Mobile World Congress မှာ Samsung က Galaxy Gear ရဲ့ မျိုးဆက် စမတ်နာရီများဖြစ်တဲ့ Galaxy Gear 2 နဲ့ Galaxy Gear 2 Neo စမတ်နာရီများ ကို ပြသလိုက်ပါတယ်။ ဒါပေမယ့် Galaxy Gear မှာ အသုံးပြုထားတဲ့ Android OS ကို အသုံးမပြုဘဲ Tizen OS ကို အသုံးပြုထားပါတယ်။ Tizen OS သည် Linux အခြေပြု Open Source Operating System တစ်ခုဖြစ်ပါတယ်။ Samsung က Galaxy S5 စမတ်ဖုန်းကိုလည်း Mobile World Congress ပွဲမှာ ပြသမယ်လို့ အရိပ်အမြွက်ပြောကြား ထားပါတယ်။ မျှော်လင့်နေကြတဲ့ Galaxy S5 ကို မပြသခင်မှာ စမတ်နာရီများကို ပြသခဲ့တာဖြစ်ပါတယ်။
Gear 2 နဲ့ Gear 2 Neo မှာ ၁.၆၃ လက်မ Super AMOLED Display တပ်ဆင်ထားပြီး 320×320 Pixels Resolution ပါရှိပါတယ်။ 1GHz Dual-Core Processor , 512MB RAM, 4GB Storage တပ်ဆင်ထားပါတယ်။ Gear 2 မှာ 2 Megapixel Camera တပ်ဆင်ထားပေမယ့် Neo မှာတော့ ကင်မရာ မပါရှိပါဘူး။ စမတ်နာရီ နှစ်ခုလုံးမှာ နှလုံးခုန်နှုန်း ကို တိုင်းတာပေးတဲ့ Sensor ၊ Gyroscope ၊ Pedometer တပ်ဆင်ထားပါတယ်။ စမတ်နာရီများ ဟာ Bluetooth မှတစ်ဆင့် Headphone များ နဲ့ ချိတ်ဆက်နိုင်ပါတယ်။ Infrared ထုတ်လွှင့်ပေးနိုင်ပြီး တီဗီများ ကို ထိန်းချုပ်နိုင်တဲ့ Remote Control အဖြစ် အသုံးပြုနိုင်ပါတယ်။
စမတ်နာရီ နှစ်မျိုးစလုံးတွင် သူ့အရင် မျိုးဆက်ထက် ဘက်ထရီ သက်တမ်း ပိုမို ကြာရှည်စေရန် ပြုလုပ်ပေးထားပါတယ်။ ညတိုင်းအားသွင်းစရာမလိုဘဲ ၂ ရက် ခြားတစ်ခါ ၊ ၃ ရက်ခြားတစ်ခါမှသာ အားသွင်းဖို့ လိုအပ်တယ်လို့ Samsung က ပြောပါတယ်။ 300mAh Battery တပ်ဆင်ထားပါတယ်။
Gear 2 မှာ ကင်မရာ ကို သူ့အရင်မျိုးဆက်မှာလို ကြိုးမှာ တပ်ဆင်ထားခြင်းမရှိဘဲ ကိုယ်ထည်မှာတပ်ဆင်ထားပါတယ်။ Gear 2 Neo မှာတော့ ကင်မရာ မပါရှိတာကို သတိပြုပါ။ အဲဒီအတွက် Neo က Gear 2 ထက် (၁၃) ဂရမ်လောက် ပိုမိုပေါ့ပါးပါတယ်။
Galaxy Gear 2 နဲ့ Gear 2 Neo တို့ကို ဧပြီလမှာရောင်းချပေးမှာဖြစ်ပေမယ့် ဈေးနှုန်း ကိုတော့ Samsung က ပြောကြားခြင်း မရှိသေးပါဘူး။