Health, Opinion

“ ဝ ” လွန်းတော့လည်း

“ ဝ ” လွန်းတော့လည်း

“ပု” မှ “နု” တယ်၊ “ဝ” မှ “လှ” တယ်လို့ ပြောကြတယ်။ ပုမှဆိုတာက ဟိုလူပုလေးတွေလို ပုတာမျိုးတော့ မဟုတ်ဘူးပေါ့။ ပုပြတ်ပြတ်လည်း မဟုတ်ဘူး။ အရပ်အနေတော် အလောတော် လောက်ရှိတာကို ဆိုလိုချင်တာပါ။ ဥပမာ အရပ်(၄)ပေနဲ့ (၅)ပေကြားလောက်ပေါ့။ အရပ်ကပုနေတဲ့ အခါကျတော့ အရွယ်ရင့်လာပေမယ့် နုတယ်လို့ ထင်ရတာမျိုးကိုပြောတာ။ ကိုဘအေးဆိုရင် ၅ပေ နဲ့ ၄ လက်မလောက်ရှိတော့ ပုတဲ့အစားထဲမှာပါတယ်လို့ ပြောရမယ်။ဒါကြောင့် ကိုဘအေးကို နုတယ်လို့ ထင်ရတာမဟုတ်လား (ဟဲဟဲ ကိုယ့်ကိုယ်ကို ထင်တာပြောတာပါ) မြန်မာလူမျိုးအနေနဲ့ အရပ်၅ပေ ၆လက်မလောက်ရှိမှ အရပ်ရှည်တယ် ပြောလို့ရမှာ။

“ဝ” မှ “လှ” တယ်ဆိုတာ ကျတော့လည်း အရမ်းကာရော ဝနေတာမျိုးကျတော့လည်း ဘယ်မှာလှတယ်လို့ ပြောလို့ရမလဲ။ တချို့မိန်းမကြီးတွေ ဝချက်ကတော့ ဆိုက်ကားတောင် မဆန့်တာတွေ့ဖူးတယ်။ယောကျာ်းတွေဝတာလည်း တချို့ရှိပါတယ်။ ဒါပေမယ့် မိန်းမတွေဝတာကို အတွေ့ များတယ်။ နိုင်ငံခြားမှာတော့ အဝလွန်လို့ အိမ်ထဲကအိမ်ပြင်တောင် မထွက်နိုင်တာမျိုးတွေ့ဖူးတယ်။ အခုပြောချင်တဲ့ ဝ မှ လှတယ်ဆိုတာကကိုယ်လုံးကိုယ်ထည် ပြည့်ပြည့်ဝ၀နဲ့ ရှိတာမျိုးကို ဆိုလိုတာပါ။ လူတွေမှာ ပိန်လွန်းတာလည်း မကောင်းသလို၊ ဝလွန်းရင်လည်း မကောင်းပါ။ ကျန်းမာရေးထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ပိန်လွန်းတဲ့အခါကျတော့ ကိုယ်ခံအားနည်းပြီး ရောဂါမျိုးစုံဝင်လာနိုင်သလို ဝလွန်းတဲ့အခါကျတော့လည်း သွေးတိုး၊ နှလုံး၊ ဆီးချိုစတဲ့ ရောဂါတွေကတစ်ခုမဟုတ် တစ်ခုဖြစ်လာနိုင်ပါတယ်။ အဲဒါတွေအားလုံး စုံပြီးတော့လည်း ဖြစ်တတ်ပါတယ်။

အဲဒီသွေးတိုးတွေ၊ နှလုံးတွေ၊ ဆီးချိုတွေကို နောက်မှထားဦး လောလောဆယ် ခန္ဓာကိုယ်ဝတဲ့သူတွေ ရင်ဆိုင်နေရတာက ခြေထောက်တွေနာတာတို့၊ ဒူးနာတာတို့ပဲ ဖြစ်ပါတယ်။ ခြေကျင်းဝတ်တွေလည်း နာတယ်။ ခန္ဓာကိုယ်ကြီးက ဝလာပြီး ကိုယ့်ခြေထောက်ကလိုက်ပြီး ကြီးမလာဘူးလေ။ ခြေထောက်က နဂိုဆိုဒ်အတိုင်းပဲရှိတာ။ ဒီတော့ ဝတဲ့ခန္ဓာကိုယ်ကြီးကို ထိန်းထားရတဲ့ ခြေထောက်တွေ၊ ဒူးတွေကနာလာပြီပေါ့။ မဒမ်ဘအေးဆိုရင် ဝတယ် အရင်တုန်းကတော့ မဝဘူးပေါ့ဗျာ (ဝနေရင်လည်း ကိုဘအေးက ကြိုက်ခဲ့မှာမဟုတ်ဘူး)။ အသက်ကြီးလာတဲ့ မိန်းမတွေရဲ့ ထုံးစံအတိုင်း ဝတာလာ။ ယောကျာ်းတွေက ဝလာတာနည်းတယ်။ မဒမ်ဘအေးကငြိမ်ငြိမ်လေးနေရတာလည်း မဟုတ်ဘူး။ မနက်အစောကြီးထ ချက်ပြုတ်၊ ကျောင်းသွား၊ ကျူရှင် ပြေးနဲ့ သွားလာလှုပ်ရှားနေရင်းနဲ့ကို ဝလာတာ။ သူက သူ့အမေနဲ့တူတာလို့ ပြောတယ်။ ကိုဘအေးရဲ့ ယောက္ခမအဖွားကြီးက ဖြူဖြူဝ၀ပုပု။ သူက အဲဒီပုံစံအတိုင်း ဖြစ်လာတာ။ လျှောက်လာတာကြည့်လိုက်ရင် လုံးလုံးလုံးလုံးနဲ့။ ခန္ဓာကိုယ်က တဖြည်းဖြည်းဝလာတဲ့ အခါကျတော့ (နဂိုကမထိန်းခဲ့တာဆိုတော့ အခုကျမှ ဝိတ်ပြန်ချဖို့လည်း မလွယ်တော့ဘူး။ အလုပ်လုပ်နေရတာဆိုတော့ အချိန်လည်း မရဘူးပေါ့။) ကျောင်းကပြန်လာရင် ခြေထောက်တွေနာတယ်ဆိုပြီး ညည်းရော။ ညအိပ်ခါနီးကျရင် ဆေးလိမ်းပြီး အိပ်ရတယ်။ တခါတလေလည်း အကိုက်အခဲပျောက်ဆေး သောက်ရတယ်။

သူဝလာတဲ့ အကြောင်းရင်းကို စဉ်းစားရင် အစားအသောက်ကတော့ ပုံမှန်ပဲစားတာပါ။ တချို့ဝတဲ့ သူတွေကိုကြည့်ရင် အစားအသောက်ကို မဆန့်မပြဲ စားကြတာရှိတယ်။ ဥပမာ- မုန့်ဟင်းခါးကို တစ်ပွဲနဲ့မဝလို့ နှစ်ပွဲစားရတာမျိုးပေါ့။ မဒမ်ဘအေးက အဲဒီလိုလည်း မစားတတ်ဘူး တစ်ခုတော့ရှိတယ်။ သူကခေါင်းချတာနဲ့ အိပ်ပျော်တတ်တဲ့ လူစားမျိုး။ အိပ်ရာဝင်ပြီး ခဏနေကျ တခေါခေါနဲ့ ဟောက်နေတာ။ ကိုဘအေးကျတော့ ချက်ချင်း အိပ်မပျော်တတ်ဘူး။ တစ်ရေးနိုးပြီးရင်လည်း တော်တော်နဲ့ ပြန်အိပ်လို့မရဘူး။ သူကတော့ တီဗွီကြည့်ရင်းနဲ့တောင် ဆက်တီပေါ်မှာထိုင်လျှက် အိပ်ပျော်ချင်ပျော်နေတာ အဲဒါကြောင့် ဝတာလည်းနေမှာ။ ဝလာတဲ့အခါကျတော့လည်း သွားလာလှုပ်ရှားမှုများပြီး ပင်ပန်းလာရင် အမောမခံနိုင်တော့ပြန်ဘူး။ ကျောင်းအားရက်ကို အပြင်တွေဘာတွေ မြို့ထဲတွေ ဘာတွေပေါ့။ မသွားနိုင်ဘူး ။ မသွားချင်ဘူး။ သွားစရာရှိရင် ကိုဘအေးတို့ သားအဖတွေပဲ သွားကြရတယ်။ ဘုရားဖူးလိုမျိုး အလည်အပတ် သွားဖို့လာဖို့တော့ စိတ်မကူးနဲ့။

“လူက ဝလို့ ဒူးကနာ၊ ဒူးကနာလို့ လမ်းကသိပ်မလျှောက်နိုင်၊ သိပ်မလျှောက်နိုင်တော့ စွမ်းအင်သုံးစွဲမှုကနည်း၊ နည်းတော့ စွမ်းအင်တွေက ခန္ဓာကိုယ်ထဲမှာ စုစုမိတော့ ပိုဝ၊ ပိုဝတော့ ဒူးကပိုနာ၊ အဲဒီတော့ သံသရာက လည်နေတာပေါ့။ အသက်ကြီးပိုင်း တော်တော်များများကလည်း ဒူးနာရောဂါကို ခံစားကြရပါတယ်။ဆေးရုံမှာလာပြကြတာလည်း တော်တော်များပါတယ်” လို့ အရိုးအကြောအဆစ် ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာချစ်စိုးက ပြောတာ ဒီမိုကရေစီတူဒေးမှာ တွေ့လိုက်ရပါတယ်။ ခန္ဓာကိုယ်ဝတာကြောင့် ဒူးနာပြီး လမ်းကောင်းကောင်းမလျှောက်နိုင်ဘဲ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ စုမိပြီး ပိုမိုဝလာတယ်။ ပိုမိုဝလာတာကြောင့် ဒူးပိုမိုနာကျင်ခြင်းများ ဖြစ်ပွားတတ်တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်ဝခြင်းနဲ့ ဒူးနာခြင်းဟာ ဆက်စပ်နေပြီး ဒီအချက်ကို သတိမထားမိတာကြောင့် ဒူးနာသူနဲ့ ဝသူတွေ မြန်မာနိုင်ငံတွင် ပေါများနေပြီး အဆိုးသံသရာဟုပင် တင်စားနိုင်ကြောင်းဒေါက်တာချစ်စိုးကပြောပါတယ်။
ဒူးနာတာကို ခွဲစိတ်ခြင်းဖြင့် ပျောက်ကင်းနိုင်ပေမယ့် ခွဲစိတ်ပြီးသူများ ပိုမိုဝလာခြင်းဟာ ခွဲစိတ်ခြင်းကြောင့် ဝလာတာမဟုတ်ဘဲ ခွဲစိတ်ပြီးလေ့ကျင့်ခန်းလုပ်ဖို့ ကြောက်နေခြင်း၊ လေ့ကျင့် ခန်းလုပ်ပါက ခွဲစိတ်ထားတဲ့နေရာတွင် အရိုးများပြုတ်သွားခြင်း၊ ဆက်ထားသောနေရာမှ အရိုးများ ကျွတ်လာခြင်းများ ဖြစ်မှာကို စိုးရိမ်ကြခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရပါတယ်။ အဲဒီလို ခွဲစိတ်ရာမှာလည်း ခွဲစိတ်တဲ့ ပစ္စည်းကိရိယာ၊ နည်းပညာများနဲ့ ခွဲစိတ်တဲ့အချိန် ကြာမြင့်မှုပေါ် မူတည်တယ်လို့ ဆိုပါတယ်။ “ခွဲစိတ်တဲ့ အချိန်ကြာသွားရင် လူနာမှာလည်း ထိခိုက်ဒဏ်ရာများတယ်။ တစ်ရှူးပျက်စီးမှုတွေ များတယ်။ အဲဒီအခါမှာ နာကျင်မှုတွေ ပိုများတယ်။ အဲဒီအချိန်မှာလမ်းမလျှောက်နိုင်တာတွေ ပိုများတယ်။ လမ်းမလျှောက်နိုင်လေလေ လူကပိုဝလေ ဖြစ်တတ်တယ်” လို့ ပြောပါတယ်။

ခွဲစိတ်တဲ့ နည်းစနစ်တွေ၊ အသုံးပြုတဲ့ ပစ္စည်းတွေပေါ်မှာလည်း မူတည်ပြီးတော့ ခွဲစိတ်တာရဲ့ နောက်မှာ ပြန်လည်ထူထောင်ရေး (Physiotherapy) ပေါ်မှာမူတည်ကြောင်း၊ ဖီစီယိုသရဖီက လူနာကို နာကျင်မှုနည်းနည်းနဲ့ လှုပ်ရှားမှုများများဖြစ်အောင် လုပ်ပေးနိုင်ကြောင်း၊ လူနာကိုလည်း စိတ်ရဲရဲနဲ့ မိမိကိုယ်ကို လေ့ကျင့်ခန်းလုပ်ဖြစ်အောင် အားပေးရမှာ ဖြစ်ကြောင်းသိရပါတယ်။ “အဲလိုမလုပ်နိုင်ဘဲ နာကျင်မှုကလည်း မသက်သာဘဲနဲ့ လှုပ်လိုက်တဲ့အခါမှာ နာသွားရင်၊ လှုပ်တိုင်းနာနေရင် လူနာကလည်း မိမိဘာသာ တက်ကြွစွာလုပ်ဖို့ကို တွန့်ဆုတ်သွားတယ်။ အိမ်ပြန်ရောက်တဲ့ အခါကျတော့လည်း သိပ်မလှုပ်ရှားတော့ဘူး ခွဲပြီးပေမယ့်လည်း အိမ်ပြန်ရောက်တဲ့ အခါမှာ လမ်းမလျှောက်ဘဲ ထိုင်နေတာပဲများတယ်။ မတတ်သာမှပဲ လျှောက်တာများတယ်”လို့ ဆိုပါတယ်။
အဲဒီလိုဒူးခွဲစိတ်ပြီးတဲ့ လူနာဟာ ဆေးရုံမှာတစ်ပတ်လောက်နေပြီးတော့ လေ့ကျင့်ခန်းတွေ လုပ်ရင် မနာကျင်တော့ဘဲ ပြန်လည်လှုပ်ရှား သွားလာနိုင်မှာဖြစ်ပြီး အဲဒီလိုဆေးရုံမှာရက်ရှည် ကုသမှုမခံယူရင်တော့ အရင်လိုလမ်းပြန်လည်လျှောက်နိုင်ဖို့ အချိန်ကာလ ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။ ထို့ကြောင့်ပင် ဒူးနာသူတွေအနေနဲ့ အဝလွန်ကဲမှုကို ထိန်းသိမ်းဖို့လိုပြီး ဆရာဝန်တွေနဲ့ တိုင်ပင်ကာ လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ဖို့လိုအပ်ပြီး ခွဲစိတ်ကုသမှု ခံယူထားသူတွေ အနေနဲ့ လည်း ပုံမှန်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို ဆရာဝန်ညွှန်ကြားချက်နှင့်အညီ မိမိကိုယ်မိမိ မညှာဘဲလုပ်ဖို့ ဒေါက်တာချစ်စိုးက တိုက်တွန်းထားပါတယ်။

ခန္ဓာကိုယ်ဝတာနဲ့ ဒူးနာတာ ဆက်စပ်နေသလို သက်ကြီးပိုင်းရောက်လာလို့ ဒူးနာတာတွေ လည်းရှိပါတယ်။ ကိုဘအေးလည်း အခုဆိုရင် လမ်းကိုကြာကြာ မြန်မြန်လျှောက်လို့မရပါ။ ဒူးနာလာပါတယ်။ ပြေးဖို့ဆိုတာ ဝေလာဝေး။ လှေကားအတက်အဆင်းကို ဖြေးဖြေးပဲ လုပ်ရပါတယ်။ ဒါကြောင့် ဘတ်စ်ကားအတက်အဆင်း သတိထားရပါတယ်။ ပြီးတော့ ဒူးကိုကွေးပြီး ကြာကြာမထိုင်နိုင်ဘူး။ တင်ပလ္လင်ခွေထိုင်တာ၊ ကျုံ့ကျုံ့ထိုင်တာ ကြာကြာလုပ်လို့မရပါ။ သောက်ဆေးက တခါတလေသောက်ရပြီး အိပ်ရာဝင်တိုင်းကတော့ ဒူးတွေရော ခါးတွေရော လိမ်းဆေးပူပူလေး လိမ်းအိပ်ရပါတယ်။ ဝေဒနာဆို ဘာဝေဒနာမှ မကောင်းပါ။ သူ့ဟာသူ ဖြစ်လာတာဆိုတော့လည်း မတတ်နိုင်ဘူး။ “ဇာတိဇရာဗျာဓိမရဏ” လို့ ဆိုတယ်မဟုတ်လား။ တရားသဘောတွေပေါ့။ ကိုယ်ကတော့ ဘာမှ မဖြစ်ချင်ပါဘူး။ အစားအသောက် အနေအထိုင်ကိုလည်း ဂရုစိုက်တာပဲ။ ဒီကြားထဲကနေ ဖြစ်လာတာ။ ကိုယ်တွေကတော့ ခန္ဓာကိုယ်အနေအထားက ပိန်လည်းမပိန် ဝလည်းမဝဘူးလို့ ပြောရမှာပါ။ ခန္ဓာကိုယ်ကြီး အရမ်းဝဖြီးနေပြီး ကိုယ့်ကိုယ်ကို မနည်းသယ်နေရတဲ့ သူတွေကိုတွေ့ရင် သူ့တို့အစား ကြားထဲကနေပြီး စိတ်ညစ်နေမိတယ်။ ဘာလို့များ ဒီလောက်ဝလာတဲ့အထိ နေကြသလဲ။ နည်းနည်းပါးပါးလေး ထိန်းဦးပေါ့နော်။ ဒါကတော့ ကိုယ်တွေအတွေးပါ။ တချို့ကျတော့ ရောဂါကြောင့် ဝလာတာလို့ ပြောကြတယ်။ ဝတဲ့ရောဂါပေါ့ ။ အင်္ဂလိပ်လို အခေါ်အဝေါ်တော့ မမှတ်မိတော့ဘူး။

ဝလာတဲ့ အဓိကအကြောင်းရင်းက အစာစားပြီးရင် ထမင်းစားပြီးရင်ပေါ့ လှုပ်ရှားမှုနည်းလို့ လှုပ်ရှားမှုမရှိလို့လည်း ဖြစ်ပါလိမ့်မယ်။ ကိုယ်ကတော့ မဒမ်ဘအေးကိုပဲ ဥပမာပေးရမှာပဲ။ မဒမ်ဘအေးက နေပြည်တော်မှာနေတုန်းမှာ ပိုဝလာတာပါ။ ညနေကျောင်းကပြန်လာရင် အိမ်မှာ ကျူရှင်ဆက်သင်တယ်။ ကျူရှင်ပြီးလို့ ညရှစ်နာရီလောက်မှာ ထမင်းစားပြီးရင် (ပန်းကန်တွေတောင် မဆေးနိုင်တော့ပါ။ ဘေစင်မှာထပ်ထားပြီး) တီဗွီရှေ့မှာထိုင်ပြီး အိပ်ငိုက်ပါတော့တယ်။ မနက် စောစောထရတာရယ်။ စာသင်ရလို့ ပင်ပန်းသွားတာတွေရယ်ပေါ့။ နေပြည်တော် ခြောက်နှစ်မှာ အဲဒီလိုပဲပုံမှန် နေလာတာဆိုတော့ ဝလာတော့တာပဲပေါ့။ အမှန်ကတော့ ထမင်းစားပြီးတာနဲ့ ချက်ချင်းမထိုင်လိုက်ပဲနဲ့ တစ်အိမ်လုံးကိုတံမျက်စည်းလှဲတာတို့ ဘာတို့ ကိုယ်လက်လှုပ်ရှားမှုလေး နည်းနည်းလုပ်ပေးရမှာ။ ဒါမှ ကိုယ်စားထားတဲ့ ကယ်လိုရီတွေ လျော့သွားမှာ။ လေ့ကျင့်ခန်းလုပ်တာတို့ ဝစေမယ့် အစားအစာတွေကို ရှောင်တာတို့ လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။
ဝလာတာကို ဝိတ်ချနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ထင်သာမြင်သာဖြစ်အောင် ပြောရမယ်ဆိုရင် ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာကိုကြည့်။ သူရုပ်ရှင်ပြန်ရိုက်တဲ့အချိန်မှာ တော်တော်လေး ဝနေတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဝိတ်ချလိုက်တော့ အရင်ကထက်တောင် ပိုပြီးလှသွားသေးတယ်။ အဆိုတော် L ဆိုင်းဇီရော၊ သီချင်းဆိုရင်းနဲ့ကို ဝလာတာ။ နောက်တော့ ဝိတ်ချလိုက်တာ တော်တော်လေး ကြည့်ကောင်းသွားတယ်။

ဝတာ ပိန်တာက မျိုးရိုးလိုက်တယ်လို့လည်း ပြောတယ်။ တချို့ပိန်တဲ့သူတွေ ဝချင်တယ်။ ဘယ်လိုမှ ဝမလာနိုင်ဘူး။ ဝတဲ့သူကလည်း ပိန်ချင်တယ်။ မပိန်နိုင်ဘူး။ အလိုလိုနေရင်းကို ဝနေတာ။ ပိန်လွန်းတာလည်း မကောင်းသလို၊ ဝလွန်းရင်လည်း မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါစုံဝင်လာတတ်တယ်။ ဝတဲ့သူက အစပိုင်းက ပြောခဲ့သလို ဒူးနာတာတို့ ဘာတို့ဖြစ်လာတာအပြင် ဝတဲ့သူလူတိုင်းက အနည်းဆုံးသွေးတိုးကတော့ ရှိနေတတ်တယ်။ဒါကြောင့် ဆရာဒေါက်တာ ချစ်စိုးပြောသလို လူကဝတော့ ဒူးကနာ၊ ဒူးကနာတော့ လမ်းသိပ်မလျှောက်နိုင်၊ လမ်းမလျှောက်နိုင်တော့ လူဝကလာဆိုတဲ့ သံသရာလည်နေသလိုပဲ လူကဝတော့ သွေးတိုးဖြစ်၊ နှလုံးဖြစ်၊ ဆီးချိုဖြစ်၊ အဲဒီတော့ သိပ်ပြီးလှုပ်လှုပ်ရှားရှား မလှုပ်နိုင် လှုပ်ရှားမှုနည်းတော့ လူကဝလာဆိုတဲ့ သံသရာကလည်း လည်နေဦးမှာပဲ။ ဝတဲ့သူက ပိန်တဲ့သူထက်လည်း ရောဂါပိုစုံပါတယ်။ ဒါကြောင့်သိပ်ပြီး မဝအောင်လည်း မိမိကိုယ်မိမိ ထိန်းသိမ်းသင့်ပါတယ်။ “ဝမှလှတယ်” ဆိုတဲ့ စကားကို အဓိပ္ပါယ်ရှိသွားအောင် “လှလောက်အောင်ပဲ ဝပါ” “လှရုံလေးပဲ ဝပါ”လို့ ဆိုချင်ပါတယ်။
TZO
28/6/2014

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *