုအား နက်ရှိုင်းနေတယ်ဆိုရင်တော့ အဲဒီသူရဲ့ ပရော်ဖက်ရှင်နယ် အိမ်မက်တွေကို သင်တန်းတွေက အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ကိုယ်တို့ဆီက လူငယ်တွေအများစုဟာ လမ်းပျောက်နေကြတယ်။ ကိုယ့်ကိုယ်ကို ပြန်ရှာဖို့မေ့လျော့နေကြတယ်။ အစမှာရေးသားခဲ့သလိုပဲ လူငယ်တွေဟာ သူတို့ငယ်ဘဝတစ်လျောက်လုံးမှာ ကိုယ်ဘာဖြစ်ချင်သလဲဆိုတာကို မသိခဲ့ကြပဲ သူများဘာဖြစ်ချင်လဲကို လိုက်လုပ်ကြရပါတယ်။ ငယ်စဉ်ကကိုယ့်စိတ်ကူးနဲ့ကိုယ် ဝါကျဖွဲ့တဲ့အခါ အမှတ်မရခဲ့ဖူးတဲ့ အဖြစ်မျိုးတွေလည်းရှိခဲ့ကြပါတယ်။ ဒါကလည်းပညာရေးစနစ်က ကိုယ်သင်ချင်တာသင်ဖို့ ခက်ခဲတဲ့အနေအထားတစ်ခုရှိခဲ့လိုပါပဲ။ အကြောင်းအရာတစ်ခုကိုမှန် ကန်တဲ့ရှုထောင့်ကနေ မေးခွန်းထုတ်တတ်ဖို့ ဝေဖန်ပိုင်းခြားတတ်ဖို့ အသိဉာဏ်တွေ ဆိတ်သုဉ်းခဲ့ရတယ်လို့ ပြောရပါမယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူတော်တိုင်းဟာ ခေတ်ကိုရေစုန်မျှောမလိုက်ကြပါဘူး။ ခေတ်ကိုပြောင်းလဲဖို့ အားထုတ်တတ်ကြပါတယ်။ ဒီအချက်ကို မိမိနှလုံးသားထဲထည့်ပြီး ကိုယ့်ကိုယ်ကို တွေ့အောင်ရှာဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်အနာဂတ်အတွက် အချိန်ကို အကျိုးရှိစွာအသုံးချပြီး ပြည့်စုံတတ်မြောက်တဲ့ ဘဝတွေကိုတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်သူမှ မွေးလာကတည်းက ပြည့်စုံတတ်မြောက်တဲ့သူ ဖြစ်မလာပါဘူး။ အသက်အရွယ်အရ အသိပညာတွေ အတတ်ပညာတွေ လေ့ကျင့်ဆည်းပူးရင်းနဲ့ ရင့်ကျက်လာကြရတာ မဟုတ်လား။ တချို့ကလည်းအသက်သာကြီးလာတယ်၊ မရင့်ကျက်တဲ့လူတွေ လည်းရှိပါတယ်။ ကိုယ်က အဲဒီလိုမဖြစ်အောင်တော့ သတိတရားလေး ထားကြရမှာပါ။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အကျိုးတရား ခံစားကြရမှာ ဖြစ်ပါတယ်။ ဘယ်အရာမှ မပင်ပန်းပဲနဲ့ ရလာဒ်ကောင်းမရရှိနိုင်ပါဘူး။

ကမ္ဘာကျော်ပညာရှင်ကြီး သောမတ်စ်အယ်ဒီဆင် ပြောတာရှိပါတယ်။ (သောမတ်စ်အယ်ဒီဆင်က ကိုဘအေးနဲ့တွေ့လို့ ပြောတာတော့ မဟုတ်ပါဘူး ဟဲဟဲ၊ သူအရင်တုန်းကပြောခဲ့ဘူးတာကို ပြန်ပြောပြတာပါ) Genius ဆိုတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာဖို့ဆိုတာတဲ့ချွေးက ၉၉ရာခိုင်နှုန်းနဲ့ ဉာဏ်ရည်ဉာဏ်သွေးက တစ်ရာခိုုင်နှုန်းပဲ လိုတယ်လို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့ကြိုးစားမှု က ၉၉ရာခိုင်နှုန်း လိုအပ်တယ်လို့ ဆိုလိုတာပါ။ ဒါလောက်ဆိုရင် ပါရမီရှင်ဖြစ်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိမှာပါ။ ဒါပေမယ့် ဒီလိုပြောလို့တော့ စိတ်ပျက်မသွားကြပါနဲ့။ ငုတ်မိသဲတိုင်တက်နိုင်ဖျားရောက် ဆိုတဲ့စကားလည်းရှိတယ် မဟုတ်လား။ ယောကျာ်းတံခွန် လူရည်ချွန်ကား မိုးစွန်တမွတ် ကြယ်ကိုဆွတ်က မလွတ်စတမ်းရမြဲလမ်း တည်းလို့ဆိုပါတယ်။အရေးကြီးတာက ကိုယ်လျှောက်ရမယ့်လမ်းကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့လိုပါတယ်။ သူများယောင်လို့ ယောင်ရတယ်၊ အမောင်တောင်မှန်း မြှောက်မှန်းမသိ ဆိုတာမျိုးတော့မဖြစ်စေချင်ပါဘူး။ တစ်ခုခုဖြစ်လာရင် ကံကိုပုံမချဖို့တော့ လိုပါတယ်။ ငါ့ကုသိုလ်ကံက ဒီလောက်ပဲဖြစ်လာတာကွာဆိုပြီး ကြိုးစားမှုကို ရပ်တန့်နေမယ်ဆိုရင် ဒီလောက်နဲ့ပဲနေရမှာပါ။ ဒါ့ကြောင့် လူငယ်တွေဟာ ကိုယ်နဲ့ကိုက်ညီမဲ့ မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်တတ်ရမှာ ဖြစ်သလို မဆုတ်မနစ်ဇွဲလုံ့လလည်း ရှိရမှာဖြစ်ပါတယ်။ အမှောင်ထဲမှာ လမ်းလျှောက်ရင်း လမ်းပျောက်ကြတာမျိုး မဖြစ်စေဖို့ အရေးကြီးပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *