Tesla Motorsရဲ့ စီအီးအိုဖြစ်သူ Elon Muskက Chevy Boltဟာ Teslaရဲ့ ပြိုင်ဖက် ဖြစ်လာမယ်လို့ မထင်ထားပါဘူး။ Chevroletက အီလက်ထရစ်ကား ဈေးကွက်မှာ ထိပ်တန်းရောက်နေတဲ့ Teslaကို ယှဉ်ပြိုင်နိုင်တဲ့ Chevrolet Bolt အီလက်ထရစ်ကားကို မကြာမီက ပြသခဲ့တာ ဖြစ်ပါတယ်။
Boltဟာ တစ်ခါအားသွင်းထားရင် မိုင်နှစ်ရာမောင်းနှင်နိုင်တဲ့ Chevroletက အခွန်ဆောင်ပြီး ဒေါ်လာ သုံးသောင်းဈေး သတ်မှတ်ထားတဲ့ အီလက်ထရစ် နမူနာကားဖြစ်ပါတယ်။ အခုနောက်ထုတ်မယ့် Tesla Model 3ကတော့ အခွန်မဆောင် ရသေးခင်မှာ ဒေါ်လာ ၃၅ ၀၀၀ တန်ကြေးရှိတဲ့ကားပါလို့ Elon Muskက ပြောပါတယ်။
Jalopnikက အခုလက်ရှိနှုန်းထားများအရ အခွန်ဆောင်ပြီးရင် Tesla Model 3ဟာ ဒေါ်လာ ၂၇ ၅၀၀ တန်ကြေးရှိမယ်လို့ တွက်ချက်ပြပါတယ်။ အခွန်အခနှုန်းက ဒေါ်လာ ၇၅၀၀ ဖြစ်ပြီး Teslaကို နှစ်သက်ကြတဲ့ ပြည်နယ်အတွက်တော့ မဆိုးပါဘူး။
Muskက လက်ရှိရောင်းချနေတဲ့ ကားတွေနဲ့ Model 3ဟာ လုံး၀ကွာခြားမယ်လို့ ကတိပေးထားပါတယ်။ သူ့မှာ ရိုးရှင်းတဲ့ ဒီဇိုင်းရှိပြီး ဈေးသက်သာတဲ့ ဘက်ထရီထည့်သွင်းထားပါတယ်။ Model 3ကို ၂၀၁၇မှာ ရောင်းချဖို့ မျှော်လင့်ထားပြီး လက်ရှိ Model Sထက် ၂၀ ရာခိုင်နှုန်း သေးငယ်မယ်လို့ ယူဆရပါတယ်။ ဈေးနှုန်းသက်သာစေဖို့အတွက် အချို့ စွမ်းဆောင်ချက်တွေကို ၀ယ်ယူသူ စိတ်ကြိုက် ထည့်သွင်း၊ ဖြုတ်ထားနိုင်မှာပါလို့ Muskက ဒီတစ်ပတ်ထဲမှာ Detroitမှာ ပြုလုပ်တဲ့ North American International Auto Showမှာ ပြောကြားပါတယ်။
Tesla Model 3ကို မကြာမီမှာ ရောင်းချမှာ မဟုတ်သေးပါဘူး။ ဒီနှစ်၀က်နှောင်းပိုင်းမှာ ရောင်းချမယ့် Tesla Model Xကိုလည်း စောင့်မျှော်နေရပါသေးတယ်။ အဲဒီကားကို ၂၀၁၃ ခုနှစ်မှာ ရောင်းချဖို့ အစောပိုင်းက ရည်မှန်းထားတာ ဖြစ်ပါတယ်။
Model 3ကိုတော့ သူ့ရဲ့ အမွှာလို အရမ်းနောက်မကျဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။