News

မြန်မာ့ကမ်းလွန် ရေနက်ပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရန် Shellက စာချုပ်များချုပ်ဆို

မြန်မာ့ကမ်းလွန် ရေနက်ပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရန် Shell က စာချုပ်များချုပ်ဆို

Shell နှင့် ယင်း၏စီးပွားဖက် Mitsui Oil Exploration Co.,Ltd group (MOECO) တို့သည် ရေနက်ပိုင်းလုပ်ကွက် သုံးကွက်အတွက် ရှာဖွေတူးဖော်ရေးနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး ဆိုင်ရာစာချုပ်များ (PSCs)ကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် ချုပ်ဆိုခဲ့ပါသည်။ ဤခြေလှမ်းသည် Shell အနေဖြင့် မြန်မာနိုင်ငံတွင် upstream ရှာဖွေတူးဖော်ရေး လုပ်ငန်းများ (အလားအလာရှိသော မြေအောက်၊ ရေအောက်ရှိ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များ၊ ရေနံတွင်းများကို ရှာဖွေတူးဖော်ခြင်း စသည်) ပြန်လည်လုပ်ကိုင်ခြင်းကို ရည်ညွှန်းပါသည်။

“ဒီရှာဖွေတူးဖော်ရေး အစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတဲ့ မြန်မာနိုင်ငံ ရဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန်အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ကမ်းလွန်လုပ်ကွက် နယ်ပယ် ကို ချဲ့ထွင်ရာမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကျွမ်းကျင်မှုတွေကို ယူဆောင်လာမယ့် Shell နဲ့ MOECO တို့နဲ့ လက်တွဲ လုပ်ကိုင်ရဖို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာန(MOE) ၏ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် ကပြောကြားသည်။

Shell အနေဖြင့် မြေငလျင်နှင့် အခြားဘူမိရူပဗေဒဆိုင်ရာ အချက်အလက်များကို တိုင်းတာရယူ ဆောင်ရွက်ပြီး အဓိပ္ပာယ် ကောက်ယူရန်အတွက် အသုံးပြုသည့် အဆင့်မြင့် ပစ္စည်းကိရိယာများ အပါအဝင် ရေနက်ပိုင်း ရှာဖွေတူးဖော်ရေးတွင် ဦးဆောင် ထိပ်တန်း နည်းပညာများကို အသုံးပြုသွားမည် ဖြစ်ပါသည်။ ဤသို့အားဖြင့် အလားအလာရှိသော စွမ်းအင် အရင်း အမြစ်များ အကြောင်း ပိုမိုသိရှိနားလည်နိုင်လာမည် ဖြစ်သည်။

“မြန်မာနိုင်ငံအစိုးရ၊ ကျွန်တော်တို့ရဲ့စီးပွားဖက် MOECO တို့နဲ့ပူးပေါင်းပြီး ကမ်းလွန်ရေနက်ပိုင်း လုပ်ကွက်သုံးကွက်ကို လုပ်ကိုင်ဖို့ ရှာဖွေတူးဖော်ရေးနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး ဆိုင်ရာစာချုပ်တွေ (PSCs) ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်မိပါတယ်။ ပြီးခဲ့တဲ့ အနှစ်သုံးဆယ်ကာလတစ်လျှောက် ကမ္ဘာတစ်ဝန်းမှာ ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့တဲ့ ကမ်းလွန်ရေနက်ပိုင်းဆိုင်ရာ အဆင့်မြင့်နည်းပညာ စွမ်းဆောင်ချက်တွေကို အသုံးချနိုင်ဖို့အတွက် ဒီလုပ်ကွက် သုံးကွက်က ကျွန်တော်တို့ကို စိတ်လှုပ်ရှားဖွယ် ရှာဖွေတူးဖော်ရေး အခွင့်အလမ်းအသစ်တစ်ခုကို ပေးပါတယ်။ အခုလို ရှာဖွေတူး ဖော်ခွင့်ရတာကို ကျွန်တော့်အနေနဲ့ ဝမ်းမြောက်မိသလို နိုင်ငံရဲ့ စွမ်းအင်အရင်းအမြစ်တွေကို ဖော်ထုတ် အသုံးချပြီး ဖွံ့ဖြိုးတိုးတက် အောင်လုပ်ဖို့ မြန်မာနိုင်ငံရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ အကူအညီပေးသွားနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့် ပါတယ်” ဟု Royal Dutch Shell ၏ Exploration Asia and Australia ဆိုင်ရာ ဒု-ဥက္ကဋ္ဌ Graeme Smith က ပြောကြားပါသည်။

သဘောတူညီချက်များအရ အလားအလာရှိသော ရေနက်ပိုင်းလုပ်ကွက် AD-9 နှင့် AD-11(ရခိုင်ရေနက်ဆိပ်ကမ်း) နှင့် MD-5 (တနင်္သာရီဆိပ်ကမ်း) တို့ကို Shell အနေဖြင့် ရှာဖွေအကဲဖြတ်ခွင့် ရရှိမည်ဖြစ်သည်။ အဆိုပါ လုပ်ကွက်သုံးကွက်သည် ဧရိယာ အားဖြင့် စတုရန်းကီလိုမီတာ ၂၁,ဝ၀ဝ ခန့် ကျယ်ဝန်းပြီး ကမ်းလွန် ကီလိုမီတာ ၃၀ဝ အကွာအဝေး၌ရှိသော မီတာ ၁,၈၀ဝ မှ ၂,၇၀ဝ အထိနက်သည့် ရေနက်ပိုင်းများတွင် တည်ရှိပါသည်။

Shell က Operator အဖြစ် ဆောင်ရွက်ခွင့်ရရှိထားပြီး အဆိုပါစာချုပ်သုံးခုတွင် အကျိုးအမြတ်ပမာဏ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင် ပြီး MOECOက ကျန်သည့် ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *