News

ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီတစ်ခုတည်း မရွေးချယ်ဟု တယ်လီနော် ပြော

ပြည်တွင်းတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် တင်ဒါအောင် ကုမ္ပဏီတစ်ခုဖြစ်သည့် နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော်ကုမ္ပဏီသည် ၎င်းနှင့် ပူးပေါင်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီတစ်ခုတည်းကို ရွေးချယ်မည်မဟုတ်ဟု တယ်လီနော် ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင် အရာရှိချုပ် Mr. Petter Furbergက သြဂုတ်လ ၁၃ရက်နေ့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်ဟု သိရသည်။

၎င်းတို့အနေဖြင့် ပြည်တွင်း မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းများကို နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Huaweiနှင့် ပူးပေါင်း လုပ်ဆောင်ရန်အတွက် နားလည်မှု စာချွန်လွှာရေးထိုးထားသည့် အဆင့်တွင်သာ ရှိနေသေးကြောင်း၊ ပြည်တွင်း ဆက်သွယ်ရေး ကွန်ရက်များအတွက် နည်းပညာနှင့် လုပ်ငန်းပိုင်းဆိုင်ရာများ ပူးပေါင်း လုပ်ကိုင်ရန် နည်းပညာကုမ္ပဏီကြီး သုံးခုနှင့် ဆွေးနွေးမှုများ ပြုလုပ်နေခြင်း ဖြစ်ရာ ကုမ္ပဏီတစ်ခုတည်းကို ရွေးချယ်သွားမည်မဟုတ်ဟု ၎င်းက ပြောကြားခြင်း ဖြစ်သည်။

Mr. Petter Furbergက “Huaweiနဲ့က နားလည်မှု စာချွန်လွှာထိုးတာပါ။ ဆိုလိုချင်တာက ဆွေးနွေးနေဆဲပါ။ ကျွန်တော်တို့က ကုမ္ပဏီ တစ်ခုတည်းကို ဘယ်တော့မှ မပေးပါဘူး”ဟု ပြောသည်။ တယ်လီနော်သည် ပူးပေါင်း လုပ်ကိုင်ရန်အတွက် Huawei၊ Ericsonနှင့် VIOM စသည့် နည်းပညာကုမ္ပဏီများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

တယ်လီနော်အနေဖြင့် ပူးပေါင်း လုပ်ကိုင်ရန် Huawei ကုမ္ပဏီကို ရွေးချယ်သည်ဟူသော သတင်းများ ပြည်တွင်းသတင်း စာမျက်နှာများတွင် ပါဝင်လာပြီးနောက် ဝေဖန်မှုများ ပေါ်ထွက်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် ပူးပေါင်း လုပ်ကိုင်မည့် ကုမ္ပဏီများ၏ နည်းပညာပိုင်းနှင့် အသုံးပြုသည့် နည်းပညာပစ္စည်းများ၏ အရည်အသွေးကို ယုံကြည်ကြောင်း Mr. Petter Furbergက ထပ်မံ ပြောကြားသည်ဟု သိရသည်။

“လိုင်စင်ရပြီး ရှစ်လအကြာမှာ မိုဘိုင်းဆင်းကတ်တွေ စတင်ဖြန့်ချိမှာဖြစ်လို့ မြန်ဆန်ရမှာ ဖြစ်ပါတယ်။အဲဒါကြောင့် တခြားနည်းပညာ ကုမ္ပဏီတွေနဲ့ ပူးပေါင်း လုပ်ကိုင်ဖို့ ဆွေးနွေးတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။ ၎င်းက ဆက်လက်ပြီး “အခု လက်မှတ်ထိုးထားတဲ့ ကုမ္ပဏီတွေက နိုင်ငံတကာမှာ လုပ်ကိုင်နေတဲ့ Vendor အကြီးကြီးတွေ ဖြစ်တယ်။ သူတို့ရဲ့ လုပ်ငန်းတွေမှာလည်း ကျွမ်းကျင်မှု ရှိတယ်။ နောက် အဲဒီ ကုမ္ပဏီတွေရဲ့ အရည်အသွေးကိုလည်း အပြည့်အဝ ယုံကြည်ပါတယ်”ဟု ဆိုသည်။

တယ်လီနော်အနေဖြင့် ပူးပေါင်း လုပ်ကိုင်ရန် ဆွေးနွေးနေသည့် ကုမ္ပဏီများတွင် Huaweiသည် တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်ပြီး ပြည်တွင်းတွင် ဆက်သွယ်ရေး လုပ်ငန်းများကို ယခင်ကပင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်း လုပ်ကိုင်နေခြင်း ဖြစ်သည်။ Sony Ericsonမှာ ဆွီဒင်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်ပြီး VIOMမှာ အိနိယနိုင်ငံ အခြေစိုက်ဖြစ်သည်။ တယ်လီနော် မြန်မာအဖြစ် ပြည်တွင်းတွင် လုပ်ကိုင်ရာ၌ တယ်လီနော် ကုမ္ပဏီသည် ရှယ်ယာ ရာခိုင်နှုန်းပြည့် ပိုင်ဆိုင်သော ကုမ္ပဏီတစ်ခုအဖြစ် လုပ်ကိုင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

တယ်လီနော်သည် နိုင်ငံအများစုတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင်နေပြီး အသုံးပြုသူပေါင်း ၁၄၈သန်းရှိကာ ကုမ္ပဏီ၏ ရှယ်ယာ ၅၁ရာခိုင်နှုန်းကို နော်ဝေအစိုးရက ပိုင်ဆိုင်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်ပကုမ္ပဏီနှစ်ခုဖြစ်သည့် နော်ဝေအခြေစိုက် တယ်လီနော် ကုမ္ပဏီနှင့် ကာတာနိုင်ငံ အခြေစိုက် အော်ရီဒူးတို့ကို ဇွန်လ ၂၇ရက်နေ့က ရွေးချယ်ခဲ့ပြီး ဖြစ်သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *