လျှပ်စစ်ဘတ်စ်ကားများ မောင်းနှင်စဉ် လမ်းမျက်နှာပြင်အောက်တွင် မြှုပ်ထားသော ဓာတ်အားသွင်းကြိုးများမှ တစ်ဆင့် ကားဘက်ထရီ ပြန်ပြည့်စေနိုင်မည့် လျှပ်စစ်ဓာတ်အား လွှတ်ထားသော လမ်းစနစ်ကို တောင်ကိုရီးယားမြို့တစ်မြို့တွင် စတင် စမ်းသပ်နေကြောင်း သိရသည်။ ယင်းလမ်းကို တောင်ကိုရီးယား တောင်ပိုင်း ဂူမီမြို့ရှိ ၂၄ကီလိုမီတာ (၁၅)မိုင်ရှည်သောလမ်းတွင် လာမည့်လေးလအတွင်း စမ်းသပ်မည် ဖြစ်ကြောင်း၊ ယင်းစနစ်ကို တီထွင်ခဲ့သည့် ကိုရီးယား အဆင့်မြင့် သိပ္ပံနှင့်နည်းပညာ တက္ကသိုလ် (KAIST)က သြဂုတ်လ ၈ရက်နေ့တွင် ကြေညာခဲ့သည်။
၎င်းစနစ်တွင် လမ်းမျက်နှာပြင် အောက်ရှိ အားသွင်းကြိုးများမှ လျှပ်စစ်ဓာတ်အား ရယူနိုင်သော အွန်လိုင်း လျှပ်စစ်ကား (Online Electric Vehicle OLEV)များ အသုံးပြုရမည် ဖြစ်သည်။ OLEVကားများ၏ ဘက်ထရီသည် ရိုးရိုးလျှပ်စစ်ကားများရှိ ဘက်ထရီအရွယ်အစား၏ ငါးပုံတစ်ပုံသာ ရှိသည်ဟု သိရသည်။ OLEV ကားတစ်စီးလျှင် ဒေါ်လာ ၆၃,၀၀၀ခန့် ကုန်ကျမည်ဖြစ်ရာ ယင်းနည်းပညာသည် စရိတ်ကြီးနေဦးမည် ဖြစ်သည်။ ပို့ဆောင်ရေး ကွန်ရက်သစ်ဖြစ်စေမည့် ယင်းနည်းပညာကို အပန်းဖြေ ဥယျာဉ်တစ်ခုနှင့် K Aist ကျောင်းဝင်းအတွင်း လမ်းပိုင်းတို တစ်ခုတွင် တစ်စိတ်တစ်ပိုင်း စမ်းသပ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါသည်။
တစ်ချိန်က ရန်ကုန်မြို့တွင် ပြေးဆွဲခဲ့သည့် ဓာတ်ရထားကို သွား၍ သတိရမိသည်။ ရထားခေါင်မိုးပေါ်တွင် လျှပ်စစ်ဓာတ်ကြိုး သွယ်တန်း ချိတ်ဆက်၍ ရထားသံလမ်းဖြင့် မောင်းနှင်ခြင်း ဖြစ်သည်။ ဓာတ်ရထားများသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို မဖြစ်စေသော်လည်း နောက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် ရှုပ်ထွေးလာသည့် အတွက် ဖြုတ်ပစ်လိုက်ဟန်တူသည်။ လျှပ်စစ်ဖြင့် သွားသည့် အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိမှလည်း ဖြစ်မည်။ ယခု တောင်ကိုရီးယားမှ OLEVကားသည် သူ့အတွက် လမ်းတစ်လမ်း သီးသန့်ပေးထားရမည် ဖြစ်သည့်အတွက် မြို့တွင်းတွင် မောင်းနှင်သွားလာရန် အဆင်ပြေနိုင်မည် မဟုတ်ပါက ၎င်းကိုပန်းခြံများ၊ ကစားကွင်းများ၊ ကျောင်းဝင်းများထဲတွင်သာ သုံးဖို့ အဆင်ပြေနိုင်မည်ဟု ထင်ပါသည်။