Opinion

ယာဉ် အန္တရာယ် ကင်းစေဖို့အတွက် ပြည်တွင်း၊ ပြည်ပမှ နည်းစနစ်ကောင်းများ

ကားပိုင်ရှင်အားလုံး စိတ်အနှောက်အယှက် ဖြစ်စေမယ့် အခြေခံ အကြောင်းအရာများကတော့ ကားမောင်းနေရင်း စက်သုံးဆီ ကုန်ခန်းသွားခြင်း၊ ကားဘီး ပေါက်သွားခြင်းတို့လ့ို ဆိုလျှင် မှားမည် မထင်ပါ။ ထိုသို့ ဖြစ်ပေါ်ရခြင်းများမှာလည်း ကားပိုင်ရှင် (သို့) မောင်းနှင်သူများ၏ စိတ်ထွေပြားမှု၊ သတိမဲ့မှုကြောင့်များသာလည်း ဖြစ်ပေါ်မှု များကြတာပါ။ သတိလျစ်လျောမှု တစ်ခုကြောင့် မောင်းနှင်နေရင်း စက်သုံးဆီ ကုန်လို့ လွန်စွာ စိတ်အနှောက်အယှက် ဖြစ်မည်ဆိုရင်တော့ ယာဉ်တိုက်မှု ဖြစ်ပွားမိလို့ကတော့ ရှင်းပြစရာ လိုမည်ဟု မထင်ပါ။ အားလုံး ကြားဖူးနား၀ ရှိသည့်အတိုင်း ယာဉ်တိုက်မှုဆိုလျှင် ‘‘မတော်တဆ’’ ဆိုသည့် အသုံးအနှုန်းဆိုတာလည်း ယာဉ်မောင်းနှင်သူများ သုံးစွဲလေ့ ရှိသည့် ဆောင်ပုဒ် တစ်ခုပါ။

ထို့ကြောင့်လည်း ယနေ့ခေတ်ကြီး၌ မော်တော်ယာဉ် ထုတ်လုပ်သူများမှ ထိုသို့ မတော်မဆ ယာဉ်တိုက်မှုများ နည်းပါးစေရန်အလို့ငှာ ကား အသစ်များတွင် နည်းပညာ အသစ်များ ထည့်သွင်းကာ ထုတ်လုပ်လျက် ရှိကြတာပါ။ ပြည်တွင်း၌ ရှိနေပြီဖြစ်သော နောက်ဆုံးပေါ် ကားများတွင် သတိထားမိမှာတွေကတော့ မော်တော်ယာဉ်အတွင်း ၀င်ထိုင်လိုက်သည်နှင့် မိမိ ဟန်းဖုန်းက ကားထဲမှ စပီကာတွေ မိုက်တွေကို ဘလူးတု နည်းပညာဖြင့် အလိုအလျောက် ချိတ်ဆက်လိုက်ခြင်းပါပဲ။ ထိုသို့ ချိတ်ဆက်လိုက်ခြင်းကြောင့် ယာဉ် မောင်းနှင်နေရင်း ဖုန်းခေါ်ဆိုခြင်း၊ ဖုန်းခေါ်ဆို မှုကို ပြန်လည် ဖြေကြားခြင်းဆိုသည့် အချိန်အခါမျိုး၌ မိမိ အိတ်ထဲမှ ဟန်းဖုန်းကို တကူးတက နှိုက်ထုတ်စရာ မလိုပဲ ကားအတွင်းရှိ မိုက်ခရိုဖုန်းနှင့် စပီကာများမှ တဆင့် ဖြေကြား ခေါ်ဆိုနိုင်ခြင်းပါပဲ။ ဤစနစ်ကတော့ ဖုန်းပြောကြား၊ ဖုန်း ခေါ်ဆိုခြင်းကြောင့် ယာဉ်တိုက်မှု မတော်တဆ ဖြစ်နိုင်မှုကို အဟန့်အတား ဖြစ်စေနိုင်သည့် ကားထုတ်လုပ်သူများ၏ ကြိုးစားမှု တစ်ရပ်ပါ။

သို့ပေမယ့်လည်း ဟန်းဖုန်းကြောင့် ဖြစ်တဲ့ မတော်တဆ ယာဉ်တိုက်မှုအပြင် ယာဉ်မောင်းသူများ၏ ပုံစံမျိုးစုံဖြင့် သတိမဲ့မှု ပြုခြင်းများကြောင့် — ယာဉ်မောင်းရင်း ရည်းစားနှင့် စကားများနေခြင်း၊ နောက်ခန်းမှ ကလေးငယ်များကို iPad မသုံးဖို့ လှမ်း၍ မှာကြားခြင်း အစရှိသဖြင့် —လည်း ဖြစ်ပေါ်လျက်ရှိသည့်အတွက်ကြောင့် ယခုအခါ ကားထုတ်လုပ်သူများနှင့် ယာဉ်မောင်းသူများ၏ အကျင့်စရိုက်ကို နားလည်သူများမှ စနစ်အသစ်များကို စဉ်းစား တီထွင်လာကြသည်ဟု သတင်းများက ဆိုပါတယ်။

ဥရောပမှ Volvo ဆိုတဲ့ ကားကုမ္ပဏီဆိုရင် ကားကြီးမောင်းသူများ ယာဉ်တိုက်မှု နည်းစေရန်အတွက် မောင်းသူ၏ မျက်လုံး ရွေ့လျားမှုကို ကားမောင်းနေစဉ် လေ့လာ အကဲခတ်နိုင်မည့် စနစ်ကို စမ်းသပ်နေသည်ဟု ဆိုပါတယ်။ ထိုစနစ်ဖြင့် ယာဉ်မောင်းသူ၏ မျက်လုံး အနေအထားဟာ ကားလမ်းမကို ကြည့်နေရာမှ ရွေ့လျားသွားသည်ဆိုရင်ဖြင့် ကားရဲ့ Dashboard (ဒက်ရှ်ဘုဒ်) ပေါ်မှာ တပ်ဆင်ထားမဲ့ အချက်ပြ လှုပ်တုံလှုပ်တုံ မီးများဖြင့် ယာဉ်မောင်းသူကို အသိပေးမည်ဟု ဆိုပါတယ်။ ၄င်းနည်းဖြင့် ယာဉ်မောင်းသူ၏ မျက်လုံးကို မောင်းနှင်နေသည့် ခရီးလမ်းကို ပြန်လည် အာရုံစိုက်စေမည် ဖြစ်ကြောင်းလည်း ရှင်းပြထားပါတယ်။

Cadillacနှင့် အခြား ကားထုတ်လုပ်သူများမှတော့ အချက်ပြမီးအစား ယာဉ်မောင်းသူ၏ ဖင်ထိုင်ခုံကို တုန်ခါစေမည့် Vibrate နည်းပညာကို စမ်းသပ်နေကြောင်းနှင့် Lexus ကတော့ အချက်ပြမီးကို အသုံးပြုမည့်အပြင် ယာဉ်မောင်းသူ ပိုမို သတိပြုစေရန် အသံပါ မြည်စေမည့်ဖြစ်ကြောင်း၊ အသံမကြားပါက အလိုအလျောက် ဘရိတ်အုတ်နိုင်ကြောင်းလည်း Autoblog ၀က်ဘ်ဆိုဒ်၌ ရှင်းပြထားပါတယ်။

အခြားနိုင်ငံတွေမှာ မည်သို့ပင် တိုးတက် ပြောင်းလဲနေစေကာမူ နိုင်ငံတကာနှင့် ရင်ဘောင်တန်းဖို့ အရှိန်ယူနေတဲ့ ပြည်တွင်းမှ ခရီးသည်တင် ဘတ်စ်ကားများရဲ့ လက်ရှိ အသုံးပြုနေသည့် မတော်တဆ ယာဉ်တိုက်မှုကို ရှောင်ကြည်နိုင်မည့် နည်းစနစ်ကတော့ ‘‘ဂျမ်းတုံး’’ ဖြစ်ပါတယ်။ ကားစပါယ်ယာမှ ထိုဂျမ်းတုံးဖြင့် မီးပွိုင့်မှာ မီးနီ စောင့်ဆိုင်းနေချိန်မှာ ခရီးသည်တင်ယာဉ်ကြီး နောက်သို့ လျော၍ လိမ့်မသွားအောင် ထို ဂျမ်းတုံး (သစ်သားတုံး)ဖြင့် ကားဘီးအနောက်၌ စပါယ်ယာ ကိုယ်တိုင် အလိုအလျောက် ကားပေါ်မှ ခုန်ဆင်းပြီး ခုထားခြင်းဖြစ်သည့် ‘အလိုအလျောက် ဂျမ်းတုံးစနစ်’ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *