News, Opinion

မေတ္တာအခါနှင့် စာရေးတံ

မေတ္တာအခါနှင့် စာရေးတံ

ဝါဆိုလပြည့်နေ့အကြောင်း ဆောင်းပါးကို သွားပို့တုန်းက (e.mailနဲ့ ပို့တာ မရဘူးဆိုလို့ ကိုယ်တိုင်သွားပို့လိုက်တာ) ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့အကြောင်းလည်း ရေးဦးလေဦးလေးရဲ့လို့ မခိုင် (HR) ရဲ့ တိုက်တွန်းချက်အရ ကိုယ်လေ့လာသိမှတ်သမျှလေးနဲ့ ရေးဖွဲ့တင်ပြလိုက်ရပါတယ်။

ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ ခေါ်ရတဲ့အကြောင်းကတော့ မြတ်စွာဘုရားရှင် လက်ထက်တော်မှာ ရဟန်းသံဃာတွေဟာ တောအရပ်ကိုမှီပြီး ပရိယတ္တိ၊ ပဋိပတ္တိတရားများကို အားထုတ်တဲ့အခါ အဲဒီအရပ်မှာ အမှီပြုပြီးနေကြတဲ့ ရုက္ခစိုးအစရှိတဲ့သူတွေက တရားအားထုတ်လို့ မရအောင် အမျိုးမျိုးခြောက်လှန့်ပြီး အနှောင့်အယှက်ပေးကြတဲ့အတွက် ဘုရားရှင်ထံသို့ သွားရောက်လျှောက်ထားကြတဲ့အခါ ဂေါတမဗုဒ္ဓဘုရားရှင်က
ချစ်သားရဟန်းတို့ သင်တို့နှင့် သင့်လျော်လျှောက်ပတ်တဲ့ အရပ်ဒေသကို ငါဘုရားဘယ်နေရာမှမမြင်ဘူး။ နေမြဲတောအုပ်ကိုသာ ပြန်သွားကြပါ။ ဒါပေမယ့် ဒီအတိုင်းတော့ ပြန်သွားလို့မဖြစ်ဘူး။ ချစ်ခြင်းမေတ္တာ ပွားများပြီးနေကြပါ။” လို့ မိန့်တော်မူပြီး ရဟန်းငါးရာတို့ကို မေတ္တာသုတ် ပရိတ်တရားတော် ချီးမြှင့်တော်မူလိုက်ပါတယ်။ အဲဒီလိုမြတ်စွာဘုရားရှင်က “မေတ္တာသုတ်” ပရိတ်တရားတော်ကို ဟောကြားချီးမြှင့်တော်မူခဲ့တာ ဝါခေါင်လပြည့်နေ့ပဲ ဖြစ်ပါတယ်။

မေတ္တာ”ရဲ့ သဘောကို အဓိပ္ပါယ်ဖွင့်ဆိုကြရာမှာ “မေတ္တာဟူသည် ပစ်မှားခြင်း သဘောမရှိ စောင့်ရှောက်ခြင်းသဘော ရှိသည်။ အကျိုးစီးပွားကို ဖော်ဆောင်တတ်ခြင်းရှိသည်။ သနားကြင်နာသော စိတ်ရှိပြီး အမျက်ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သည်”လို့ ဆိုပါတယ်။ အင်္ဂုတ္တိုရ်နိကာယ် ပါဠိတော်မှာ မေတ္တာသုတ်တော်လာအတိုင်း မေတ္တာဘာဝနာ ပွားများတဲ့ ပုဂ္ဂိုလ်ဟာ ချမ်းသာစွာ အိပ်စက်ရခြင်း၊ ချမ်းသာစွာနိုးထရခြင်း၊ မကောင်းသောအိပ်မက် မမြင်မက်ရခြင်း၊ လူတိုင်းချစ်ခင်ခြင်း၊ နတ်ဗြဟ္မာတို့ စောင့်ရှောက်ခြင်း၊ လူမှတစ်ပါးသော သူတို့ ချစ်ခင်ခြင်း၊ မီး၊ အဆိပ်၊ ပယောဂနှင့် လက်နက်ကြီးငယ်တို့ မထိခိုက်ခြင်း၊ စိတ်တည်ကြည်မှု ရှိခြင်း၊ မျက်နှာအဆင်း အထူးကြည်လင်ခြင်း၊ မတွေဝေပဲ သေရခြင်း၊ သေလွန်သောအခါ မဂ်ဖိုမရလျှင် ဗြဟ္မပြည်ရောက်ရခြင်း စတဲ့ အကျိုးများကို ခံစားရမှာဖြစ်ပါတယ်။

မေတ္တာပွားများရခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီးတော့ “အိပ်သော်ချမ်းသာ၊ နိုးခါသုခ၊ မြတ်လှအိပ်မက်၊ နှစ်သက်သူတို့၊ နတ်တို့ချစ်ခင်၊ နတ်ပင်စောင့်နေ၊ မီးရေးမဖျက်၊ ငြိမ်သက်တည်ကြည်၊ ရွှင်ကြည်မျက်နှာ၊ သေခါမမှိုင်၊ ဗြဟ္မတိုင်းသား၊ ဆယ့်တစ်ပါးကို ကျမ်းဂန်ဆိုသည်၊ ဗိုလ်လူအများ၊ မေတ္တာပွား”လို့ ဆိုပြီး သိမှတ်လွယ်ရန် ဖွဲ့ဆိုထားပါတယ်။

မေတ္တာပို့ရာမှာ မိမိမေတ္တာပို့သမယ့်သူ မည်သူမည်ဝါ မရည်ရွယ် မပိုင်းခြားဘဲ ပို့တဲ့မေတ္တာ (အနောဒိသမေတ္တာ) နဲ့ မိမိမေတ္တာပို့မယ်သူကို မည်သူမည်ဝါဖြစ်တယ်လို့ ရည်ရွယ်ပိုင်းခြား အမည်နာမတပ်ပြီး ပို့သတဲ့ မေတ္တာ (သြဒိသမေတ္တာ)ဆိုပြီး မေတ္တာနှစ်မျိုးရှိပါတယ်။ “အနောဒိသမေတ္တာ”ဆိုတာကတော့ သဗ္ဗေသတ္တာ (သတ္တဝါအားလုံး)၊ သဗ္ဗေပါနာ (ထွက်သက်ဝင်သက်ရှိသူအားလုံး)၊ သဗ္ဗေဘူတာ (ကိုယ်ထင်ရှားရှိသူအားလုံး)၊ သဗ္ဗေပုဂ္ဂလာ (ပုဂ္ဂိုလ်အားလုံး)၊ သဗ္ဗေ အတ္တဘာဝပရိယာ ပန္နာ (အတ္တဘော၌ အကျုံးဝင်သော သတ္တဝါအားလုံး) ပါဝင်ပါတယ်။
“သြဒိသမေတ္တာ”မှာတော့ သဗ္ဗါ ဣတ္တိယော (မိန်းမအားလုံး)၊ သဗ္ဗေပုရိသာ (ယောက်ျားအားလုံး)၊ သဗ္ဗေအရိယာ (အရိယာပုဂ္ဂိုလ်အားလုံး)၊ သဗ္ဗေအနရိယာ ( ပုထုဇဉ်အားလုံး)၊ သဗ္ဗေဒေဝါ (နတ်ဗြဟ္မာအားလုံး)၊ သဗ္ဗေမနုဿာ (လူသားအားလုံး)၊ သဗ္ဗေဝိနိပါတိကာ (အသူရာ နှင့် ပြိတ္တာအားလုံး) ပါဝင်တယ်လို့ ဆိုပါတယ်။
မေတ္တာပို့ မေတ္တာပွားများကြရာမှာ မေတ္တာရဲ့ ရန်သူနှစ်မျိုးဖြစ်တဲ့ တဏှာရာဂနဲ့ ဒေါသတို့ကို နှိမ်နင်းဖို့ အရေးကြီးပါတယ်။မေတ္တာရဲ့ အကျိုးသက်ရောက်မှု ရရှိစေဖို့ ဒေါသကိုပယ်ဖျောက်နိုင်ရမှာ ဖြစ်ပါတယ်။ မေတ္တာဘာဝနာပွားများတဲ့အခါ “အတ္တ၊ ပီယ၊ မဇ္ဈတ္တ၊ ဝေရီ၊ သိမ်လေးသီအညီ ရှုကြရာ”ဆိုတဲ့ ရှေးပညာရှိတို့ရဲ့ အဆိုနဲ့အညီ အတ္တ-မိမိကိုယ်ကို၊ ပီယ-ချစ်ခင်နှစ်သက် အပ်သောသူ၊ မဇ္ဈတ္တ – အလယ်အလတ် ဖြစ်သောသူ၊ ဝေရီ – ရန်သူတည်းဟူသော ပုဂ္ဂိုလ်စတဲ့ နယ်ပယ်လေးရပ်ကိုစပြီး အစဉ်အတိုင်း ပွားများကြရပါတယ်။ အဲဒီလို ပွားများကြရာမှာ ပါဠိလိုဘဲဖြစ်ဖြစ်၊ မြန်မာလိုပဲဖြစ်ဖြစ် ပို့ရင် ကိုယ့်စိတ်က ပို့တဲ့သူဆီကို ရောက်ရှိဖို့သာ အဓိက ဖြစ်ပါတယ်။

