Opinion, Travel

ဓမ္မလက်ဆောင်

ဓမ္မလက်ဆောင်

ဒီလိုပါ – တစ်ညမှာ ဘုရားဝတ်ပြုရင်းနဲ့ ကိုယ်ပုတီးစိတ်နေကျ ဂါထာလေးကို (၁၀၈)လုံး ပုတီးတစ်ပတ်စိတ်ပြီးတော့ ဒီဂါထာလေးကို ဓမ္မဒါန လုပ်ရရင် ကောင်းမလားလို့ စိတ်ကူးမိတယ်။ ကိုယ့်ကိုလည်း ဒေါက်တာပီတိရဲ့ အမေက ဓမ္မဒါန ပြုလိုက်တာပါ။ တစ်နှစ်လောက်တော့ ရှိပြီ။ ဓမ္မဒါန ဆိုတာကတော့ တရားအလှုပေါ့။ အလှုဒါနထဲမှာ တရားအလှုက အမြတ်ဆုံးလို့ ပြောပါတယ်။ သံဃာတော်တွေ ဟောကြားတဲ့ တရားပွဲတွေကို မတည်ပြီး ကျင်းပနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါမှမဟုတ်ရင်လည်း အဲဒီလို ဟောကြားခဲ့တဲ့ တရားတော် CD ခွေတွေကို အများကို လှုဒါန်းတာ။ ဂုဏ်တော်တွေ၊ ဂါထာတွေကို ရိုက်နှိပ်လှုဒါန်းတာကလည်း တရားအလှုတွေပါပဲ။ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလိုပေါ့။ ဒါ့ကြောင့် ကိုယ်ကလည်း အင်တာနက်ကနေ စာရေးပြီး ဓမ္မဒါန ပြုတာပါ။

အခုဖေါ်ပြမယ့် ဘုရားရှိခိုးဂါထာလေးကို မူလဓမ္မဒါနလက်ဆောင်ပေးတဲ့သူကတော့ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ကုမာရာဘိဝံသ (D.Litt) ဖြစ်ပါတယ်။ မြတ်စွာဘုရားဂုဏ်တော်ဆိုရင် အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏ သမ္ပန္နော၊ သုဂတော၊ လောကဝိဓူ၊ အနုတ္တရော ပူရိသဓမ္မသာရထိ၊ သတ္ထာဒေဝ မနုတ်ဿနံ၊ ဗုဒ္ဓေါ၊ ဘဂဝါဆိုတဲ့ ဂုဏ်တော်ကိုးပါးကိုပဲ သိကြတာ များပါတယ်။ အခုပြောမယ့် ဂုဏ်တော်က ဆယ့်သုံးပါး ရှိပါတယ်။ ဂါထာတော် ပါဠိလေးကို အရင်ဖေါ်ပြပါမယ်။

“အရဟံ ဗဟိ-အန္တ-ဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ။
စရဏံ တိ-ဘဝူပ-သမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။”

အနက်အဓိပ္ပါယ်ကတော့
၁။ အရဟံ = ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၂။ ဗဟိ-အန္တ-ဇယံ = အတွင်းအပရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၃။ သုဂတံ = ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၄။ အမိတံ = မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာ ရှိသော မြတ်စွာဘုရားကို ပဏမာမိ-ရှိခိုးပါ၏။
၅။ ဝိရဇံ = ကိလေသာမြူကင်းတော်မူသော မြတ်စွာဘုရားကို ပဏမာမိ-ရှိခိုးပါ၏။
၆။ လလိတံ = တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏမာမိ-ရှိခိုးပါ၏။
၇။ အတုလံ = အတုမရှိသော မြတ်စွာဘုရားကို ပဏမာမိ-ရှိခိုးပါ၏။
၈။ စရဏံ = အကျင့်စရဏီနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏမာမိ-ရှိခိုးပါ၏။
၉။ တိ-ဘဝူပ-သမံ = ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏမာမိ-ရှိခိုးပါ၏။
၁၀။ ယမကံ = ရေမီးအစုံအစုံ တန်ခိုးဗြာဋိဟာနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏမာမိ-ရှိခိုးပါ၏။
၁၁။ သုခဒံ = ချမ်းသာကိုပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏမာမိ-ရှိခိုးပါ၏။
၁၂။ သရဏံ = ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏမာမိ-ရှိခိုးပါ၏။
၁၃။ ဇိနံ-မာရ်ငါးပါးကိုအောင်မြင်တော်မူသော မြတ်စွာဘုရားကို ပဏမာမိ-ရှိခိုးပါ၏။လို့ ဖြစ်ပါတယ်။

ဒီဂါထာကို ဘုရားရှေ့မှာ (၁၀၈)ခေါက် ပုတီးစိပ်ပြီး အလိုရှိရာ ဓိဌာန်ရမှာ ဖြစ်ပါတယ်။ ကိုယ်ကတော့ အနက်မပါပဲ ပါဠိဂါထာချည်းပဲ ပုတီးတစ်ပတ်စိတ်တာ (၁၅)မိနစ်ကြာပါတယ်။ ပြီးတော့ အနက်တစ်ခေါက် ရွတ်ပြီး ရှိခိုးပါတယ်။
ဒီဂါထာနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းပဲ ပြောရမလား၊ ပထမပိုင်းမှာ မသိပါ။ ပြီးခဲ့တဲ့ စာသင်နှစ် မကုန်မီ ကျောင်းက ဆရာမတစ်ယောက် ဓမ္မဒါန ပြုလိုက်တဲ့ စာရွက်လေးမှာတော့ “အရဟံ ဇယံ ဂါထာတော်ကြီး” (စစ်ကိုင်း ဝါးချပ်မင်းကျောင်း ဆရာတော်နှင့် မန္တလေးတောင် ရသေ့ကြီး ဦးခန္တီတို့ အမြဲရွက်ဖတ်သော အန္တရာယ်ကင်း လာဘ်ရွှင်ဂါထာတော် ဖြစ်ပါသည်)လို့ ပါရှိပါတယ်။ ဂါထာတော်ရဲ့ အစွမ်းနဲ ပတ်သက်ပြီးတော့လည်း ဖေါ်ပြထားပါတယ်။

ဝါးချက်မင်းကျောင်းဆရာတော်ဘုရားကြီးဟာ မင်းတုန်းမင်းကြီးရဲ့ ငယ်ဆရာဖြစ်ပြီး သက်တော် ကြီးရင့်တော်မူတဲ့အခါ စစ်ကိုင်းဘက်ကို တောထွက်တော်မူပြီး တရားဘာဝနာအလုပ် အားထုတ်နေတာကို မင်းတုန်းမင်းကြီး သိရှိပြီး ကျောင်းဆောက်လုပ် လှူဒါန်းတော်မူခဲ့ပါတယ်။ အဲဒီကျောင်းကို “မင်းကျောင်း” လို့ ခေါ်တွင်ပါတယ်။ အနီအနားဝန်းကျင်က ကျေးရွာတွေကိုလည်း ဆွမ်းဝတ်မပြတ်ချက်ကပ်လှူဒါန်းကြဖို့ အမိန့်သတ်မှတ်စေခိုင်းသဖြင့် ထိုရွာကိုလည်း “ဝတ်ချက်ရွာ”လို့ ခေါ်တွင်လာကြပါတယ်။ တစ်နေ့မှာ မန္တလေးတောင်ရသေ့ကြီး ဦးခန္တီဟာ ရဟန္တာလို့ ကျော်ကြားတော်မူတဲ့ ဝါချက်မင်းကျောင်းဆရာတော်ကြီးကို သွားရောက်ဖူးမျှော်ပါတယ်တဲ့။ ဒီအခါ ဆရာတော်ကြီးက ရသေ့ကြီးဦးခန္တီကို “တန်ခိုးအစွမ်းကို လက်တွေ့ပြစမ်း”ပါလို့ အမိန့်ရှိတော်မူပါတယ်။ ရသေ့ကြီးဦးခန္တီက “မှန်လှပါဘုရား တပည့်တော်ကို ဘုရားရှေ့တွင် ပုတီးစိပ်ခွင့်ပြုတော်မူပါဘုရား”လို့ လျှောက်ထားပြီး ဘုရားခန်းသို့ ဝင်၍ (၄၅)မိနစ်ခန့် ပုတီးစိပ်ပြီး ပြန်ထွက်လာပါတယ်။ (၁၅)မိနစ်လောက်ကြာတော့ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားတဲ့ ဒကာတစ်ယောက် ရောက်လာပြီး ရသေ့ကြီး ဦးခန္တီကို အထုပ်တစ်ထုပ် လှုဒါန်းသွားပါတယ်။ အဲဒီအထုပ်မှာ ရွှေဒင်္ဂါး (၁၀၈) ပြား တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ထိုအခါ ဆရာတော်ကြီးကလည်း “အေး .. ဒီလိုဆို ငါလည်း ဘုရားရှေ့မှာ ပုတီးစိပ်လိုက်ဦးမယ်”လို့ ဆိုပြီး ဘုရားခန်းသို့ ဝင်သွားတော်မူတယ်တဲ့။ ဆရာတော်ကြီးလည်း ရသေ့ကြီး ဦးခန္တီနည်းတူ (၄၅)မိနစ်ခန့် ကြာတဲ့အခါ ပြန်ထွက်လာပြီးနောက် (၁၅)မိနစ်လောက် ကြာတဲ့အခါကျတော့ ဒကာတစ်ယောက်ဟာ လူနှစ်ယောက် ထမ်းလာတဲ့ အထုပ် တစ်ထုပ်ကို ဆရာတော်ကြီးကို လှုဒါန်းသွားတယ်။ အဲဒီအထုပ်ထဲမှာ သင်္ကန်းအစုံ (၁၀၈)စုံကို တွေ့ရှိတယ်တဲ့။ ဆရာတော်ကြီးက ရသေ့ကြီး ဦးခန္တီအား “ဘာကို ပုတီးစိပ်ပါသလဲ”လို့ မေးတဲ့အခါ ရသေ့ကြီး ဦးခန္တီက “အရဟံ ဗဟိအန္တဇယံ သုဂတံ” ဂါတာကို ပုတီးစိပ်ကြောင်း လျှောက်ထားတဲ့အခါ ဆရာတော်ကြီးကလည်း “အေး… ငါလည်း အဲဒီဂါထာကို စိပ်တယ်”လို့ မိန့်ကြားတော်မူတယ်တဲ့။ ဒီအကြောင်းအရာတွေကို နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးမှ မိန့်ကြားပြီး ဒီဂါထာကို ဝေငှခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆရာတော် မေတ္တာရှင် (ရွှေပြည်သာ)က “အသေမြတ်ချင် သေနည်းသင်”ဆိုတဲ့ တရားတော်ထဲမှာ ဗုဒ္ဓါနုဿတိဂုဏ်တော် ပွားတာနဲ့ ပတ်သက်လို့ ပြောထားတာရှိပါတယ်။ ဘုရားဂုဏ်တော်တွေကို အဖန်ဖန် အမှတ်ရပြီး ပွားများနေတာကို ဂုဏ်တော်ပွားတယ်လို့ ခေါ်ကြောင်း ဘုရားဂုဏ်တော်ကိုးပါးထဲက ကိုယ်ကြိုက်ရာ ဂုဏ်တော်တစ်ပါးပါးကို ပုတီးပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ပွားများလို့ ရကြောင်း၊ ဘာဝနာဆိုတာ စိတ်အလုပ်ဆိုတော့ ကိုယ်နှုတ် အကူအညီ မယူပဲ ပွားများနိုင်ရင် ပိုထိရောက်ကြောင်းနဲ့ ဂုဏ်တော်ပွားကျိုးကို ကဗျာလေးနဲ့ ပြောထားပါတယ်။

“စေတီအတူ၊ စိတ်မူတည်ကြည်
ရောက်မီနတ်ရွာ၊ တွေ့ခါသိလွယ်
မြင့်နွယ်အမျိုး၊ ရိုကျိုးခံရ
ပြည့်ဝအင်္ဂါ၊ ဆင်းလှစွာနှင့်
ကာယခံတွင်း၊ ကြိုင်သင်းမွှေးကြူ
ကြီးထူးပညာ၊ နက်စွာထက်ရွှင်
လျှင်မြန်ဆန်းကြယ်၊ ကောင်းကြယ်စကား
ဆိုနိုင်ငြားလည်း၊ ဘုရားဂုဏ်တော်ပွားကျိုးတည်း” အပါဒါန်ပါဠိတော်က ပြထားတဲ့ ဂုဏ်တော်ပွားကျိုး လင်္ကာလေးလို့ သိရပါတယ်။ ဘုရားဂုဏ်တော် ပွားများတဲ့ သူဟာ ဖြစ်ရာဘဝမှာ

၁။ သူ့ခန္ဓာကိုယ်ဟာ စေတီထိုက်တယ်၊ အများရဲ့ ရှိခိုးခံနိုင်တယ်။
၂။ စိတ်ဓါတ်တည်ကြည်ခန့်ငြားတယ်။
၃။ နတ်ရွာသုဂတိ ရောက်ရတယ်။
၄။ ဘုရားနဲ့တွေ့ရင် သစ္စာလေးပါးကို ခဏနဲ့သိတယ်။
၅။ မြင့်မြတ်တဲ့ အမျိုးအနွယ်မှာချည်းပဲ ဖြစ်ရတယ်။
၆။ ပတ်ဝန်းကျင်ရဲ့ ရိုသေလေးစားမှုကို ခံရတယ်။
၇။ အင်္ဂါခြေလက်ပြည့်စုံတဲ့ ဘဝကိုပဲ ရောက်ရတယ်။
၈။ အဆင်းလှပသူသာ ဖြစ်ရတယ်။
၉။ ကိုယ်နံ့၊ ခံတွင်းနံ့ဟာ ကြိုင်သင်းမွှေးကြူနေတယ်။
၁၀။ ကြီးမားတဲ့ ပညာနဲ့ ပြည့်စုံတယ်။
၁၁။ နက်နဲတဲ့ ပညာနဲ့ ပြည့်စုံတယ်။
၁၂။ ထက်မြက်တဲ့ ပညာနဲ့ ပြည့်စုံတယ်။
၁၃။ ရွှင်တဲ့ပညာနဲ့ ပြည့်စုံတယ်။
၁၄။ လျှင်မြန်တဲ့ ပညာနဲ့ ပြည့်စုံတယ်။
၁၅။ ဆန်းကြယ်တဲ့ ပညာနဲ့ ပြည့်စုံတယ်။
၁၆။ ကောင်းမြတ်တဲ့ စကားကို ပြောကြားနိုင်တယ်။

ဒါက သာမန် ပွားများရုံနဲ့ ရရှိနိုင်တဲ့ ကောင်းကျိုးတွေဖြစ်ကြောင်း၊ အကယ်၍ မိမိက သဒ္ဓါထက်သန်စွာ ပွားများမယ်ဆိုရင် စေတနာ သဒ္ဓါထက်ရင် ထက်သလောက် ကောင်းကျိုးတွေ ပိုရလာနိုင်ကြောင်း အဲဒီ အပါဒါန်ပါဠိတော်မှာပဲ သုဘူတိ အမည်ရှိတဲ့ မထေရ်တစ်ပါးက ဂုဏ်တော်ပွားတဲ့ ဘာဝနာကို အကြောင်းပြုပြီး ချမ်းသာသော အကျင့် လွယ်ကူသော အသိဉာဏ်နဲ့ ရဟန္တာ ဖြစ်ခဲ့ရကြောင်း ဆရာတော် မေတ္တာရှင် (ရွှေပြည်သာ)က ဆိုပါတယ်။

ဗန်းမော်ဆရာတော် ဘုရားကြီး ဓမ္မလက်ဆောင်ပေးတဲ့ “အရဟံ ဗဟိအန္တဇယံ သုဂတံ” အစချီတဲ့ ဂါထာဟာလည်း မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေပါပဲ။ အထက်က ဂုဏ်တော်ကိုးပါးကို ပွားများလို့ ရရှိနိုင်တဲ့ အကျိူးကျေးဇူးမျိုးတွေကို ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဗုဒ္ဓဂုဏ်တော်ပွားများလို့ သီးသန့် ထပ်ရနိုင်တဲ့ နတ်ဘဝ အကြိမ်သုံးသောင်း ဖြစ်ရတယ်ဆိုတဲ့ ကောင်းကျိုးတွေနဲ့ ပတ်သက်ပြီး အဲဒီသုဘူတိမထေရ်ကိုယ်တိုင် ပြန်ပြီးဟောထားတာကို တပ်ကုန်းဆရာတော် ဖွဲ့သီထားတဲ့ လင်္ကာလေးနဲ့ပဲ ဒီဓမ္မလက်ဆောင် ဆောင်းပါးကို အဆုံး သတ်ပါရစေ။

ဂုဏ်တော်ပွားထုံ၊ စိတ်လိုစုံပြည့်
နတ်ဘုံကမ္ဘာ၊ သုံးသောင်းသာတည့်
သိကြားမှာရှစ်ဆယ်၊ စင်္ကြာဝယ်တစ်ထောင်
အခေါင်ပဒေသရာဇ်၊ အကြိမ်ကြိမ်ဖြစ်၏
မကျအပယ်၊ စည်းစိမ်ဝယ်လည်း
လျော့မရှိဥစ္စာ၊ ဘိဉာဈာန်မှူး
ဂုဏ်ထူးနှင့်ပင်၊ နိဗ္ဗာန်ဝင်သည်
ဂုဏ်တော်ပွားသူ၊ အကျိုးတည်း။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *