Opinion

စာနယ်ဇင်းတွေရဲ့ မီဒီယာနိုင်ငံရေး

ဒီဆောင်းပါးကိုရေးမယ်လို့စိတ်ကူးနေတာကြာပြီ။ ချိန်နေတာပေါ့၊ သူ့နောက်မှစိတ်ကူးရလို့ရေးဖြစ်သွားတာ သုံးလေးပုဒ်လောက် ရှိနေပြီ။ ကိုယ်တွေရေးတာကိုလည်း တတ်နိုင်သမျှတော့ သုံးစေချင်တယ်လေ။ ဆောင်းပါးတစ်ပုဒ်ကလည်း ကိုယ့်ရဲ့စိတ်ကူးတွေရယ် (စိတ်ကူးဆိုတာကတော့ ကိုယ့်ရဲ့အတွေ့အကြုံကနေ ပေါ်ထွက်လာတော့ပေါ့နော်။)အချိန်ရယ်သုံးပြီးတော့မှ ရေးရတာဖြစ်ပါတယ်။ ပြီးတော့ သူ့ချိန်နဲ့သူသုံးဖြစ်မှ။ တတ်နိုင်ရင် ဒီကနေ့ပို့တာ ဒီကနေ့တင်ဖြစ်မှ  Update ဖြစ်မှာ။ ကိုယ်ကလည်း တစ်ခါတစ်လေ တစ်ပုဒ်ကို နှစ်ရက်လောက်ရေးရတာ။ ဒီကြားထဲ Internet ဆိုင်ကနေ e-mail ပို့တာအဆင်မပြေလို့ နှစ်ခါ ထပ်ပို့ တာတောင် မရောက်တာကရှိသေးတယ်။ ဥပမာ-တပို့တွဲလအကြောင်းပေါ့။ ထမနဲထိုးတာတွေဘာတွေ။ သူ့ရာသီနဲ့သူပေါ့။ အဲဒါမျိုးကလည်း အချိန်မီမရောက်တော့ မဖြစ်ပြန်ဘူး။ နောက်ပြီးတော့ စာမူတစ်ပုဒ်ကို ကွန်ပျူတာရိုက်တာ၊ အီးမေးလ်ပို့တာက စာမျက်နှာများရင် များသလို တစ်ပုဒ်ကို နှစ်ထောင်ကျော်လောက် ကျပါတယ်။ တစ်လကို စာမူလေးပုဒ်ပို့တယ်ထားဦး။ သူ့စရိတ်က တစ်သောင်း လောက်ကုန်တယ်။ အဲဒီတော့ စာမူခက တစ်ပုဒ်ကို တစ်သောင်းရတယ်ဆိုရင်တောင် ကိုယ့်အတွက်သုံးသောင်းပဲကျန်တယ်။ အကျိုးအကြောင်း ရှင်းပြတာပါ။ ကိုယ့်စာမူကို သုံးပေးနေတာပဲ ကျေးဇူးတင်ရပါပြီ။

ဘာပဲဖြစ်ဖြစ် ကိုယ်တွေ စာရေးရင် အစွန်းနှစ်ဖက်မရောက်အောင် သတိထားရေးပါတယ်။ အစွန်းနှစ်ဖက်ဆိုတာကတော့ ပြောရ ရင်တော့ နိုင်ငံရေးတွေပါလာတာပေါ့ဗျာ။ ကိုယ်ကဝန်ထမ်းလုပ်ခဲ့တာဆိုတော့ နိုင်ငံရေးလည်း မကျွမ်းကျင်ပါဘူး။ ဒါပေမယ့် ကိုယ်ကပါလီမန်ခေတ်(၁၉၅၁)မှာ မွေးတယ်။ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ အိမ်စောင့်အစိုးရမတက်ခင် တစ်နှစ်အလိုမှာ ကျောင်းစ နေတယ်။ တော်လှန်ရေးအစိုးရတက်တော့ ငါးတန်း ရောက်နေပြီ။ ၁၉၇၂ မဆလ ခေတ်မှာပဲ ဘွဲ့ရပြီး ၁၉၇၃မှာ သန်းခေါင်စာရင်း ဌာန၊ စက်စာရင်းပြုဌာနခွဲမှာ အလုပ်ဝင်တယ်။ ၁၉၇၆မှာ ပြည်ထဲရေးကို ပြောင်းပြီး၊ ၁၉၇၈မှာ နိုင်ငံတော်ကောင်စီရုံးကို ရောက်တယ်။ ၁၉၈၈ အရေးအခင်းအပြီးမှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမူ တည်ဆောက် ရေးအဖွဲ့ရုံးဖြစ် သွား ပြီးတော့ ၁၉၈၉ ခုနှစ်မှာ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနအောက်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြောင်းရပါ တယ်။ ဒီနေရာမှာ ကြုံလို့တစ်ခုပြောချင်ပါတယ်။ အရေးအခင်းပြီးတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမူ တည်ဆောက်ရေးအဖွဲ့ရုံးမှာ ရှိနေတဲ့ အရင်နိုင်ငံတော်ကော်စီရုံးရဲ့ဌာနခွဲတွေကို သက်ဆိုင်ရာဗဟိုအာဏာပိုင် အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို လွှဲပြောင်းပေးခဲ့ရပါတယ်။ ဥပဒေ ကော်မရှင်ဌာနဆိုရင် ရှေ့နေချုပ်ရုံးကို ပြောင်းရပါတယ်။ ပြည်နယ်/တိုင်း ပြည်သူ့ကောင်စီ အဆင့်ဆင့်နဲ့ ပတ်သက်တဲ့ ဝန်ထမ်းရေးရာ ဌာန ၊ ငွေစာရင်းဌာနတွေက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြောင်းရပါတယ်။ ရုံးချုပ်ဝန်ထမ်းရေးရာနဲ့ ရုံးချုပ်ငွေစာရင်းဌာနတွေကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ရုံးမှာ ကျန်ခဲ့ပါတယ်။ ကိုယ်တွေရဲ့ မော်ကွန်းနဲ့ဘွဲ့ထူးဂုဏ်ထူးဌာနကိုတော့ ဘယ်ကိုလွှဲရမလဲလို့ အဲဒီတုန်းက ရှေ့နေချုပ်ကြီးကိုမေးပါ တယ်တဲ့။ ဘွဲ့ထူးဂုဏ်ထူးဆိုရင်တော့ ပြည်ထဲရေးနဲ့ ဆိုင်တယ်ဆိုပြီး ကိုယ်တွေလည်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြန်ရောက်သွားပါတယ်။ သံသရာက နောက်ဘဝမှမဟုတ်ဘဲ ဒီဘဝတွင် လည်သွားတာပါ။

အမှန်က ဝန်ကြီးဌာနအားလုံးနဲ့ ဆိုင်တဲ့ ပြည်သူ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များ ပဏာမ စီစစ်ရေးအဖွဲ့ဆိုတာ နဂိုကတည်းက ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ၊ အထွေထွေဦးစီးဌာနမှာ ရှိနှင့်တာ ပါ။ ဝန်ကြီးဌာနတွေကတင်တဲ့ ပြည်သူ့ဝန်ထမ်းဆိ်ုင်ရာ ဂုဏ်ထူးဆောင်ချီးမြှင့်ဖို့ ထောက်ခံချက်တွေကို အဲဒီ ပြည်ထဲရေး ပဏာမ စီစစ်ရေးအဖွဲ့က စီစစ်ပြီးတော့ ဝန်ကြီးအဖွဲ့အစည်းအဝေး (Cabinet)  ကို အမှာစာတင်ရပါ တယ်။ ကက်ဘိနက်က အတည်ပြုပြီးတော့ ပြည်သူ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်း မယ့် အငြိမ်းစားဝန်ထမ်းများနဲ့ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းများရဲ့ အမည်စာရင်းများကို အမှာစာနဲ့အတူ နိုင်ငံတော် ကောင်စီရုံးကို ပေးပို့ရပါတယ်။ အလားတူပဲ တရားသူကြီးချုပ်ရုံး ၊ ရှေ့နေချုပ်ရုံး ၊ စာရင်းစစ်ချုပ်ရုံး ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ရုံးတို့ကလည်း သီးခြားစီ အမှာစာများနဲ့ ဝန်ထမ်းစာရင်း များကို နိုင်ငံတော်ကောင်စီရုံးသို့ ပေးပို့ရပါတယ်။ နိုင်ငံတော်ကောင်စီရုံးမှာ ဘွဲ့ထူးဂုဏ်ထူး အစည်းအဝေး ထပ်ထိုင်ပြီးတော့ နိုင်ငံတော်ကောင်စီ အစည်းအဝေးကို တင်ပြရပါတယ်။ ပြီးရင်တော့ လွတ်လပ်ရေးနေ့မှာ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်ဖို့ ဝန်ကြီးဌာနတွေက လက်နှိပ်စက်နဲ့ စာကူးစက်လှည့် ဝန်ထမ်းတွေကို နိုင်ငံတော်ကောင်စီရုံးကို လုပ်အားပေးခေါ်ပြီး ဝန်ထမ်းစာရင်းတွေက သောင်းချီရှိတဲ့အတွက် နိုဝင်ဘာလောက်ထဲက စပြီး ဖယောင်းတွေကို ရိုက်ရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက သီးခြားပေးပို့တဲ့ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိနဲ့ စွမ်းဆောင်မှုဘွဲ့တံဆိပ် တွေ ၊ ပြည်ထဲရေးက ပေးပို့တဲ့ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနဲ့ စွမ်းဆောင်မှုတံဆိပ်တွေ ၊ သာသနာရေးက ပေးပို့တဲ့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တွေနဲ့ ပတ်သက်လို့ စီစစ်ပြီးတော့ ဇန်နဝါရီလ (၄)ရက်နေ့မှာ တစ်ခါတည်း ကြေညာနိုင်အောင် လုပ်ရပါတယ်။ ကိုယ်တွေကို ထွေအုပ်လွှဲလိုက်တဲ့အခါကျတော့ ဘွဲ့တံဆိပ်ပေးဖို့ အချိန်ကျတော့ လုပ်မယ့်လူမရှိတော့ပါဘူး။ ဘွဲ့တံဆိပ်ဌာန တစ်ခုလုံးကို ပြည်ထဲရေးလွှဲလိုက်တာကိုး။ နဝတ လက်ထက်မှာကလည်း လွတ်လပ်ရေးနေ့တင်မဟုတ်ဘူး အလျဉ်းသင့်သလို အခါအားလျော်စွာ ဘွဲ့တံဆိပ်ကြေညာ ချက်တွေ ထုတ်နေတာ ။ အဲဒီတော့ ကိုယ့်တစ်ဖွဲ့လုံးပဲ နဝတရုံးကိုသွားပြီး ဦးစီးပြီးလုပ်ပေးရပြန်ပါတယ်။

ဒါနဲ့ပဲ ကိုယ်တွေအဖွဲ့ကို နဝတရုံးက ပြန်တောင်းတော့ အဲဒီတုန်းက ထွေအုပ်ညွှန်ချုပ်လုပ်တဲ့သူက အလုပ်တွေတော့ယူပါ။ လူတွေကိုပြန်လွှဲမပေးနိုင်ဘူးဆိုလိုက်ပါတယ်။ (ကံ့ကော်တောမျိုးအောင်ရဲ့ ‘လူကိုယူပါ အသဲကို ချမ်းသာပေးပါ’ ဆိုတဲ့ သီချင်းကိုတောင် သွားပြီးသတိရမိသေးတယ်) အဲဒီတော့ နဝတရုံးကလည်း အလုပ်တွေချည်းတော့ ဘယ်ယူပါ့မလဲ ။ ဒါနဲ့ ကိုယ်တွေလည်း ထွေအုပ်မှာပဲ မြဲသွားတော့တယ်ပေါ့။ နောက်ပိုင်းမှာ နဝတရုံးက ဘွဲ့တံဆိပ်ဌာနဆိုပြီးဖွဲ့ပါတယ်။ (အဲဒီဌာနက နိုင်ငံတော်အကြီးအကဲရဲ့ နေ့ကြီးရက်ကြီးတွေရဲ့ သဝဏ်လွှာ ကိစ္စကိုလည်း တာဝန်ယူရပါတယ်။) ဒါပေမယ့် ဘွဲ့တံဆိပ်ပေးဖို့ ရာသီချိန်ရောက်လာပြီဆိုရင် ကိုယ့်အဖွဲ့ကပဲ နဝတရုံးမှာ သွားတွဲပြီး ဝန်ကြီးဌာနလုပ်အားပေးတွေကို ဘွဲ့တံဆိပ်စာရင်းတွေရိုက်တဲ့ လုပ်ငန်းမှာကြီးကြပ်ပေး ရပါတယ်။ အခုနိုင်ငံတော်သမ္မတရုံးဖြစ်တဲ့ အထိပဲ။

ဘွဲ့တံဆိပ်ချီးမြှင့်ဖို့မှာ ဝန်ကြီးဌာနတွေတင်မကပဲ ဗဟိုအာဏာပိုင် အဖွဲ့ရုံးတွေအပါအဝင် ပြည်နယ်/ တိုင်းအာဏာပိုင်အဖွဲ့ တွေဆီကပါ ကိုယ်တို့ရဲ့ ပြည်ထဲရေး ပဏာမ စီစစ်ရေး အဖွဲ့ကို ထောက်ခံချက်တွေ ပေးပို့ရပါတယ်။ ပဏာမစီစစ်ရေးအဖွဲ့က စီစစ်ပြီး အစိုးရအဖွဲ့ကို တင်ပြပြီးတော့မှ အဲဒီနဝတရုံး / နယကရုံး / သမ္မတရုံးကို ထောက်ခံပေးပို့ရပါတယ်။ ပြီးရင်တော့ စောစောက ပြောသလိုပဲ အမိန့်ကြော်ငြာစာထုတ်ပြန်ဖို့ ကိစ္စကို ကိုယ်တွေကပဲ သွားလုပ်ပေးရပြန်ပါတယ်။ ကြည့်လိုက်ရင် Channel  တွေ အောက်မနေဘူးလား ၊ ဂွလည်းကျမနေဘူးလား။ ကိုယ်တွေက ဇွန်လလောက်က စပြီးထောက်ခံချက်တွေ လက်ခံ ၊ စက်တင်ဘာလ လောက်မှာ ဒုဝန်ကြီးနဲ့ ကြိုတင်စီစစ်ရေးလုပ်ပြီးရင် ဝန်ကြီးဥက္ကဋ္ဌလုပ်တဲ့ ပဏာမ စီစစ်ရေးထိုင်ပြီးရင် အောက်တိုဘာလလောက်မှာ အစိုးရအဖွဲ့တင် ၊ စွမ်းရည်သတ္တိနဲ့ စွမ်းဆောင်ရည်ဘွဲ့တံဆိပ် တွေရှိရင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တွေနဲ့အတူ အဲဒီအထက်အဆင့်ရုံးမှာ စီစစ်ရေး အစည်းအဝေးထိုင် ရသေးတယ်။ ပြီးတော့မှ သာသနာရေးကလည်း သာသနာတော် ဘွဲ့တံဆိပ်တွေကို အစိုးရအဖွဲ့ကို အမှာစာသပ်သပ်တင် ၊ ပြည်ထဲရေးကလည်း ပြည်ထဲရေးဘွဲ့တံဆိပ်တွေကို အစိုးရအဖွဲ့သပ်သပ်တင် ၊ နောက်တော့ စောစောက လို အမိန့်ကြော်ငြာစာတွေ တစ်ပေါင်းတည်းထုတ်ဖို့ လုပ်ရတယ်ပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီအမိန့် ကြော်ငြာစာထုတ်တဲ့ လုပ်ငန်းက အထက်အဆင့်ရုံးကပဲ တာဝန်ခံပြီး လုပ်ရမှာ။ အခုဟာက ကိုယ်တို့ပြည်ထဲရေး ကပဲ တာဝန်ယူပြီး တာဝန်ခံပြီး နှစ်တိုင်းသွားလုပ်ရတယ်။ သူတို့က အမိန့်ကြော်ငြာစာမှာ နိုင်ငံတော်အကြီးအကဲ လက်မှတ်ထိုးဖို့ပဲ လုပ်တယ်။ အဲဒီတော့ အမှားအယွင်းဖြစ်လာရင် ပြည်ထဲရေးထွေအုပ်တာဝန်ပဲ။ လုပ်ရတာ တာဝန်ကြီးပါတယ်။ ပြောချင်တာကတော့ ကိုယ်တွေလုပ်ရတာ နိုင်ငံတော်ကောင်စီရုံးတုန်းက လုပ်ခဲ့ရတဲ့ ဗဟိုရုံးရဲ့ အလုပ် ၊ ဗဟိုအာဏာပိုင်အဖွဲ့ရုံးရဲ့ အလုပ် ၊ ဗဟိုအဆင့်အလုပ်တွေကို လုပ်ရတာပါ။ တစ်ဦးတစ်ယောက်ရဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို စေ့စေ့ငှငှ မစဉ်းစား မဆန်းစစ်ဘဲ အလောသုံးဆယ် အကြံပြုချက် ၊ အပြောတစ်ချက် အမှားကြောင့် ဒီလိုကမောက်ကမတွေ ဖြစ်ကုန်တာပါ။ ကိုယ်တွေက အငြိမ်းစားဖြစ်တော့မှ အခုမှ ထုတ်ဖော် ပြောတာ မဟုတ်ပါဘူး ။ ဝန်ထမ်းဘဝထဲက ကိုယ့်လူကြီးတွေကို ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ပြောပြဖူးပါတယ်။ ဒါပေမယ့် ကိုယ်တွေက ဘယ်နေရာရောက်ရောက် ၊ ဘာအလုပ်ပဲလုပ်ရ လုပ်ရ ကိုယ့်တာဝန်ကျေပွန်အောင် တော့ လုပ်ခဲ့ပါတယ်။

ဆိုလိုချင်တာကတော့ ခေတ်တွေ အများကြီး ကိုယ်တွေဖြတ်သန်းခဲ့ရတာကိုပါ။ ပါလီမန်ခေတ်တုန်းက မြူနီစပယ် လူကြီးရွေးကောက်ပွဲလုပ်တာ နည်းနည်းပါးပါး မှတ်မိနေပါသေးတယ်။ ကိုယ်တွေနဲ့ တစ်အိမ်ထဲ အတူတူနေတဲ့ ဘဘရွှေ (ဒေါက်တာအေးမြင့်ရဲ့ အဖေဦးအရွှေ) က ပုသိမ်မြူနီစပယ်လူကြီး ဝင်ရွေးပါတယ်။ ဘဘရွှေက သန့်ရှင်းကပါ။ တစ်လမ်းထဲကပဲ တည်မြဲက ဘဘဦးထွန်းတင်နဲ့ ယှဉ်ပြိုင်အရွေးခံရပါတယ်။ အဲဒီတုန်း က ဘဘဦးထွန်းတင်ပဲ ရသွားတယ်ထင်ပါတယ်။ ကိုယ်တွေကတော့ ပိုနေတဲ့ မဲကဒ်ပြားလေးတွေ (အခုမီးရထား လက်မှတ်လို ကဒ်ပြားလေးတွေ)ကို ညီအစ်ကိုတွေဆော့ကြရတာပဲ မှတ်မိပါတယ်။ တော်လှန်ရေးအစိုးရ လက်ထက်မှာ ကျောင်းသားဘဝ လွန်မြောက်ခဲ့ပြီး မဆလရဲ့ ပြည်သူ့လွှတ်တော်ခေတ်မှာ ကိုယ်ကလည်း တင်းပြည့်ပါတီဝင်ဖြစ်ပြီး ပါတီစိတ်အဖွဲ့ဝင်လည်း ဖြစ်နေတော့ လွှတ်တော်ရဲ့ ဒုတိယသက်တမ်းနဲ့ တတိယသက်တမ်းမှာ ဒဂုံမြို့နယ် ပြည်/အရှေ့ရပ်ကွက်က ပြည်ထောင်စုရိပ်သာရဲ့ မဲရုံမှာ လက်ထောက်မဲရုံမှူးနဲ့ မဲရုံမှူး နှစ်ကြိမ်လုပ်ခဲ့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ် ၊ မင်္ဂလာသိဒ္ဓိရပ်ကွက် မဲရုံမှာ မဲစာရင်းစစ်ဆေးသူအဖြစ် မဲရုံအဖွဲ့ဝင် နှစ်ကြိမ်လုပ်ခဲ့ရပါတယ်။ ၂၀၁၁ ဒီဇင်ဘာမှာ ကိုယ်တွေ သက်ပြည့် ပင်စင်ယူခဲ့တာပါ။ ဒါပေမယ့် ရုံးမှာ ဆက်လုပ်နေတုန်းဆိုတော့ ၂၀၁၀ တုန်းက လုပ်ဖူးတယ်ဆိုပြီး တာဝန်ပေးလာတာပါ။ အရင်လုပ်ဖူးတဲ့ သူတချို့က ဘူးကွဲအိမ်ရာတွေကို ပြောင်းသွားတာနဲ့ ငြင်းလို့မရဘဲ လုပ်ခဲ့ရ ပါတယ်။ အဲဒီတော့ ပါလီမန်ခေတ်ကနေ ဒီမိုကရေစီအစိုးရ လက်ထက်အထိ ဖြတ်သန်းခဲ့ရတာကို မြင်နိုင်ပါတယ်။

ဒီနေ့ထုတ်ဝေနေတဲ့ ပုဂ္ဂလိက သတင်းစာတွေ ၊ ဂျာနယ်တွေမှာ တာဝန်ခံလုပ်နေတဲ့သူတွေ ၊ ဆောင်းပါး ရေးနေတဲ့သူတွေဟာ ကိုယ့်လောက်ခေတ်စုံချင်မှစုံမယ်။ တချို့ဆိုရင် ၈၈ ကျမှ လူဖြစ်လာကြတဲ့သူတွေ၊ကိုယ်တွေက ခေတ်စုံပေမယ့် နိုင်ငံရေးက သူ့ဟာသူသွားနေတာ။ ဝန်ထမ်းဘဝနဲ့ဆိုတော့ နိုင်ငံရေးကို စိတ်ဝင်စားလို့လည်း မရဘူး။ ဦးသန့် အရေးအခင်းဖြစ်တော့ ကိုယ်က သန်းခေါင်စာရင်းရုံးမှာပဲ ရှိသေးတယ်။ အဲဒီတုန်းကပါတဲ့ ဝန်ထမ်းအချို့ အလုပ်ပြုတ်သွားကြတယ်။ ကိုယ်တွေက အဲဒီတုန်းက ဦးသန့်အသုဘချတာကို ဦးဝိစာရအဝိုင်းက နေ သွားစောင့်ကြည့်သေးတယ်။ အတော်ကြာတဲ့အခါကျတော့ ဈာပနကားရှေ့က သံဝေဂလင်္ကာရွတ်တဲ့ မယ်သီလရှင်တွေပါတဲ့ မီနီဘတ်စ်ကားလေး (ဟိုခေတ်တုန်းက ရှေ့မှန်အကျယ်ကြီးနဲ့ သမဝါယမကားလို့ ခေါ်တယ်) က လော်စပီကာနဲ့ အော်ပြီးလာတယ်။ ဦးသန့်ရဲ့ ဈာပနကို တက္ကသိုလ်ကျောင်းသားတွေက ကြားဖြတ်ပြီး ကျောင်းထဲကို ယူသွားပါပြီလည်းဆိုရော ဦးဝိစာရ အဝိုင်းနဲ့ကြံတော ထိပ်မှာစောင့်နေတဲ့ လူအုပ်ကြီးဟာ ရန်ကုန် တက္ကသိုလ်ဘက်ကို လျှောက်သွားကြတာ ပြည်လမ်းကိုပြည့်သွားပါတယ်။ ကိုယ်တွေလည်း ကျောင်းထဲအထိ လိုက်ကြည့်ပါသေးတယ်။

ဦးသန့်ရဲ့ ရုပ်ကလပ်ကို ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ထားပြီး ခန်းမအပြင်ဘက်က အသုဘကားပေါ် ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် တက်ပြီး တရားဟောကြပါတယ်။ ကိုယ်လည်း မလှမ်းမကမ်း ကနေ ကြည့်နေပြီး ၆ နာရီ ထိုးလောက်ကျတော့ ကျောင်းဝင်းထဲက ပြန်ထွက်လာခဲ့ပါတယ်။ နောက်ပိုင်းတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကျောင်းဝင်းထဲ ဝင်စီးပြီး ဦးသန့်ရဲ့ ýရုပ်ကလပ်ကို ယူသွားတယ်လို့ သိရပါတယ်။ ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီး ကန်တော်မင်ပန်းခြံအစပ်မှာ ရွှေတိဂုံဘုရားလမ်းဖက်ကို မျက်နှာမူပြီး ဦးသန့်ဂူဗိမာန် လုပ်ပေးထားပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဖြစ်သက်တမ်း နှစ်ကြိမ် လုပ်ခဲ့တဲ့ မြန်မာလူမျိုးရဲ့ ဈာပနကို အစကတည်းက ခမ်းခမ်းနားနားလေးလုပ်ပေးပြီး တူတူတန်တန်လေး နေရာပေးမယ်ဆိုရင် ဒီလိုပဋိပက္ခတွေ ဖြစ်လာမှာမဟုတ်ပါ။ အခုတော့ အဲဒီလိုမဟုတ်ဘဲ ဈာပနကို ကျိုက္ကဆံ ကွင်းမှာထားပြီး ကြံတောမှာ သင်္ဂြိုဟ်မယ်ဆိုတော့ မခံမရပ်နိုင်တဲ့ ကျောင်းသားတွေက ဝင်လုပြီး ပြဿနာတွေ ဖြစ်ကုန်ကြတာပေါ့။

အလုပ်သမားအရေးအခင်းတုန်းက ကိုယ်က ဗိုလ်အောင်ကျော်လမ်းထဲကဖြတ်ပြီး ပြန်လာပြီးတော့မှ အလုပ်သမားတွေ ဝန်ကြီးများရုံးကို ဝိုင်းပြီးဆန္ဒပြတယ်လို့ သိရတယ်။ ကိုယ်တွေ ဗိုလ်ချုပ်လမ်းပေါ်က ကာလ်တန်နဲ့ ရွိုင်ယယ် ရုပ်ရှင်ရုံရှေ့ (ယခု  Central Hotel  နေရာ ) ရောက်တော့ နောက်မှာ အိုးအိမ်ရုံးကြီး မီးလောင်နေတာ တွေ့ရတယ်။ ကိုယ်လည်း ကိုယ်နေတဲ့ ပြည်ထောင်စုရိပ်သာကို ခြေကျင်ပဲ ခပ်သုတ်သုတ်လျှောက်ပြီး ပြန်ခဲ့တော့ တယ်။ ဒေါ်ခင်ကြည်ဈာပနတုန်းက နိုင်ငံတော်ကောင်စီရုံးမှာပဲ ရှိနေပါတယ်။ ၈၈ အရေးအခင်းဖြစ်တော့ ရုံးတွေက လည်း မပိတ်သေးတော့ ရန်ကင်းကနေ ဝင်ဒါမီယာကို လမ်းလျှောက်ပြီး ရုံးတက်ရပါတယ်။ တချို့ကလည်း ရုံးလာလို့ မရတော့ ရုံးမတက်တော့ပါ။ တစ်ရက်တော့ ညနေဘက်ရုံးဆင်းပြီး တောင်ဥက္ကလာမှာနေတဲ့ ကိုသောင်းတင်ရယ် ၊ ဦးထွေး တို့နဲ့ ဦးဝိစာရ အဝိုင်းဘက်ကထွက်ပြီး ပြည်လမ်းကနေ လျှောက်လာပါတယ်။ လိုင်းပေါက်နားရောက်တော့ ကမာရွတ်အဝိုင်းဘက်က သေနတ်ပစ်သံတွေ တဖောက်ဖောက် ကြားရတာနဲ့ သုံးယောက်သား လိုင်းပေါက်ထဲကို ပြေးဝင်ခဲ့ကြပြီး အင်းလျားလမ်းထဲကနေ တက္ကသိုလ်ရိပ်သာလမ်းဘက်ထွက် ကုက္ကိုင်းကနေတဆင့် ကမ္ဘာအေးဘုရားလမ်းအတိုင်း လျှောက်ခဲ့ပြီး ကိုယ်က ရန်ကင်းမှာဝင်နေလိုက်တယ်။ ဦးထွေးတို့နှစ်ယောက်က တောင်ဥက္ကလာဘက်ကို ဆက်လျှောက်သွားကြပါတယ်။ အဲဒီနေ့က ရုံးတက်ရတာ နောက်ဆုံးပါပဲ။ ညကျတော့ရုံးတွေပိတ်လိုက်ပြီ ဆိုပြီး ရုပ်မြင်သံကြားကကြေညာပါတယ်။ တစ်ခြားအစိုးရဌာန တွေနည်းတူ နိုင်ငံတော်ကောင်စီရုံးက ဝန်ထမ်းတစ်ချို့လည်း ဆန္ဒထွက်ပြကြပါတယ်။ အဲဒီတုန်းက ဆန္ဒထွက် မပြရင်ဘဲ လစာမရတော့ဘူး ပြောနေကြလို့ပါ။ ရုံးတွေပြန်ဖွင့်တော့ တစ်ချို့ပြုတ်ကြပါတယ်။ ၃၃ ချက်ဖြည့်ရတော့ ကိုယ်တွေက ပြည်ထဲရေးရောက်နေပါပြီ။ ကိုယ့်လက်အောက်ဝန်ထမ်း နှစ်ယောက်က မဟုတ်တာတွေ (ပြုတ်နိုင်တာတွေ) ဖြည့်ထားလို့ ပြန်ပြင်ပြီးဖြည့်ခိုင်းရသေးတယ်။ အဲဒီ ၃၃ ချက်နဲ့လည်း တချို့ ပြုတ်သွားကြပြန်ပါ တယ်။ အဲဒီလူတွေထဲမှာ အရာရှိတွေ အပါအဝင်ပေါ့ တချို့ဟာ အရည်အချင်းရှိတဲ့ဝန်ထမ်း တွေဖြစ်လို့ ဌာနအတွက် နှမြောဖို့ကောင်းပါတယ်။ နိုင်ငံရေးလုပ်ရတဲ့ ရလာဒ်လို့ပြောရမလားမသိပါ။

တကယ်တော့ ကိုယ်တွေသိသလောက် နိုင်ငံရေးလုပ်တယ်ဆိုတာမလွယ်ပါ။ ဆွေစွန့် မျိုးစွန့် ၊ ကိုယ်ကျိုး အားလုံးကိုစွန့်ရတာပါ။ ဥပမာပေးရရင်တော့ လူဝတ်ကြောင်ကို စွန့်ပြီး တောထွက်သလိုမျိုးပါပဲ။ ဒီထက်ဆိုးတာက ထောင်ကျတန်းကျလည်း ခံနိုင်ရမယ်။ ဆင်းရဲပင်ပန်းတဲ့ ဒဏ်လည်း ခံနိုင်ရမယ်။ အဆုံးစွန် အသက်ကိုတောင် စွန့်နိုင်ရမယ်ဆိုတာမျိုးပါ။ ဒီတော့ နိုင်ငံရေးကို တော်ရုံတန်ရုံခံယူချက် မပြင်းထန်ဘဲနဲ့တော့ မလုပ်နိုင်ပါဘူး ။

ကိုယ့်ရည်ရွယ်ရင်းက ဒီနေ့သတင်းစာတွေ ဂျာနယ်တွေရဲ့ မီဒီယာနိုင်ငံရေးလို့ ဆိုရမယ့် အခြေအနေကို ပြောချင်တာပါ။ ဂျာနယ်ကိုတော့ တစ်ပတ်မှာ တစ်စောင်နှစ်စောင်လောက်ပဲ ဝယ်ဖတ်ဖြစ်ပါတယ်။ သတင်းစာကတော့ နေ့စဉ်ပုံမှန်လောက် ဝယ်ဖတ်ဖြစ်ပါတယ်။ ကိုယ်တွေ့ရသလောက် ပုဂ္ဂလိက သတင်းစာတွေ အထွက်နည်းသွားတယ်။ တွက်ခြေမကိုက်ဘူးထင်ပါတယ်။ Daily Eleven ,7 Day, Voice,  စံတော်ချိန် ၊ ပြည်မြန်မာ တို့ကတော့ ဇွဲရှိရှိနဲ့ ထွက်နေတယ်။ ဒီမိုကရေစီ သတင်းစာကတော့ ခုနောက်ပိုင်းမှ ထွက်တာ။ သူက တစ်စောင်တစ်ရာနဲ့တော့ရောင်းနေတာပဲ။

ဒီမိုကရေစီ စနစ်ကူးပြောင်းတဲ့ကာလမှာ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခဲ့တာ တစ်နှစ်ကာလကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ နေ့စဉ်ထုတ်သတင်းစာ တစ်စောင်အောင်မြင်ဖို့နဲ့ ပတ်သက်ပြီး ဘယ်လိုအင်္ဂါ၇ပ်တွေနဲ့ ညီညွတ်ရမယ်ဆိုတာ မတ် ၃၁ ရက်ထုတ် စံတော်ချိန်သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်မှာ ရေးသားထားတာ တွေ့ရပါတယ်။ ဘယ်လိုအင်္ဂါရပ်တွေလည်းဆိုတော့ လူအများစိတ်ဝင်စားအောင် ရေးသားနိုင်ရမယ်။ လူအများ နားလည်အောင် ရေးသားဖော်ပြနိုင်ရမယ်။ အနှစ်သာရရှိရှိ ရေးသားတင်ပြနိုင်ရမယ်။ မလိုအပ်တဲ့ အခါ အကျဉ်း မျှသာဖော်ပြပြီး လိုအပ်ပါက အကျယ်တဝင့် ရှင်းလင်းရေးသားနိုင်ရမယ်။ သုတနဲ့ ရသ၊ အပြောနဲ့ အပြကို မျှတစွာ ရေးသားဖော်ပြနိုင်ရမယ်တို့ ဖြစ်ပါတယ်။

နောက်ပြီးတော့ သတင်းစာတစ်စောင်မှာ ဖော်ပြထားတဲ့ သတင်း ၊ ကာတွန်း ၊ ဆောင်းပါးတွေဟာ အပြစ် ကင်းရမှာဖြစ်တယ်၊ ကောင်းကျိုးလိုလားတဲ့ စေတနာကို အခြေခံရမှာဖြစ်ပြီး ကောင်းကျိုးရှိရမှာဖြစ်တယ်။ ပညာရှိတို့ရဲ့ ကဲ့ရဲ့ခြင်းမှ လွတ်ကင်းရမှာဖြစ်ပြီး အခြားသတင်းစာ ၊ စာစောင် ၊ ဂျာနယ်တို့ကို ပုတ်ခတ်ခြင်း ကင်းရမှာဖြစ်တယ် ။ စာဖတ်ပရိသတ်တွေအတွက် အတွေးအခေါ် အသိအမြင်တိုးပွားဖို့ ညွှန်ပြနိုင်ရမှာ ဖြစ်ပြီး မကောင်းမှုကို မပြုမိစေရန် တားဆီးပေးနိုင်ရမှာဖြစ်တယ်လို့ဆိုပါတယ်။ မဟုတ်မမှန်တာကို အများသိစေဖို့ ထုတ်ဖော်ရုံသာမက ဟုတ်မှန်တာကိုလည်း ကိုယ်ကျိုးစွန့်ကာ ရဲဝင့်စွာ ရေးသားရမယ်လို့လည်း ဆိုပါတယ်။ နိမ့်ကျသူတွေ ၊ အဖိနှိပ်ခံပြည်သူတွေရဲ့ ရှေ့က ကာကွယ်ပေးရမှာဖြစ်ပြီး ဒီလိုရေးသားဖော်ပြတဲ့အတွက် ရာထူး ဂုဏ်သိမ် ၊ စည်းစိမ်ဥစ္စာကိုလည်း စွန့်ရတတ်ကာ ဒီလိုစွန့်တာသည်ပင် အတ္တနဲ့ လောဘကို သတင်းစာလုပ်ငန်း နဲ့ လက်တွေ့ပယ်သတ်နေတာ ဖြစ်တယ်လို့ တရားသဘောနဲ့ နွယ်ပြီး ပြောပါတယ်။

အမှန်စင်စစ် သတင်းစာလုပ်ငန်းဟာတဲ့၊ မိမိကိုယ်ကိုပေးဆပ်ပြီး လောကအတွက် ပူဇော်တာဖြစ်တယ်တဲ့။ အောင်မြင်တဲ့သတင်းစာ ဆိုတာတ၊ဲ့ ထုတ်ဝေတဲ့ စောင်ရေက အဓိကမကျဘဲ ၊ ဒီသတင်းစာကို ဖတ်ရှုခြင်းဖြင့် စာဖတ်ပရိသတ်တွေအဖို့ အကြောင်း အကျိုး ၊ အကောင်း အဆိုး ၊ အမှားအမှန်ကို ပိုင်းခြားသိမြင်တတ်တဲ့ ဉာဏ်နဲ့ အသိမှန် ၊ အမြင်မှန်ဘယ်လောက်ပေးစွမ်းနိုင်သလဲဆိုတဲ့ အချက်ဟာသာ အဓိကဖြစ်တယ်လို့ သုံးသပ်ထား ပါတယ်။ ဖော်ပြပါသဘောထား အချက်အလက်တွေဟာ ကိုယ့်အနေနဲ့ ကောက်နုတ်တင်ပြထားတာ ဖြစ်ပါတယ်။ ဂျာနယ်တွေလည်း ဒီသဘောတရားတွေ အတိုင်းပဲ ဖြစ်ပါလိမ့်မယ်။

ကိုယ်က သတင်းစာကို စံတော်ချိန်နဲ့ Daily Eleven ကို တော့ တစ်လှည့်စီ အလျဉ်းသင့်သလို ဝယ်ဖတ် ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ စံတော်ချိန်ကို မဖြစ်မနေဝယ်ဖတ်ဖြစ်ပါတယ်။ ဝတ္ထုတိုလေးတွေပါလို့ပါ။ ဂျာနယ်အနေနဲ့ကတော့ News Watch နဲ့ သူရိယနေဝန်းတို့ကို ဖတ်ဖြစ်ပါတယ်။ အထက်ကဖော်ပြထားတဲ့ အောင်မြင်တဲ့ သတင်းစာတစ်စောင်ဖြစ်ဖို့ တစ်နည်းအားဖြင့် ရောင်းအားကောင်းဖို့ အဓိကကျတာကတော့ လူအများ စိတ်ဝင်စားအောင် ရေးသားနိုင်ခြင်းဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီအချက်ကို အဓိကစွဲကိုင်ကျင့်သုံးနေတာကတော့ လပြည့်ပြီးရင် လကွယ်မယ်ဆိုပြီး နာမည်ကြီးသွားတဲ့ သူရိယအလင်းဂျာနယ် အတွဲ(၁) အမှတ်(၁၂)မှာ နောက်ဆုံး ထွက်ပြီးတဲ့နောက် မရှေးမနှောင်းမှာပဲ တစ်ပုံစံထဲ ထွက်ရှိလာတဲ့ သူရိယနေဝန်းဂျာနယ်ပဲ ဖြစ်ပါတယ်။ ပြည်သူ လူထု မသိခဲ့တဲ့ ၊ မသိသေးတဲ့ ၊ တစ်ခွန်းတစ်စသာသိခဲ့တဲ့ ကောလဟာလလိုလို ကိစ္စမျိုးတွေ အပါအဝင်ပေါ့ သမိုင်းကြောင်းတွေလှန်ပြီး အတွင်းရေးတွေကို နှိုက်နှိုက်ချွတ်ချွတ် စီစီစစ်စစ်ဖော်ထုတ်ရေးနေတဲ့ အတွက် လူအများ စိတ်ဝင်စားတဲ့ စာစောင်တစ်ခုဖြစ်နေပါတယ်။ တစ်ချို့ကလည်း အရှုပ်အဖွတွေနဲ့ လူတွေစိတ်ဝင်စားအောင် လုပ်တယ်တို့ ဒီကလောင်တွေရဲ့ နောက်ကွယ်က ဘယ်သူလဲဆိုတာ စုံစမ်းဖော်ထုတ်မယ်လို့ ဆိုတာတွေနဲ့ မီဒီယာချင်း ဝေဖန်ထားတာ တွေ့ရပါတယ်။ ဒါကတော့ သူ့မူနဲ့သူ ကိုယ့်မူနဲ့ကိုယ်ပေါ့နော်။ ဒီနေ့လို မီဒီယာ လွတ်လပ်ခွင့် တော်တော်များများ ရနေတဲ့ကာလမှာ သူလည်း သူရေးချင်တာရေး ကိုယ်လည်း ကိုယ်ရေးချင်တာရေးပေါ့ (နိုင်ငံတော် လျှို့ဝှက်ချက်ဆိုတာမျိုးတော့ သွားမရေးနဲ့ပေါ့ ၊ ကိုယ်လည်း အကျိုးမရှိသလို စာဖတ်သူအတွက်လည်း သိသွားရလို့ အကျိုးမရှိပါဘူး) စာစောင်တစ်ခုအောင်မြင်ဖို့ဆိုတာ စာဖတ်သူတွေကပဲ အဆုံးအဖြတ်ပေးသွားပါလိမ့် မယ်။ ပညာရပ်ဆိုင်ရာ ဂျာနယ်တွေကလွဲရင် ကျန်တဲ့ ဂျာနယ်တွေဟာ နိုင်ငံရေးအသားပေးဂျာနယ်တွေလို့ပဲ ပြောရမှာပါ။ လူ့သဘာဝဆိုတာကလည်း မသိစေချင်တာကိုမှ သိချင်ကြတာမဟုတ်လား။ ပိုပြီးဖုံးကွယ်ထားတာ ကို ပိုပြီးသိချင်လေပဲ။ ဂျာနယ်တွေထဲမှာ သူရိယနေဝန်းဂျာနယ်ကတော့ Hot  အဖြစ်ဆုံးပဲလို့ ထင်တာပဲ။ မျက်နှာဖုံး ဆောင်းပါးတွေအနေနဲ့ကို အချပ်ပို သုံးရွက်လောက်ပါပြီး အကျယ်တဝင့် ရေးထားကြတာတွေ့ရပါတယ်။ နှိုက်နှိုက်ချွတ်ချွတ် ရေးတတ်ကြတဲ့ အဓိက ဆောင်းပါးရှင်တွေဖြစ်တဲ့ စစ်သူရဲဗလမင်းထင်တို့ ၊ ထောင်သူရဲ ဘအုပ်တို့ ၊ တောင်သမန်အင်း ငကင်းတို့ဆိုတာတွေက မြန်မာပြည်ရဲ့ စနိုးဒင်တွေလို့ပဲ ပြောရမယ်ထင်ပါတယ်။စနိုးဒင်ကတော့ အမေရိကန်အစိုးရရဲ့ ကာကွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေတဲ့သူပါ၊ ကိုယ်ဆိုလိုချင်တာက ဒီသဘော လောက်တော့ မဟုတ်ပါဘူး၊ အရင်တုန်းက လူကြီးတွေနဲ့ပတ်သက်ပြီး အတွင်းကျကျကိစ္စတွေ ၊ အတွင်းစည်းမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စမျိုးတွေ(ဥပမာ-ပထမဆုံးဒုသမ္မတ(၁)ဖြစ်သူ အနားယူသွားတဲ့ကိစ္စမျိုးပေါ့၊ ကိုယ်တွေထင်ထာတာက တစ်မျိုးလေ၊ သိချင်ရင် သူရိယနေဝန်းဂျာနယ်အတွဲ(၁) အမှတ်(၁၉)ကို ရှာဖတ်ကြည့်ပါ) ကိုစစ်စစ်ပေါက်ပေါက်ရှာဖွေရေးတတ်တာကို ပြောတာပါ၊ ခရိုနီဆိုတဲ့သူတွေရဲ့ အကြောင်းတွေကိုလည်း ဒီအတိုင်းပါပဲ၊ ဒါ့ကြောင့် စနိုးဒင် ဘယ်သူလဲဆိုတာ သိတဲ့သူတွေ သူတို့ဘာတွေ ရေးကြလဲဆိုတာ ဖတ်ဖူးသူတွေ သိပြီး ဖြစ်သလို မဖတ်ဖူးသေးတဲ့သူတွေကလည်း မှန်းဆနိုင်ပါလိမ့်မယ်။ ကျန်တဲ့ ပင်တိုင်ဆောင်းပါးရှင်တွေဖြစ်တဲ့ မိုးဟိန်း (၈၈ အရေးတော်ပုံ) ၊ ကိုထွားကြီး (၈၈ အရေးတော်ပုံ) တို့ဟာလည်း ဒီလိုပါပဲ ။ ဒါဟာ မီဒီယာနိုင်ငံ ရေးလို့ပဲ ပြောရမှာပါ။ သူတို့တွေဟာ စွန့်စားပြီး ရေးကြတာပါ။

စာနယ်ဇင်းတွေရဲ့ မီဒီယာနိုင်ငံရေးနဲ့ ပတ်သက်လို့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ။ ကိုယ့်ဘဝရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ နိုင်ငံရေး ခေတ်တွေနဲ့ အရေးအခင်းတွေတုန်းက ကြုံဆုံခဲ့ရတဲ့ အဖြစ်အပျက်ကလေးတွေ ထည့်ရေးမိလို့ ဆောင်းပါး ရှည်သွားမိတာ ခွင့်လွှတ်ပါလို့ တောင်းပန်ချင်ပါတယ်။ CEO နဲ့တကွ အဖွဲ့သားအားလုံး မြန်မာ့နှစ်သစ်မှာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း နဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *