သင်္ကြန်မကျခင် တစ်ရက်အလိုက အိမ်မှာ ဘုရားပန်းလဲဖို့ ရှိတာရယ်၊ အတာအိုးထိုးဖို့ သင်္ကြန်ပန်းလည်း လိုချင်တာနဲ့ ဈေးကိုသွားဝယ်ပြီး အပြန်မှာ ဟိုတစ်လောက ကန်ထရိုက်တိုက် ဆောက်မယ်ဆိုတဲ့ ကိုမြင့်အောင်နဲ့တွေ့လို့ စကားစမြည်ပြောရအောင် နီးစပ်ရာ လက်ဖက်ရည်ဆိုင်ကို ဝင်လိုက်တယ်။ ဆိုင်ရဲ့ အတွင်းမကျတကျ စားပွဲခုံပုလေးတစ်ခုမှာ ဝင်ထိုင်လိုက်ကြပြီးတော့ သူကချိုကျတစ်ခွက် ကိုယ်ကပုံမှန်တစ်ခွက် မှာလိုက်တယ်။ စားပွဲထိုးကလေးတွေ လက်ဖက်ရည် လာမချသေးခင်ပဲ ကိုယ်ကစပြီး “ကိုမြင့်အောင်တို့ အိမ်ကိစ္စက ဘယ်လိုလဲ” ဆိုပြီးမေးလိုက်တယ်။
“ဧပြီ (၄) ရက်နေ့ကတော့ soil testလုပ်ဖို့ မြေကြီးနမူနာ လာယူသွားတယ်။ ပါလာတဲ့ အင်ဂျင်နီယာ ကောင်မလေးကတော့ နှစ်လလောက်ပဲ ကြာမှာပါလို့ ပြောသွားတာဘဲ။ မြေကြီးတူးတော့ ကျွန်တော်တို့ဘက်က တူးလို့မရဘူး။ အိမ်ရှေ့ရော အိမ်နောက်ရော တူးရမှာ၊ ကျွန်တော်တို့အိမ်ရှေ့က ပထမ အင်္ဂတေအခင်း တစ်ထပ်ရှိတယ်။ မိုးတွင်းမှာ ရေဝင်လို့ဆိုပြီး နောက်တစ်ထပ် ခင်းထားတာ။ သူတို့တူရွင်းနဲ့တူးတာ အဆင်မပြေဘူး ဖြစ်နေတယ်။ အပေါ်မှာလည်း အမိုးကရှိနေတာ့ အားနဲ့ပါးနဲ့မြှောက်ပြီး တူးလို့မရဘူးပေါ့။ အင်္ဂတေအခင်းက အပေါ်တစ်ထပ်ပဲပေါက်တယ်။ နောက်ဖေးကလည်း ကျွန်တော်တို့ မီးဖိုဆောင်အခန်းက ပျဉ်ပြားတွေမကောင်းတော့လို့ ခွာပြီး ဖော်မီကာအပြားကြီးတွေ ခင်းထားတော့ သူတို့ခွာပြီး မြေကြီးတူးဖို့က မလွယ်ပြန်ဘူး။ အဲ့ဒါနဲ့ပဲ တစ်ဘက်အခန်းက အိမ်ရှေ့ခေါင်းရင်းဖက် လွတ်နေတဲ့နေရာက မြေကြီးနမူနာရယ်၊ သူတို့မီးဖိုခန်းက ပျဉ်ပြားတွေခွာပြီး နောက်ဘက် မြေကြီးနမူနာရယ် တူးပြီးယူသွားတယ်။ တဆင့်တော့ ပြီးသွားပြီပေါ့ဗျာ။ General power လွှဲတာတွေဘာတွေတော့ သူတို့ဘဲ လိုက်လုပ်နေတယ်။”
ကိုယ့်ရဲ့အမေးကို ကိုမြင့်အောင်ပြန်ဖြေသွားတာက အရှည်ကြီးပဲ။ သူကပဲ ဆက်ပြီး ပြောပြန်ပါတယ်။
“အိမ်ကိစ္စကတော့ သိပ်ပြီး စိတ်မပူတော့ပါဘူးဗျာ။ အချိန်တန်ရင် သူဟာသူ ပြီးသွားပါလိမ့်မယ်။ တစ်ခုပဲရှိတယ်။ ကျောင်းတွေမဖွင့်ခင် ပြောင်းရရွှေ့ရရင်တော့ ကောင်းမယ်။ မိုးကျလာပြီဆိုရင် ပြောင်းဖို့ရွှေ့ဖို့ သယ်ရပြုရတာ မလွယ်ဘူးမဟုတ်လား။ အိမ်ကိစ္စ စိတ်မပူရတော့ဘူးဆိုမှ တူအကြီးကောင်က ဆေးရုံတင်လိုက်ရသေးတယ်။ ဘခက်လေ သိတယ်မဟုတ်လား။”
“ပြောပါအုံး၊ ဘာဖြစ်လို့လဲ၊ ဟိုတလောကတွေ့တော့ အကောင်းကြီးပါ”
“ဒီလိုဗျ။ သူဒီလိုဖြစ်တာ တစ်ခါနှစ်ခါ မကတော့ဘူး။ သူပြနေကျ ဆရာဝန်ကတောင် မင်းဒီတစ်ခါ နောက်ဆုံးပဲနော်။ နောက်တစ်ခါဖြစ်ရင် ငါ့လာမခေါ်နဲ့လို့ စိတ်ဆိုးပြီး ပြောသွားသေးတယ်။ ကျွန်တော်တို့နဲ့ အတူတူလာနေမှပဲ နှစ်ခါရှိပြီဖြစ်တာ။ ကျွန်တော်တို့နေပြည်တော်မှာ ရှိနေတုန်းကလဲ ဖြစ်သေးတယ်ပြောတယ်။”
“ကဲ လင်းစမ်းပါအုံးဗျာ။ ဒီကောင်က ရှပ်ကီသမားလို့တော့ သိရတယ်။ ဘီပိုးလား၊ စီပိုးလား၊ အသဲဖြစ်တာလား။”
“မဟုတ်ဘူးဗျာ၊ အဲ့ဒါတွေက အခုဆေးရုံတက်တုန်းက စစ်လိုက်တာ၊ ဘာမှမရှိဘူးပြောတယ်။ သူကဖြစ်လိုက်ရင် ခြေတွေလက်တွေ မလှုပ်နိုင်တော့ဘူး။ အိပ်နေရင်းတောင် ခေါင်းကို ဟိုဖက်ဒီဖက် မလှည့်နိုင်တော့ဘူး။ သူများက လှည့်ပေးရတယ်။ အိပ်ရာထဲမှာ ကိုယ့်ဖာသာ ထမထိုင်နိုင်တော့ဘူး။ သူများကထူပြီးတော့ နံရံမှာ မှီထားပေးရတယ်။ ပြောရရင်တော့ဗျာ။ လေဖြတ်သွားသလိုမျိုးပဲ။ ဒါပေမဲ့ ကိုယ်တွေလက်တွေ သေသွားတာလည်း မဟုတ်ဘူး။ ခံစားမှုက ရှိနေတယ်။ တစ်ကိုယ်လုံးမှာရှိနေတဲ့ ကြွက်သားတွေ အားနည်းသွားတာ။ သူဒီလိုဖြစ်ခါနီးရင် မစားချင်မသောက်ချင် ဖြစ်လာတယ်။ အဲ့ဒီလိုဖြစ်လာရင် ပထမတစ်ရက် ဆေးခန်းကို ကိုယ်တိုင်သွားနိုင်သေးတယ်။ အကြောပြေဆေးထိုးတယ်။ နောက်ရက်တွေတော့ ဆရာဝန်ကို အိမ်ပင့်ရတယ်။အဲ အကြောပြေဆေး လေးငါးလုံးလောက် သွင်းပြီးသွားရင်တော့ ကောင်းသွားပြန်ရော။ တစ်ရက်နှစ်ရက်လောက်တော့ လမ်းလျှောက်လို့ သိပ်မကောင်းသေးဘူး။ လက်ကလည်း အကိုင်အတွယ် သိပ်မကောင်းသေးဘူး။ လေးငါးရက်လောက်ကျတော့ ပုံမှန်ပြန်ဖြစ်သွားရော။ ပုံမှန်ပြန်ဖြစ်တော့လည်း အရက်ဆိုင်ဘက် ပုံမှန် ပြန်လှည့်ပြန်တော့တာပေါ့ဗျာ။”
“နေပါအုံး ကိုအောင်မြင့်ရ၊ ခါတိုင်းတော့ ဆရာဝန်ပင့်ပြီး အကြောပြေဆေးသွင်းလိုက်ရင် ကောင်းသွားတယ်ပြောတယ်။ ဒီတစ်ခါ ဘယ်လိုဖြစ်လို့ ဆေးရုံတက်ရတဲ့အဖြစ် ရောက်သွားတာလဲ”
ကိုယ်ကလည်း ဗျူးလက်စနဲ့ ကိုမြင့်အောင်ကို ဆက်ဗျူးလိုက်တယ်။ ဖန်ခွက်ထဲက လက်ဘက်ရည်က ကုန်သွားပြီမို့ ရေနွေးကြမ်းနဲ့ ကျင်းလိုက်ပြီး ရေနွေးကြမ်း ငှဲ့ထည့်လိုက်တယ်။ ပြီးတော့ အေးအောင် တစ်ချက်နှစ်ချက် မှုတ်လိုက်ပြီး ရေနွေးကြမ်းတစ်ကျိုက် မော့လိုက်ရင်း ကိုမြင့်အောင်ရဲ့ စကားအဆက်ကို စောင့်နေလိုက်တယ်။
“ဒီလိုဗျ” ကိုမြင့်အောင်ရဲ့ ဒုတိယမ္ပိ ဒီလိုဗျပြီးတော့ ဆက်ပြောတာက “ဒီတစ်ခါဖြစ်တာက ချွဲတွေပါ ကြပ်လာတာဗျ။ နေအုံးဗျ။ ဒီလိုမဖြစ်ခင် သုံးလေးရက်လောက်က ညနေတိုင်းဆို အဖျားတွေ တက်တက်လာတယ်။ ကျွန်တော်တို့လည်း တိုက်ဖိုက်လား၊ တီဘီလား ဘာလားပေါ့။ သူ့ဖာသာသူတော့ ဖြစ်တော့မှာသိလို့ အကြောဆေးထိုးရအောင် ဆေးခန်းကိုသွားတယ်။ အပူချိန် ၁၀၂ လောက်ရှိနေလို့ ဆရာဝန်က အကြောဆေး မထိုးပေးလိုက်ဘူး။ အဲ့နောက်နေ့မှာ စဖြစ်တော့တာပဲ။ ထမင်းစားလို့ မရဘူးဆိုတော့ သူ့အမေက ကိတ်မုန့်နဲ့ အချိုရည်နဲ့ ကျွေးတယ်။ သူက လည်ပင်းကြွက်သားတွေကပါ အားနည်းသွားတော့ တံတွေးတောင် မျိုချလို့မရဘူး။ ရေလည်း သောက်လို့မရဘူး။ ဒီကြားထဲမှာ ချွဲတွေထလာပြီးတော့ ဟပ်ထုတ်ပြီးလည်း မထွေးနိုင် မျိုလည်းချလို့မရနဲ့ ချွဲတွေလည်း ပါးစပ်ထဲမှာ ပြည့်လာပြီးတော့ နေရထိုင်ရခက်လာတယ်။ အသက်ရှုရလည်း ကြပ်လာတယ်။ အဲ့ဒီမှာ သူ့ဟာသူ ကြောက်လာပြီး ကျွန်တော်ကို ဆေးရုံပို့ပါတော့ဆိုတာနဲ့ ဆေးရုံတင်လိုက်ရတာ”
“အေးဗျ ဆေးရုံတက်ရတာလဲ မလွယ်ဘူး။ လူနာစောင့် တစ်ယောက်လောက် ရှိအုန်းမှ။ ဒါမှ ဘာဝယ်ဦး ညာဝယ်ဦးဆိုရင်ပြေးဝယ်ရတာ။ ကိုယ့်ဖာသာ မလုပ်နိုင်တဲ့သူဆို အပေါ့အလေးကအစ လုပ်ပေးရတာ။”
“ဟုတ်ပါတယ်၊ ဆေးရုံကို သူ့အမေရယ်၊ သူ့ညီရယ်၊ အိမ်နားက ကောင်လေးနှစ်ယောက်ရယ် လိုက်သွားတယ်။ သူ့ကိုကားပေါ်ကို ပွေ့ချီပြီး တင်သွားရတာ ရောက်ရောက်ချင်းဘဲ Dripတစ်လုံး တန်းချိတ်ပေးတယ်။ ပြီးတော့ဓါတ်မှန်ရိုက်၊ သွေးစစ်တာတွေ လုပ်ရတယ်။ ဆရာမတွေကတော့ ပိုတက်ဆီယမ်ဓါတ် အားနည်းလို့ဖြစ်တာလို့ ပြောတယ်။ သာမာန်ဆိုရင် ၃ လောက်ရှိရမှာ ၁.၇၇ ပဲရှိတယ်။ ဒီထက်နည်းသွားရင် နှလုံးရပ်ပြီး သေနိုင်တယ်လို့လည်း ပြောတယ်။ ညနေကျတော့ အငယ်ကောင်ပြန်လာပြီး ဆေးတွေဝယ်ရတာ ပိုက်ဆံမလောက်လို့ဆိုတာနဲ့ ကျွန်တော့်မိန်းမ ပိုက်ဆံယူပြီး လိုက်သွားရတယ်။ ညပိုင်းကျတော့ စောင့်မယ့်လူ ရှာမရတာနဲ့၊ သူများနဲ့ဆိုရင်လည်း ချေးကလူ၊ သေးကလူ လုပ်ပေးရမှာဆိုပြီး စိတ်မချတာနဲ့ သူ့အမေပဲ စောင့်မယ်ဆိုလို့ မမြင့်ကိုထားခဲ့ပြီး ကျွန်တော့်မိန်းမက ပြန်ခဲ့တယ်။ သူ့အဖေကလည်း အလုပ်သွားနေရတာဆိုတော့ ညဖက် မစောင့်နိုင်ဘူး။ ဒါနဲ့ညဖက် ယောက်ဖလုပ်တဲ့သူ ပြန်လာတော့ အမေက နေကောင်းတာမဟုတ်ဘူး၊ သူပါ လဲသွားလိမ့်မယ်ဆိုပြီး အဲ့ဒီပထမညက ယောက်ဖသွားစောင့်တယ်။ သူလည်း အဲ့ဒီတစ်ညဘဲ စောင့်နိုင်တယ်။ ပြိုင်းသွားတယ်။ အိပ်ရေးပျက်တာကိုး။ လူနာစောင့်တယ်ဆိုတာ စိတ်ချလက်ချ အိပ်လို့မှမရတာ။ တစ်ညလုံး ဟိုဘက်လှည့်ပေးပါအုံး၊ ဒီဘက်လှည့်ပေးပါအုံး၊ ရေသောက်ချင်လို့၊ သေးပေါက်ချင်လို့နဲ့။ ပြီးတော့ အိပ်စရာနေရာလည်း မရှိ။ လူနာကုတင်ပေါ်ဘဲ တက်မှေးရတာ။ လူနာတွေ ဘယ်လောက်များလဲဆိုရင် ဧည့်သည်ထိုင်ဖို့ထားတဲ့ ခုံတန်းရှည်သုံးလုံးဆက်ပြီး လူနာတင်ကုတင်တွေ လုပ်ထားရတယ်ပြောတယ်။ ဒီကောင်တက်ရတဲ့ Physical Ward 1, 2 မှာလူတွေမှ အပြည့်ပဲတဲ့။ အသည်းအသန် လူနာတွေ ချည်းဘဲပေါ့။
“ကဲ ပြောပါဦး၊ နောက်နေ့ညကျတော့ ဘယ်သူစောင့်လဲ””
“ယောက်ဖက သူလည်းအလုပ်ရှိတာဆိုတော့ နောက်တနေ့ ဆက်မစောင့်နိုင်တော့ဘူးလေ။ အငယ်ကောင်ကို သူ့အဖေက မုန့်ဖိုးပေးမယ် စောင့်ဖို့ပြောတာကို ပထမရက်က အမေနဲ့ ဘာတွေစကားများလာလည်းမသိဘူး၊ မစောင့်နိုင်ဘူးဆိုလို့ သူ့အမေပဲ အဲ့ဒီညက စောင့်လိုက်ရတယ်။ ကိုယ်ကိုတိုင်က ကျန်းမာတာ မဟုတ်ပဲနဲ့ မိခင်မေတ္တာပေါ့လေ။ ဘယ်လောက်ဆိုးသွမ်းတဲ့ သားဖြစ်ပါစေ။ အမေတွေက မေတ္တာ စေတနာ မပျက်ပါဘူး။ နောက်တစ်နေ့ညကျတော့ သူ့အဖေက အလုပ်ပိတ်လိုက်ပြီဖြစ်လို့ အဖေပဲ ညစောင့်လုပ်ပါတယ်။ သူ့အဖေက နေ့ရောညရော နှစ်ရက်စောင့်ပြီး နောက်တစ်နေ့ ဆေးရုံကဆင်းရပါတယ်။ အကြိုနေ့မတိုင်မီ တစ်ရက်ကပေါ့။ အားလုံးလေးညအိပ် ငါးရက်ကြာသွားတယ်။”
“ဒါနဲ့ ဆေးရုံက ဘာရောဂါလို့ပြောလဲ”
“ယမကာသမားတွေ ဖြစ်တတ်တဲ့ ပိုတက်စီယမ်ဓါတ် နည်းသွားတာလို့ ပြောတယ်။ ကြွက်သားတွေ ကျုံ့နိုင်ဆန့်နိုင်စွမ်း အားနည်းသွားတာပေါ့။ ကိုယ်တွေထင်သလို အဆုတ်လည်း မဟုတ်ဘူး။ ဒီနေရာမှာ ငိုအားထက် ရယ်အားသန်ဆိုတဲ့ အဖြစ်ကို ပြောရဦးမယ်။ ဆေးရုံရောက်တော့ ဓါတ်မှန်သွားရိုက်ရတယ်။ ဓါတ်မှန်ရိုက်တဲ့အခါကျတော့ ရင်ခေါင်းနေရာမှာ အကွက်ကြီးဖြစ်နေတယ်။ အားလုံးကလည်း ဟယ် ဒါဆို အဆုတ်မကောင်းတော့ဘူးပေါ့။ ကနဦးမှာ ချွဲတွေကလည်း အရမ်းထွက်တယ် မဟုတ်လား။ အဆုတ်က တော်တော်အခြေအနေဆိုးနေပြီလား စိုးရိမ်သွားကြတယ်။ ဆေးရုံကလည်း ဘာမှမပြောဘူး။ ဆေးရုံမဆင်းခင် တစ်ရက်က ဓါတ်မှန်ထပ်ရိုက်ရတယ်။ အဲ့ဒီတော့မှ အားလုံးကောင်းတယ်ဆိုတာ သိရတယ်။ ဖြစ်ချင်တော့ ဒီလိုပထမအကြိမ် ဓါတ်မှန်ရိုက်တုန်းက အင်္ကျီလှန်ပေးရတာ ဒီကောင်က လက်ကမသန်တော့ အပေါ်ကို အားလုံးဆွဲမလှန်နိုင်ဘူး။ အဲ့ဒီမှာဓါတ်မှန်ထဲမှာ အင်္ကျီစကြီးပါသွားတော့ အကွက်ကြီး ဖြစ်နေတာပေါ့။ အဲ့ဒါကို အားလုံးက ထိတ်လန့်သွားကြတာ။ ဆေးရုံကလည်း မသေချာလို့ ထပ်ရိုက်တာ။”
“ အေးပေါ့ဗျာ။ လူတွေကလည်း နေထိုင်မကောင်းဖြစ်တော့မှ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုတာကို သတိရကြတာ။ ကျန်းမာနေတုန်းတော့ စားချင်တာစား၊ သွားချင်တာသွား၊ နေချင်သလိုနေ။ ရောဂါဝေဒနာ ဖြစ်လာပြီဆိုတော့မှ အမေကယ်ပါ၊ အဖေကယ်ပါ ဖြစ်ကြတာလေ။ ရောဂါဝေဒနာဆိုတာက သေးသေးလေးလည်း မကောင်းဘူး။ ကြီးကြီးလည်း မကောင်းဘူး။ ကျွန်တော်ဆို အရင်တုန်းက နှာအမြဲမွှန်တယ်။ ရာသီဥတု ပူပူအေးအေး အဲဗားဖြစ်တာ။ နှာရည်တွေကျတယ်၊ နှာချေတယ်။ ဘာအလုပ်မှ ကောင်းကောင်းလုပ်လို့မရဘူး။ အရမ်း စိတ်ညစ်ဖို့ကောင်းတယ်။ ဘာမီတွန်တို့၊ အက်စီထရင်တို့ဆိုတာ ပဲလှော်စားသလိုဘဲ စားနေရတာ။ အဲ့ဒါတွေ အမြဲသောက်နေရတော့လည်း လူက ထိုင်းမှိုင်းတာပေါ့။ နှာမွှန်တယ်ဆိုတာ ဒါရောဂါအသေးအမွှားလေးနော်။ ဒါတောင် ဘယ်လောက်စိတ်ညစ်ရလဲ”
“ဟုတ်တယ်ဗျ၊ ကိုယ့်ဖာသာဘာမှ မလုပ်နိုင်တဲ့အဖြစ်က ပိုဆိုးတယ်။ ကျွန်တော့်မိန်းမနဲ့ သူတို့ညီအမတွေ စောင့်တဲ့တစ်ရက်က ဒီကောင် အိမ်သာသွားချင်တယ်ဆိုလို့ ညီအမနှစ်ယောက် တွဲပြီးပို့ကြတယ်။ ကုတင်ကလည်း အိမ်သာနဲ့နီးလို့ တော်သေးတယ်။ အိမ်သာရောက်တော့ ခြေထောက်က အိမ်သာပေါ်တက်ဖို့မ,မနိုင်ဘူး။ အဲ့ဒီမှာမအောင့်နိုင်ပဲ အီးတွေထွက်ကျရော ဆိုပါတော့။ အီးတွေကျုံးရ၊ ရေတွေဆေးပစ်နဲ့ အလုပ်ရှုပ်သွားတာပေါ့။ ဘယ်လောက်ဒုက္ခများလဲ။ ဒါကြောင့် ကျန်းမာရေးက အရေးကြီးတယ်၊ ကျန်းမာရေးကို ဂရုစိုက်လို့ ပြောနေကြတာပေါ့ဗျာ။”
“အခု ရန်ကုန်ဆေးရုံကြီးကရော ဘယ်လိုလဲဗျ။ ဝန်ဆောင်မှုတွေ ကောင်းလာပြီလို့ ပြောသံကြားတယ်။”
“ဟုတ်ပါတယ်၊ ဆေးရုံရောက်ရောက်ချင်း တတ်နိုင်လား မတတ်နိုင်ဘူးလား မေးပါတယ်။ တတ်နိုင်ပါတယ်ဆိုတော့ ဆေးတွေဘာတွေ လိုက်ဝယ်ဖို့ ညွှန်ကြားပါတယ်။ ဆေးရုံအောက်က ဆေးဆိုင်ကလည်း အပြင်ထက်စာရင် သက်သာတယ်ပြောတယ်။ ဆေးရုံမှာသွေးစစ်တာ ၁၀ဝ၀၊ ဓါတ်မှန်ရိုက်တာ ၁၅၀ဝပဲကျတယ်။ ဆရာဝန်တွေ ဆရာမတွေလည်း စောင့်ရှောက်မှု ကောင်းပါတယ်တဲ့။ လူနာတွေက အရမ်းများလွန်းတော့ ဆရာမတွေ စိတ်မရှည်တဲ့အခါလည်း ရှိတာပေါ့ဗျာ။ တကယ်တမ်းက ဆေးရုံဆိုတာလည်း မစည်ကားသင့်တဲ့ အရပ်ထဲမှာ ပါပါတယ်။ သင်္ကြန်မတိုင်ခင်မှာတော့ သက်သာတဲ့လူနာတွေကို တစ်ယောက်ပြီးတစ်ယောက် ပေးဆင်းနေပါတယ်။ ရုံခါတာပေါ့။ သင်္ကြန်တွင်းမှာ အသည်းအသန်တွေ ဘယ်လောက်ရောက်လာအုံးမလဲ မသိဘူးလေ။”
“အေးဗျာ ဒီကောင်ဘခက်လည်း ပြန်မသောက်ရင်တော့ ကောင်းမယ်။ ဖြစ်တာ တစ်ခါနှစ်ခါလည်း မဟုတ်တော့ဘူးလေ။ အခုအတိုင်းဆို ဘယ်လိုခံစားခဲ့ရလည်း ဆိုတာသိတာဘဲ။ ခံစားရတယ်ဆိုတာက သူ့ရောဂါက နာကျင်မှုကို ခံစားရတာတော့ မဟုတ်ဘူး။ ကိုယ့်ဖာသာ ဘာမှလှုပ်ရှားလို့မရတာ။ မြင်သာအောင်ပြောရရင် တစ်ကိုယ်လုံး ကြိုးနဲ့တုပ်ထားသလိုဘဲ ပြောရမလား။ သူများက အကုန်လုပ်ပေးရတာ။ အဲ့ဒီတော့ စိတ်ထဲမှာ အားမရဘူးပေါ့။ ကိုယ်ပြောတာ သူများက နားမလည်တဲ့အခါကျတော့ တလွဲတွေ လုပ်ပေးနေမိပြန်ရင်လည်း စိတ်တိုင်းမကျဘဲ ဒေါသဖြစ်မိပြန်ရော။ ဘာမှမကောင်းဘူးပါဗျာ ဟုတ်လား။”
“ဆေးရုံက ဆင်းလာပြီးတော့ သူ့အဖေက ပြန်သောက်မှာ စိုးရိမ်တယ်ဗျ။ အပြင်တောင် သိပ်မထွက်စေချင်ဘူး။ ဒီကောင် အပြင်ထွက်သွားပြီဆိုရင် ဘယ်သွားတာလဲ ဘာလဲနဲ့ သူ့အမေကို ဆူတော့တာဘဲ။ သင်္ကြန်တွင်းကလည်း ဖြစ်နေတယ်လေ။ ပြန်သောက်ရင် ပြန်ဖြစ်မှာဘဲ။ ဘယ်လောက်ဒုက္ခရောက်လည်းဆိုတာ သူလည်းသိတာဘဲ။ သူဆေးရုံတက်တာ ၁သိန်းနီးပါးလည်း ကုန်သွားတယ်”
ကိုယ်တွေလည်း လက်ဘက်ရည်ဆိုင်မှာတင် ဘခက်ရဲ့ အတ္ထုပ္ပတ္တိနားဆင်ရတာနဲ့ တစ်နာရီလောက် ကြာသွားတယ်။ ဘုရားပန်းလေးဝယ်တာ ဒီလောက်ကြာရသလားဆိုပြီး အိမ်ကျရင် မဟေသီရဲ့ ဗျစ်တောက်ဗျစ်တောက်အသံကို နာခံဖို့ပြင်ဆင်ရင်း ကိုမြင့်အောင်ကို စကားလက်စသတ်ပြီး လက်ဘက်ရည်ဆိုင်ထဲကနေ ထပြီး ထွက်ခဲ့ပါတယ်။
မနေ့က နှစ်ဆန်းတစ်ရက်နေ့ ဘခက် ဆိုက္ကားပြန်ထွက်တာ တွေ့လိုက်တယ်။ မနက်အစောကြီးဘဲ ရှိသေးတယ်။ ကိုယ်တွေကတောင် ဘခက်တစ်ယောက် ဝီရိယ ကောင်းလှချည်လားပေါ့။ ညနေဘက်ကျတော့ ကိုယ်တွေလမ်းထဲက ဖြတ်ပြန်သွားတာ မြင်းဖြူဘဲလား မြင်းညိုဘဲလား စီးလို့။ “ခွေးမြီးကောက် ကျည်တောက်စွပ်”ဆိုတဲ့ စကားပုံက ရှေးလူကြီးသူမတွေက အလကားထားသွားတာမှ မဟုတ်ပဲလားခင်ဗျာ။
TZO