News

စနေနေ့ည ကိုးနာရီ မျိုးမြင့်လေး ကွယ်လွန်ရှာပြီ

စနေနေ့ည ကိုးနာရီ၊ နေကာမျက်မှန်လေးနဲ့ စသော နာမည်ကျော် တေးသီချင်းပေါင်းများကို ရေးစပ်သီဆိုခဲ့သည့် နိုင်ငံကျော်တေးသံရှင် မျိုးမြင့်လေး သြဂုတ် ၁၈ရက် နံနက် ၆နာရီ ၂၇မိနစ်တွင် ရန်ကုန်ပြည့်သူ့ဆေးရုံကြီး၌ အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ အသက် ၇၄နှစ်ရှိပြီဖြစ်သော တေးသံရှင် (ဦး)မျိုးမြင့်လေးသည် ဂီတလောကသို့ ၁၉၅၆ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး မြန်မာမှုတေးသီချင်းများကို ဖန်တီးရေးသားသီဆိုခဲ့သည့် အနုပညာရှင်တစ်ဦး ဖြစ်ပါသည်။ တေးသံရှင်မျိုးမြင့်လေး၏ ရုပ်အလောင်းကို သြဂုတ် ၂၀ရက်တွင် ရေဝေးသုဿန်သို့ ပို့ဆောင်သဂြိုလ်မည်ဟု သိရသည်။

တေးသံရှင်မျိုးမြင့်လေး၏ မြေးဖြစ်သူက “ဆေးရုံက ညပိုင်းမှတက်တာဆိုတော့ ဆေးရုံမတက်မီ အချိန်အတွင်းမှာ သာကူသောက်ချင်တယ်ဆိုလို့တောင် တိုက်လိုက်သေးတယ်။ ညပိုင်းကျတော့ အထက်လှန်အောက်လျှော ဖြစ်တယ်။ ဝမ်းသွားတယ်။ အဲ့ဒါနဲ့ပဲ SSCဆေးရုံကို သြဂုတ် ၁၆ရက် သောကြာညကြီးမှာ တင်လိုက်တယ်။ အဲဒီမှာပဲ SSCကလည်း မရဘူး။ သျှင်ပါကူသွားဆိုတော့ သွားတယ်။ ဆရာဝန်တွေက သေချာကြည့်လိုက်တော့ သွေးဖိအား အရမ်းနည်းနေတယ်။ ရန်ကုန်ဆေးရုံကြီးကို သွားမှရမယ်ဆိုပြီးတော့ ရန်ကုန်ဆေးရုံကြီးကို သွားတယ်။ အဲဒီမှာဆရာဝန်က သွေးကြောပေါက်နေတယ်။ ခွဲစိတ်မှ ရမယ်ဆိုပြီးတော့ လုပ်တယ်။ မခွဲစိတ်မီမှာ ဆီးလည်းမသွားတော့ဘူး။ ဆီးမသွားတော့ ဗိုက်က ဖောင်းဖောင်းလာတယ်။ အဲ့ဒါနဲ့နောက်ပိုင်းမှာ ဘိုးဘိုးကွယ်လွန်သွားတာပဲ”ဟုပြောသည်။

တေးသံရှင် (ဦး)မျိုးမြင့်လေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ ဒုဥက္ကဌ ဦးလွင်မြင့်က “ငယ်ငယ်တည်းက ကျွန်တော်တို့နဲ့ သူငယ်ချင်းတွေပါ။ ဂီတကောင်စီမှာ အတူလက်တွဲ လုပ်ခဲ့တဲ့သူတစ်ဦး၊ သီချင်းဆိုတာလည်း အတူတူ၊ အနုပညာရှင်တစ်ဦး၊ တိုင်းပြည်ရဲ့ ရတနာတစ်ပါး ဆုံးရှုံးသွားတာဆိုတော့ တအားကို ဝမ်းနည်းပါတယ်”ဟု ပြောကြားကြောင်း သိရသည်။ ယခုသြဂုတ်လတွင် အနုပညာရှင်များ ဆုံးပါး ကွယ်လွန်နေကြသည်ကို ကြားသိနေရသည်။ ဟိုတလောကမှ စာရေးဆရာ သတင်းစာဆရာကြီး မောင်ဝံသ (ဦးစိုးသိန်း)ကွယ်လွန်ပြီး မရှေးမနောင်းပင် စာရေးဆရာမင်းလူ (ဦးဉာဏ်ပေါ်)ကွယ်လွန်သည်။

သူတို့၏ ကွယ်လွန်မှုသည် စာပေလောကအတွက် ဆုံးရှုံးမှုဟုပြော၍မှ မဆုံးသေးခင် ယခုဂီတအနုပညာရှင် တစ်ဦးဖြစ်သည့် တေးသံရှင် (ဦး)မျိုးမြင့်လေး ကွယ်လွန်သွားပြန်သည်။မျိုးမြင့်လေးသည်လည်း သူ့ခေတ် သူ့အခါက ရေဒီယိုတေးသီချင်းများဖြင့် ကျော်ကြားခဲ့သူတစ်ယောက် ဖြစ်သည်။ ထင်ရှားသည့် သီချင်းများ အနေဖြင့် စနေနေ့ညကိုးနာရီနှင့် နေကာမျက်မှန်လေးနဲ့ လေးနှမ စသည့် လူတိုင်းပါးစပ်ဖျားတွင် ရေပန်း စားခဲ့သည့် သီချင်းများဖြစ်သည်။ ဂီတလောကအတွက် ဆုံးရှုံးမှု တစ်ရပ်ဟုပင် ဆိုရပါမည်။ စာရေးဆရာကြီး ဒဂုန်တာရာလည်း ယနေ့နေ့လည် ၁နာရီ ၁၅တွင်ကွယ်လွန်သွားပြီဖြစ်ကြောင်း Facebookတွင် ဖော်ပြထားသည်ကို ဖတ်ရှုလိုက်ရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “စနေနေ့ည ကိုးနာရီ မျိုးမြင့်လေး ကွယ်လွန်ရှာပြီ

  1. May Cho says:

    နွေမ်ာလိုက္တာ ။

Leave a Reply

Your email address will not be published. Required fields are marked *