မေတ္တာသုတ် တစ်စောင်လုံးကို ပုဒ်မပါကြုံး၍ ပို့လိုက်သည်-ဆိုတဲ့ ရေနံဆီမေတ္တာစာထဲမှာ စလေဦးပုည မေတ္တာပို့သလို ခပ်ရွဲ့ရွဲ့ မေတ္တာပို့တာမျိုးတော့ မလုပ်နဲ့ဦးပေါ့နော်။

ယခုဝါတွင်းသုံးလရဲ့ အလယ်လဖြစ်တဲ့ ဝါခေါင်လဟာ “ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်းချစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်း”ဆိုတဲ့ မိုးပါးတဲ့ ဝါခေါင်လမှာ ထနောင်းပန်း၊ ကြောင်ချစ်ပန်းနဲ့ ဆူးရစ်ပန်းတို့ ပွင့်တယ်ဆိုတဲ့ ရှေးတောင်သူလယ်သမားကြီးတွေရဲ့ မိုးလင်္ကာဟာ အညာဒေသအတွက် ရည်စူးဖွဲ့ဆိုခဲ့တာပဲ ဖြစ်နိုင်ပါတယ်။ မြန်မာပြည်အောက်ပိုင်း ဒေသတွေမှာတော့ ရေများပြည့်လျှံကာ လယ်ယာမြေတစ်ခွင် ရေပြင်ချည်းဖြစ်နေတာကြောင့် “သပြေကသီး၊ ရေကကြီး၊ ထန်းသီးကကြွေ၊ မိုးကစွေ”လို့ ဆိုရမှာဖြစ်နေပါတယ်။
မဟာအတုလမင်းကြီးကတော့ ဝါခေါင်လမှာ မိုးကောင်းတာနဲ့ ပတ်သက်ပြီး “ဒေဝရိန် ပဇ္ဇုန် မှူးငယ်က မြူးလှတယ်လေး”လို့ ဝါခေါင်လဘွဲ့ လွမ်းချင်းမှာ ဖွဲ့ဆိုခဲ့ပါတယ်။

မျှော်ယောင်သာ ပန်းတော့တယ်၊ သောင်ကမ်းငယ်ပြည့်လျှံ
နဒီငယ်ခြံသည်၊ ပြည်မင်းစံရွှေဘုံက
အကုန်ထူးတဲ့ လကိုလေး။
ရာသီသိမ်ငယ်၊ နေမိန္ဒရ၊ ဝါခေါင်လမို့
တောင်များထွတ်စွန်၊ သရဝဏ်လဲ
ရောင်ဝှန်တေဇာ၊ ပန်းခတ္တာနှင့်
ခိုင်ညှာပွင့်ကြူ ၊ တိုင်းပြည်သူတို့
လှူစာရေးတံ၊ သဘင်စုံခံဆဲမို့
လွမ်းရန်ဖွဲ့ သည်ချိန်ကို
ဒေဝရိတ် မဇ္ဇုန်မှူးငယ်က၊ မြူးလှတယ်လေး။   ။

ဝါခေါင်လမှာ ရာသီပွဲတစ်ခုအနေနဲ့ “ စာရေးတံမဲပွဲ”ကိုလည်း ကျင်းပလေ့ရှိကြတယ်။ စာရေးတံပွဲအစ ဘုရားလက်ထက်ကလို့ ဆိုပါတယ်။ ဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ် ရာဇဂြိုဟ်တစ်ပြည်လုံးရဲ့ သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းဖို့ မတတ်နိုင်ဘူးဖြစ်နေတယ်။ ဒကာတွေကတော့ သံဃာတော်တွေထဲကနေ တစ်ပါးနှစ်ပါး၊ လေးငါးပါးစသဖြင့် ရွေးချယ်လှူဒါန်းလိုကြပြီး အချို့ကလည်း စာရေးတံမဲချပြီး မိမိတို့ တတ်စွမ်းနိုင်သမျှကို လှူဒါန်လိုကြတယ်။ တချို့ကတော့ ဥပုသ်သီလယူရင်း မိမိတို့ယူဆောင်လာတဲ့ ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တွေကို ကပ်လှူလိုကြသလို၊ အချို့ကလည်း ဥပုသ်နေ့က ဆွမ်းပေါများတဲ့အတွက် ဥပုသ်ကျော် (၁)ရက်နေ့မှာ လှူဒါန်းလိုကြတယ်။
ဒါနဲ့ ဘုရားရှင်ကို လျှောက်ကြတဲ့အခါ ဘုရားရှင်က သံဃာအားလုံးကို လှူဒါန်းတဲ့ဆွမ်း (သံဃာဘတ်)၊ သံဃာတစ်ပါးနှစ်ပါး စတာကိုရည်ညွှန်းပြီး လှူဒါန်းတဲ့ဆွမ်း (ဥဒ္ဒေသဘတ်)၊ ပင့်ဖိတ်ပြီး ဆက်ကပ်တဲ့ဆွမ်း (နိမန္တနဘတ်)၊ စာရေးတံမဲချပြီး လှူတဲ့ဆွမ်း (သလာကဘတ်)၊ လဆန်းပက္ခ၊ လဆုတ်ပက္ခမှာ လှူဒါန်းတဲ့ဆွမ်း၊ (ပက္ခိကဘတ်)၊ ဥပုသ်နေ့လှူးတဲ့ဆွမ်း (ဥပေါ သထိကဘတ်)၊ ဥပုသ်ကျော် (၁)ရက်နေ့မှာ လှူဒါန်းတဲ့ဆွမ်း (ပါဒိပဒိကဘတ်) စတဲ့ ဆွမ်းတွေကို လှူဒါန်းနိုင်တယ်လို့ ခွင့်ပြုတော်မူခဲ့ပါတယ်။ ဒီလိုဘုရားရှင် ခွင့်ပြုတော်မူတဲ့ အချိန်ကစပြီး စာရေးတံမဲချလို့ လှူဒါန်းတဲ့ဆွမ်း (သလာကဘတ်)ဟာလည်း ဖြစ်ပေါ်လာခဲ့တာလို့ သိရပါတယ်။ ဘုရားရှင် လက်ထက်ကတော့ ဘုရားရှင်ရဲ့ ခွင့်ပြုချက်အရ ရဟန်းတစ်ပါးကို ဆွမ်း၊ ညွှန်းသူ (ဘတ္တုဒ္ဒေသက) အဖြစ် သံဃသမ္ဗုတိပေးကာ တင်မြှောက်ထားကြရတယ်။

အဲဒီရဟန်းဟာ ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟဆိုတဲ့ အဂတိတရားလေးပါးနဲ့ ကင်းရှင်းရ ပြီး ညွှန်းပြီးမညွှန်းပြီး စတာကိုသိတဲ့ အင်္ဂါငါးပါးနဲ့လည်း ပြည့်စုံရပါတယ်။ ဘုရားရှင်လက်ထက်က ဆွမ်းညွှန်းသူအဖြစ် တင်မြှောက်ခံရသူက မလ္လာမင်းရဲ့ သားတော်ရှင် ဒဗ္ဗအမည်ရှိတဲ့ ရဟန္တာမထေရ် ဖြစ်ပါတယ်။ ဆွမ်းညွှန်းရဟန်းဟာ စာရေးတံဆွမ်းကိစ္စကို ဆောင်ရွက်ရာမှာ ဘယ်ဒကာလှူတယ် ဆိုတာသိရအောင် ဒကာရဲ့ အမည်ရေးထားတဲ့ သစ်သားနှစ်နဲ့ ပြုလုပ်ထားတဲ့ အတံကလေးကို ဖြစ်စေ၊ ဝါးခြမ်းပြား၊ နှီးပြား၊ ထန်းရွက်၊ ပေရွက်တို့ကို ဖြစ်စေ မဲအဖြစ်အသုံးပြုရပါတယ်။ ယင်း စာရေးတံမဲကလေးများကို ခြင်းတောင်း သို့မဟုတ် သင်္ကန်းလိပ် သို့မဟုတ် ဝါးကျည်တောက် မှာထည့်မွှေပြီး ထက်အောက်ပြောင်းပြန် အကြိမ်ကြိမ်လှုပ်ကာ အလှည့်အစဉ်ရှိပါက အလှည့်အစဉ် ရောက်သည့် ရဟန်းကစတင်၍ စာရေးတံမဲ နှိုက်ယူစေရတယ်။ အလှည့်အစဉ် မရှိပါက မထေရ်ကြီးမှ စတင်ပြီး နှိုက်ယူစေရပါတယ်။

စာရေးတံမဲကျတဲ့ သံဃာတော်တွေဟာ စာရေးတံမဲကျရောက်တဲ့ အိမ်ကို ဒကာရဲ့ ပင့်လျှောက်ချက်အရ အသီးသီး ဆွမ်းစားကြွရပါတယ်။ အချို့က ဘွဲ့ရှင် ကိုယ်တော်ထံဆွမ်းအုပ်များပို့ပြီး လှူးဒါန်းကြပါတယ်။ ဒါကို စာရေးတံဆွမ်းအလှူပွဲ (သလာကဘတ်) လို့ ခေါ်ပါတယ်။ရှေးတုန်းက လူတွေဟာ သံဃာတွေ တစ်စုတစ်ဝေးတည်း တည်ရှိနေတဲ့ ဝါတွင်းကာလ ဝါခေါင်လမှာ ဆွမ်းကွမ်းကိစ္စ အခက်အခဲမဖြစ်စေရအောင် ရည်ရွယ်ကာ ဒီစာရေးတံမဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ မူလတုန်းက စာရေးတံမဲအဖြစ် ဆွမ်းကိုသာ လှူဒါန်းကြပေမယ့် နောက်ပိုင်းမှာ သဒ္ဓါတရားထက်သန်ရင် ထက်သန်သလောက် ပရိက္ခရာ ရှစ်ပါးအပါအဝင် သံဃာတော်တို့အတွက် လိုအပ်မယ့် အသုံးအဆောင်ပစ္စည်းတွေကို ပဒေသာပင်သီးပြီး စာရေးတံမဲဖောက်ကာ လှူဒါန်းလာကြတဲ့ မြန်မာတို့ရဲ့ အလှူရေစက် လက်နဲ့မကွာ ချစ်မြတ်နိုးစရာ ရိုးရာဓလေ့ အကြောင်းလေးတင်ပြရင်း ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မှာ မေတ္တာလုံးစုံ လွှမ်းခြုံကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *