Opinion

၂၇ကြိမ်မြောက် ဆီးဂိမ်း မြန်မာ့လက်ရွေးစင် ရွက်လှေ အားကစားသမားများ၏ ကိုယ်ရေး အကျဉ်းများ

၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ရွက်လှေ အားကစားသမားများ၏ ကိုယ်ရေး အကျဉ်းများကို တင်ပြလိုက်ပါသည်။ မြန်မာနိုင်ငံကိုယ်စားပြု ရွက်လှေအသင်းအား လက်ရွေးစင် ရွက်လှေအားကစား သမား (၂၅) ဦး နှင့် နိုင်ငံခြားသား နည်းပြ (၇) ဦး၊ ပြည်တွင်းမှ နည်းပြ (၂) ဦးတို့ဖြင့်ဖွဲ့စည်းထားပါသည်။

ဧရာဝတီတိုင်း၊ ငွေဆောင်ကမ်းခြေတွင် ဒီဇင်ဘာလ ၁၁ရက်နေ့ မှ ၂၀ရက်နေ့ အတွင်း ကျင်းပမည့် ရွက်လှေပြိုင်ပွဲများတွင် မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့မှ အားကစားသမားပေါင်း ၁၂၅ ဦး တို့ သည် ရွက်လှေအားကစားနည်း ၁၃ မျိုး တို့တွင်ဆုတံဆိပ်များရရှိရန် ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

 

dr-su-myat-soe

အမည်                    –                ဒေါက်တာစုမြတ်စိုး

အသက်                  –                 (၃၁)နှစ်

ပြိုင်ပွဲအမျိုးအစား     –                International 470 (Helms)

၀၁။           ရွက်လှေအားကစားလောကထဲ ဘယ်လိုရောက်ရှိလာပါသလဲ။

–           ကျွန်မ (၁၀)နှစ် သမီးအရွယ်ကတည်းက ရွက်လှေအားကစားနဲ့ စတင်ထိတွေ့ခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်မရဲ့ဦးလေးက ရွက်လှေအားကစားသမား တစ်ယောက်ဖြစ်ပြီး၊ ဦးလေးရဲ့ လွှမ်းမိုးမှုတွေက ကျွန်မကို ဒီအားကစားနဲ့ နီးစပ်စေခဲ့တာဖြစ်ပါတယ်။ အဲဒီ့ကတည်းက ကျွန်မဟာ ရွက်လှေအားကစားအကြောင်း စိတ်၀င်တစားအချိန်တိုင်း တွေးနေမိခဲ့ပါတယ်။

၀၂။         SEA Games အတွက် ဘယ်လိုပြင်ဆင် ဆောင်ရွက်နေပါသလဲ။

–           SEA Games အတွက် အပြည့်အ၀လေ့ကျင့်နိုင်ဖို့ ကျွန်မရဲ့ ကလေးပါရဂူ ဆရာ၀န်ဆေးပညာ ဘွဲ့လွန်သင်တန်းကနေ ဒီနှစ်ဇန်နဝါရီလောက်တည်းက ခွင့်ယူထားခဲ့ရပါတယ်။ ကျွန်မတို့ဟာ အင်းယားကန်ထဲမှာရော၊ ငွေဆောင်ကမ်းခြေမှာပါ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ကျွန်မမှာ (၂) နှစ်အရွယ် သမီးကလေးတစ်ယောက်ရှိပြီး၊ ကျွန်မလေ့ကျင့်ရေးစခန်း သွားရောက်ဖို့ ပစ္စည်းတွေထုတ်ပိုး ပြင်ဆင်နေတာမြင်တိုင်း သမီးလေးက အမြဲလိုလို  ငိုနေကျဖြစ်ပါတယ်။ သမီးအတွက် အမြဲတမ်းအချိန်ပေးဖို့ဆိုတာ ခက်ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲကြီးအတွက် ကျွန်မမှာရှိသမျှ စွမ်းအားတွေပေးဆပ်နိုင်ဖို့ စွန့်လွှတ်မှုတစ်ချို့ကို မဖြစ်မနေ ပြုလုပ်ရမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့အသင်းမှာ တခြားကလေး မိခင်တစ်ယောက်လည်း ရှိပြီး၊ ကျွန်မတို့ အချင်းချင်း ကလေးတွေအကြောင်း ပြောရင်း တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမ ကြိုးစားကြရပါတယ်။

၀၃။          SEA Games မှာ မစုမြတ်စိုးရဲ့ ရည်မှန်းချက်ကို သိပါရစေ။

–               ကျွန်မရဲ့ ရည်မှန်းချက်က အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားဖို့ပဲ ဖြစ်ပါတယ်။

၀၄။          မြန်မာနိုင်ငံမှာ (၄၄) နှစ်အတွင််း ပထမဆုံးအကြိမ်အဖြစ် SEA Games  ပြိုင်ပွဲလက်ခံကျင်းပခွင့် ရတာကို ဘယ်လိုခံစားရပါသလဲ။

–           မြန်မာနိုင်ငံမှာ SEA Games ပြိုင်ပွဲ လက်ခံကျင်းပခွင့်ရတာကို အရမ်းကို ဂုဏ်ယူပါတယ်။ ကျွန်မအနေနဲ့ အခြားနိုင်ငံပေါင်းများစွာမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရွက်လှေပြိုင်ပွဲတွေအများကြီး ပါ၀င်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဒါကြောင့် အိမ်ရှင်မိခင်နိုင်ငံမှာ ယှဉ်ပြိုင်ဖို့အတွက် အလွန်ကို စိတ်လှုပ်ရှားမိပါတယ်။

၀၅။          ဘယ်သူတွေက သင့်ကို စိတ်ဓာတ်တက်ကြွစေပါသလဲ၊ အောင်မြင်မှုရဖို့ ကြိုးစားနေကြတဲ့ ရွက်လှေ အားကစားသမားများကို ဘယ်လိုသတင်းစကားပါးလိုပါသလဲ။
–               ကျွန်မရဲ့အသင်းဖော်တွေက ကျွန်မကို စိတ်ဓာတ်တက်ကြွစေပါတယ်။ မြန်မာရွက်လှေ      အားကစားသမားများအားလုံးကို ပြင်းပြင်းထန်ထန် ဆက်လက်ကြိုးစားအားထုတ် ဆောင်ရွက်သွားဖို့ ပြောလိုပါတယ်။ ကျွန်မအတွက်ကတော့ ဒီSEA Games ဟာ အဆုံးသတ် မဟုတ်သေးဘဲ နောင်လာမယ့် ယခုလိုပြိုင်ပွဲပေါင်း များစွာအတွက် အစမျှသာ ဖြစ်ပါတယ်။

 

phone-kyaw-moe-myint

အမည်                    –     ဖုန်းကျော်မိုးမြင့်

အသက်                  –     (၂၈)နှစ်

ပြိုင်ပွဲအမျိုးအစား     –      Half Rater (Crew)

၀၁။            ရွက်လှေအားကစားလောကထဲ ဘယ်လိုရောက်ရှိလာပါသလဲ။

–                     –     ကျွန်တော် (၁၀) နှစ်သားကတည်းက ရွက်လှေအားကစားကို စတင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အစ်ကိုဟာ သူ (၈) နှစ်သားကတည်းက ရွက်လှေအားကစားကို စတင်ထိတွေ့ခဲ့တာဖြစ်ပြီး၊ ကျွန်တော့်၀မ်းကွဲအစ်မ (စုမြတ်နိုး) ဟာလည်း (၁၀) နှစ်သမီးကတည်းက စစီးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ရွက်လှေအားကစားဟာ ကျွန်တော်တို့အတွက်  မိသားစုအားကစားနည်းလို ဖြစ်နေပါတယ်။

၀၂။          SEA Games အတွက် ဘယ်လိုပြင်ဆင်ဆောင်ရွက်နေပါသလဲ။

–           လွန်ခဲ့သော (၁)နှစ်ခွဲလောက်ကတည်းက ကျွန်တော်တို့လေ့ကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပင်လယ်မှာ အကြိမ်ပေါင်းများစွာ သွားရောက်လေ့ကျင့်ခဲ့ကြပါတယ်။ မိုးရာသီမှာတော့ ရန်ကုန်၊ အင်းယားကန်ထဲမှာ လေ့ကျင့်ကြပြီး၊ ရာသီဥတု ကောင်းမွန်တဲ့ အချိန်ဆိုရင်၊ ငွေဆောင်မှာ လေ့ကျင့်ကြပါတယ်။ ငွေဆောင်မှာ သင့်လျော်တဲ့လှေဆိပ်ကမ်း မရှိတဲ့အတွက် ကမ်းခြေကနေ ရွက်လှေတွေရေချဖို့က လှိုင်းရိုက်ခတ်မှုကြောင့် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ နည်းပြတွေဟာ ကျွန်တော်တို့ရဲ့ လေ့ကျင့်မှုတွေမှာ အဓိကကျပါတယ်။ ကျွန်တော်တို့ရဲ့နည်းပြတွေဟာ အင်္ဂလန်၊ သြစတေးလျ၊ စပိန်၊ ဂရိနဲ့ ထိုင်းနိုင်ငံများမှ ဖြစ်ပြီး၊ ကျွန်တော့်၀မ်းကွဲအစ်မ စုမြတ်စိုးရဲ့နည်းပြဟာ အိုလံပစ်ငွေတံဆိပ် နှစ်ထပ်ကွမ်းဆုရှင် အင်္ဂလန်နိုင်ငံသား Joe Glanfield ဖြစ်ပါတယ်။ ဒါ့အပြင် SEA Games အတွက် ကျွန်တော်တို့ရဲ့ လေ့ကျင့်မှု အစိတ်အပိုင်းတစ်ရပ်အဖြစ် ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်လေ့ကျင့်ဖို့ အပြည်ပြည်ဆိုင်ရာက ထိပ်သီးရွက်လှေ အားကစားသမားများကိုလည်း ငှားရမ်းလေ့ကျင့်လျက် ရှိပါတယ်။

၀၃။         SEA Games မှာ ကိုဖုန်းကျော်မိုးမြင့်ရဲ့ ရည်မှန်းချက်ကို သိပါရစေ။

–          လေ့ကျင့်မှုစတင်တဲ့အချိန်ကတော့ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ရွှေတံဆိပ်ရယူဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်မှုကာလ တစ်နှစ်ခွဲကြာလာပြီးတဲ့ နောက်မှာတော့၊ ယခုအချိန်မှာ ကျွန်တော့်ရဲ့ရည်မှန်းချက်က အကောင်းဆုံးယှဉ်ပြိုင်ဖို့ပဲ ဖြစ်ပါတယ်။ ရွှေတံဆိပ်ကတော့ အကောင်းဆုံးလုပ်ဆောင်မှုရဲ့နောက်မှာ ရှိပါလိမ့်မယ်။ ရွက်လှေအားကစားဆိုတာ အမှားအနည်းဆုံး လုပ်တဲ့သူက အနိုင်ရတဲ့ အားကစားနည်း ဖြစ်ပါတယ်။ ဒါဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရွက်လွှင့်အနိုင်ရဖို့ပဲဖြစ်ပြီး၊ မိမိရဲ့ပြိုင်ဖက်ကို အရေးနိမ့်အောင် ဆောင်ရွက်ဖို့ရည်ရွယ်တာ မဟုတ်ပါဘူး။

၀၄။      မြန်မာနိုင်ငံမှာ (၄၄) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှာ SEA Games ပြိုင်ပွဲ        လက်ခံကျင်းပခွင့်ရခဲ့ခြင်း အပေါ် ဘယ်လိုများ ခံစားရပါသလဲ။

–          မိမိနိုင်ငံက အိမ်ရှင်နိုင်ငံဖြစ်ပြီး၊ ရွက်လှေပြိုင်ပွဲ ယှဉ်ပြိုင်ရခြင်းဟာ စိတ်၀င်စားစရာ အကောင်းဆုံးဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ မိမိနိုင်ငံရဲ့ ရေမြေအနေအထားကို နားလည်မှုစတဲ့ အိမ်ရှင်အခွင့်အရေးရရှိမှုသာမက၊ ကျွန်တော်တို့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ လာရောက်အားပေးမှုကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ တသက်မှာ တစ်ကြိမ်သာ ရနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။

၀၅။        ဘယ်သူက ခင်ဗျားအပေါ် စိတ်အားတက်ကြွစေပါသလဲ။ မြန်မာ့ရွက်လှေအားကစား သမားများကို ဘယ်လိုသတင်းစကား ပြောကြားလိုပါသလဲ။

–          ကျွန်တော်ဟာ ကမ္ဘာကျော်ဘောလုံးသမား လိုင်ယွန်နယ်မက်ဆီရဲ့ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ ပြိုင်ပွဲမယှဉ်ပြိုင်မီမှာ မိမိကိုယ်ကို စိတ်အားမြှင့်တင်မှုအဖြစ် “ 30 Second to Mars ’’ အဖွဲ့ရဲ့ သီချင်းတွေကို အမြဲတမ်းနားထောင်လေ့ ရှိပါတယ်။ ညီငယ်/ ညီမငယ် ရွက်လှေအားကစားသမားတွေကို ပြောလိုတာကတော့ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ပြီး၊ မိမိတို့ရဲ့ စွမ်းအင်တွေကို မြှင့်တင်ထားဖို့ဖြစ်ပါတယ်။ အခက်အခဲတွေ အများအပြား တွေ့ကြုံရရင်တောင်၊ နောက်ဆုံးတစ်နေ့မှာတော့ ဒါဟာ ယှဉ်ပြိုင်ပွဲတစ်ရပ်သာ ဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်အောင် ဆင်နွှဲလိုက်ကြပါလို့ပဲ ပြောလိုပါတယ်။

 

wai-pwint-war-toe

အမည်                 –          ဝေပွင့်ဝါတိုး

အသက်               –          (၁၈) နှစ်

ပြိုင်ပွဲအမျိုးအစား  –          International 420 (Helms)

၀၁။         ရွက်လှေအားကစားလောကထဲ ဘယ်လိုရောက်ရှိလာပါသလဲ။

–               ကျွန်မ (၁၃)နှစ် သမီးအရွယ်တုန်းက ရုပ်မြင်သံကြားမှာ ရွက်လှေပြိုင်ပွဲကို ကြည့်ခဲ့ရပြီး၊  ကျွန်မကိုယ်တိုင် ပါ၀င်ယှဉ်ပြိုင်လိုစိတ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ နွေရာသီ ရွက်လှေလေ့ကျင့်ရေးစခန်းကို တက်ရောက်ခဲ့ပြီး၊ အဲဒီကတည်းက ယခုတိုင်အောင် ရွက်လှေအားကစားလောကထဲမှာ ကျင်လည်ခဲ့တာဖြစ်ပါတယ်။

၀၂။        SEA Games ပြိုင်ပွဲအတွက် ဘယ်လိုပြင်ဆင်မှုတွေ ဆောင်ရွက်ထားပါသလဲ။

–              ကျွန်မတို့လေ့ကျင့်နေတာ ၂၀၁၂ခုနှစ်၊ မတ် လကတည်းကပါ။ ကျွန်မရဲ့ တွဲဖက်နဲ့ကျွန်မဟာ တစ်ပတ်ကို(၆)ရက်၊ အင်းယားကန်ထဲမှာ လေ့ကျင့်ခဲ့ကြပါတယ်။ ပုံမှန်လေ့ကျင့်ရေးနေ့တစ်နေ့ဟာ မနက်ပိုင်းမှာ ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်မှုနဲ့ စတင်ပြီး၊ နည်းပြများရဲ့လမ်းညွှန်မှုကို ဆက်လက်ခံယူရပါတယ်။ ပြီးတဲ့နောက် ရေပေါ်မှာ (၄) နာရီကြာ ရွက်လွှင့်လေ့ကျင့်ရပါတယ်။

၀၃။       SEA Games မှာ ညီမရဲ့ရည်မှန်းချက်ကို သိပါရစေ။

–             ကျွန်မရဲ့ရည်မှန်းချက်က အကောင်းဆုံးယှဉ်ပြိုင်သွားဖို့ပဲ ဖြစ်ပါတယ်။

၀၄။       မြန်မာနိုင်ငံက SEA Games ပြိုင်ပွဲလက်ခံကျင်းပခွင့် ရခဲ့ခြင်းအပေါ် ဘယ်လိုများ ခံစားရပါသလဲ။

–             အလွန်ကံကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်မတို့ဟာ ပြိုင်ပွဲကျင်းပမယ့်နေရာနဲ့ အကျွမ်းတ၀င်ရှိတဲ့ အတွက်ကြောင့်၊ အိမ်ရှင်အခွင့်အရေး ရရှိနိုင်ပါတယ်။ ပိုပြီးအရေးကြီးတာကတော့ ကျွန်မရဲ့မိသားစုတွေ လာရောက်ပြီး၊ ကျွန်မကို အားပေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ တခြားနိုင်ငံတွေက  ရွက်လှေအားကစားသမား များစွာနဲ့ ခင်မင်မှုရှိပြီး၊ သူတို့ကို ကိုယ့်နိုင်ငံမှာ ဧည့်ခံခွင့်၊ ကြိုဆိုခွင့်ရခြင်းဟာ ပျော်ရွှင်စရာ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

၀၅။     ဘယ်သူက ညီမကို စိတ်အားတက်ကြွစေပါသလဲ။ မြန်မာရွက်လှေအားကစားသမား များကို ဘယ်လိုသတင်းစကားများ ပြောကြားလိုပါသလဲ။

–           ကျွန်မရဲ့အသင်းဖော်တွေက ကျွန်မကို စိတ်အားမြှင့်တင်ပေးပြီး၊ ကျွန်မကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ် စိတ်အားမြှင့်တင်လျက်ရှိပါတယ်။ ရွက်လှေအားကစားအပေါ် စိတ်ပါ၀င်စားသူတွေကို ပြောလိုတာကတော့ ရေပြင်ကိုမကြောက်ပါနဲ့၊ ကျွန်မတို့နဲ့ လာရောက်ပူးပေါင်း ပါ၀င်ဆင်နွှဲကြပါလို့ ပြောလိုပါတယ်။

 

se-thu-moe-myint

အမည်                      –          စည်သူမိုးမြင့်

အသက်                    –          (၃၀) နှစ်

ပြိုင်ပွွှဲအမျိုးအစား     –           Half Rater (Helmsman & Team Captain)

၀၁။        ရွက်လှေအားကစားလောကထဲ ရောက်ရှိလာပုံကို သိပါရစေ။

–              ကျွန်တော် (၈) နှစ်သားအရွယ်ကတည်းက ရွက်လှေအားကစားကို စခဲ့တာပါ။ ၁၉၈၉ခုနှစ်မှာ၊ အဖေက မြန်မာနိုင်ငံ Optimist Class ရွက်လှေ Program ကို စတင်ခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ အသက်(၁၅) နှစ်နဲ့အောက် ရွက်လှေ အားကစားသမားတွေအတွက် ရွက်လှေပြိုင်ပွဲ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အဲဒီအချိန်က Optimist လှေ(၄)စီးသာရှိပြီး၊ ကျွန်တော်က အဲဒီလှေ(၄)စီးရဲ့ အားကစားသမားတစ်စုထဲက တစ်ယောက်ဖြစ်ပါတယ်။

၀၂။      SEA Games အတွက် ဘယ်လိုပြင်ဆင်မှုတွေများ ဆောင်ရွက်ထားပါသလဲ။

–           ကျွန်တော်နဲ့ ကျွန်တော့်ညီဟာ ရေနံကုမ္ပဏီကမှာ အချိန်ပြည့်၀န်ထမ်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ခွင့်ယူပြီး လေ့ကျင့်မှုတွေကိုလည်း ပြင်းပြင်းထန်ထန် ဆောင်ရွက်လျက်ရှိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကာလအတွင်းမှာ ကျွန်တော်တို့ဟာ ရုံးပိတ်ရက် ရွက်လှေပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် ၂၀၁၂ခုနှစ်၊ နို၀င်ဘာလကတည်းက ငွေဆောင်မှာ၊ ပင်လယ်ပြင်လေ့ကျင့်ရေးစခန်း၀င်ပြီး အပြင်းအထန် လေ့ကျင့်ခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ကံကောင်းစွာနဲ့ ကမ္ဘာတစ်၀န်းက နာမည်ကျော်နည်းပြများနဲ့ ယှဉ်ပြိုင်လေ့ကျင့်ဖက်တွေ ခေါ်ယူထားပါတယ်။ ကျွန်တော်တို့ရွက်လှေရဲ့ လျှင်မြန်မှုနှုန်း၊ နည်းဗျူဟာနဲ့ ဆုံးဖြတ်ချက်ချနိုင်မှုတွေကို တိုးတက်အောင် ကူညီနိုင်တဲ့ ကမ္ဘာ့အဆင့်(၂)၊ အဆင့်(၃) ရှိ ရွက်လှေအားကစားသမားတွေနဲ့၊ အိုလံပစ်ငွေတံဆိပ်ဆုရှင် ရေခဲပြင်စကိတ်စီးသမား (ယခု ရွက်လှေစီးသူ) တစ်ယောက်တောင် ပါ၀င်ပါတယ်။ SEA Games အကြို နောက်ဆုံးလေ့ကျင့်ရေး စခန်းမှာတော့၊ ကျွန်တော်တို့ရဲ့ နည်းစနစ်တွေအပေါ် Final မွမ်းမံပြင်ဆင်တာ၊ ပြိုင်ပွဲကြီးပုံသဏ္ဍန် အလားတူပုံစံ လေ့ကျင့်တာတွေကို ရက်(၂၀) ကြာ အပြီးသတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၀၃။     SEA Games အတွက် ခင်ဗျားရဲ့ ရည်မှန်းချက်ကို သိပါရစေ။

–           ကျွန်တော်ဟာ အနိုင်ရရှိမှုကို အသည်းအသန် လိုလားသူမဟုတ်ပါဘူး။ ရွက်လှေ ယှဉ်ပြိုင်မှုမှာ၊ ဒီလိုစိတ်ထားနဲ့ ယှဉ်ပြိုင်ရင် အခက်အခဲရှိနိုင်ပါတယ်။ ကျွန်တော်ရဲ့တစ်ခုတည်းသော ရည်မှန်းချက်က ကျွန်တော့်ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနဲ့ အကောင်းဆုံးယှဉ်ပြိုင်သွားဖို့ပဲ ဖြစ်ပါတယ်။ ရွက်လှေယှဉ်ပြိုင်ရာမှာ အမှားအနည်းဆုံး ဆောင်ရွက်နိုင်ဖို့က အဓိကဖြစ်ပြီး၊ နောက်ဆုံးရလဒ်ကို အဓိကအနေနဲ့ မထားပါဘူး။

၀၄။     မြန်မာနိုင်ငံက SEA Games ပြိုင်ပွဲ လက်ခံကျင်းပခွင့်ရခဲ့ခြင်း အပေါ် ဘယ်လိုခံစားရပါသလဲ။

–           အရမ်းကို အံ့သြဖို့ကောင်းပါတယ်။ကျွန်တော်(၈) နှစ် သားအရွယ်ကတည်းက ရွက်လှေစတင် လေ့ကျင့်ယှဉ်ပြိုင်ခဲ့ပြီး၊ အမိနိုင်ငံမှာ SEA Games ပြိုင်ပွဲ ပါ၀င်ယှဉ်ပြိုင်ဖို့ကို အိပ်မက်အဖြစ်ပဲ မက်ခဲ့ရတာပါ။ ကျွန်တော့် ဘ၀တစ်သက်တာမှာ ဒီလိုဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိပါဘူး။ ကျွန်တော်ရွက်လှေပြိုင်ပွဲတွေကနေ လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းက အလုပ်တာ၀န်နဲ့ အနားယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက SEA Games ပြိုင်ပွဲ လက်ခံကျင်းပမယ်လို့ ကြားကြားချင်းပဲ ပါ၀င်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး၊ လေ့ကျင့်မှုတွေ ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။

၀၅။     ဘယ်သူက သင့်ကို စိတ်အားမြှင့်တင်ပေးပါသလဲ။ မြန်မာ့ရွက်လှေအားကစားသမားများကို ဘယ်လိုသတင်းစကား  ပါးလိုပါသလဲ။

–           မိမိကိုယ်ကို စိတ်အားမြှင့်တင်ပါတယ်။ကျွန်တော်ဟာ ပြိုင်ဆိုင်လိုစိတ်ရှိသူ တစ်ယောက်ဖြစ်ပြီး၊ ကျွန်တော်လုပ်သမျှ အရာတိုင်းကို အကောင်းဆုံ ဖြစ်စေချင်သူတစ်ယောက်ပါ။ ကျွန်တော် (၈) နှစ်သား အရွယ်တုန်းက (၁၀) နှစ်ကျော် အရွယ်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ၊ အဲဒီ အသက်အရွယ်မှာ အသက်(၂) နှစ်ဆိုတာ ကြီးမားတဲ့ကွာဟမှု တစ်ခုပါ။ အဲဒီလို(၁၀) နှစ်သား အရွယ်တွေနဲ့ ယှဉ်ပြိုင်ဖို့ ခွန်အားနဲ့ ကျွမ်းကျင်မှုတွေ ကျွန်တော့်မှာမရှိဘူးလို့ အမြဲတမ်းပြောခံခဲ့ရပြီး၊ ဒါကို ကြားရတာ ကိုယ့်ကိုကိုယ်ပိုပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့အတွက် တွန်းအားတစ်ရပ် ဖြစ်စေခဲ့ပါတယ်။ ငယ်ရွယ်တဲ့ အားကစားသမားအားလုံးအတွက် ကျွန်တော်ပြောလိုတာကတော့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ဒါကြောင့် အိပ်မက်ကို ဆုပ်ကိုင်ထားပါ။ မိမိရဲ့အိပ်မက်တွေကို အကောင်အထည်ပေါ်အောင် ကြိုးစားအားထုတ်မယ်ဆိုရင် အမှန်တကယ် ဖြစ်လာပါလိမ့်မယ်လို့ ပြောလိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *