News

ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ငယ်မုဒိမ်းမှုများ ဆက်တိုက်ဖြစ်ပွား

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အသင်မပြည့်သေးသည့် ကလေးငယ်များအား အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ်နှင့် ကြံစည်ခံရသည့် ဖြစ်စဉ်များမှာ ယခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေ့စဉ်ဖြစ်ပွားနေသော မူခင်းဖြစ်စဉ်များအား လေ့လာချက်များအရ သိရသည်ဟု ဆိုသည်။

ယင်းသို့ ဖြစ်ပွားလာမှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပညာပေး ဟောပြောပွဲများကို ပိုမိုပြုလုပ်သွားမည် ဖြစ်သည့်အပြင် ဆင်ဆာမဲ့ ညစ်ညမ်းခွေ ဖမ်းဆီးမှုကိုလည်း တိုးမြှင့်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာ၀န်ရှိသူ ရဲမှူးမြင့်ထွေးက စက်တင်ဘာ ၁၂ရက် နံနက်ပိုင်းတွင် ပြောကြားသည်ဟု သိရသည်။

အသက်မပြည့်သေးသည့် မိန်းကလေးငယ်များ အဓမ္မပြုကျင့်မှုများ ဖြစ်ပွားနေမှုကြောင့် သက်ဆိုင်ရာမှ ဖြစ်စဉ်များ လျော့ကျစေရန် ဆောင်ရွက်နေသည့်အပြင် အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်၏ မိသားစု၊ ဆွေမျိုးများ၊ ပြည်သူအချို့မှ ဆန္ဒဖော်ထုတ်မှုများနှင့် အသက်ငယ် မုဒိမ်းရှုံချပွဲများကို ရန်ကုန်တိုင်း ဒေသကြီးတွင် ဆက်တိုက် ပြုလုပ်နေကြောင်း ရဲမှူးမြင့်ထွေးက ပြောကြားသည်။

“ယခုနှစ်အတွင်း အသက်မပြည့်သေးတဲ့ မိန်းကလေးတွေ အဓမ္မပြုကျင့်ခံရတာနဲ့ ပတ်သက်လို့ ပြည်သူက ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ဖို့ တင်ပြလာတာတွေ ရှိတဲ့အတွက် စည်းကမ်းချက်နဲ့အညီ ခွင့်ပြုချက်တွေ ပေးနေရတယ်”ဟု ၄င်းက ပြောသည်။

ထိုသို့ဖြစ်ပွားသူများနှင့် ပတ်သက်၍ ရဲမှူးက “မိန်းကလေးတွေရဲ့ အုပ်ထိန်းသူ မိဘတွေက အိမ်မှာတစ်ယောက်တည်း မထားသင့်ဘူး။ သူစိမ်းတွေကို ယုံကြည်ပြီးတော့လည်း အပ်မထားသင့်ဘူး။ အပြင်ကို တစ်ယောက်တည်း မလွှတ်သင့်ဘူး။ ညပိုင်းတွေမှာလည်း ဗီဒီယိုကြည့်တာ တစ်ယောက်တည်း မလွှတ်သင့်ပါဘူး။ အခုအချိန်မှာ အရွယ်မျိုးစုံ၊ မုဒိမ်းကျင့်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်နေတယ်။ ကျွန်တော်တို့ အနေနဲ့ ကျူးလွန်တဲ့ သူကို အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်နိုင်ဖို့ ခရိုင်တရားရုံးကိုပဲ စွဲဆိုတင်ပို့ပါတယ်”ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ဇူလိုင်လမှ သြဂုတ်လအတွင်း ဆင်ဆာမဲ့အခွေ နှစ်သိန်းနီးပါးကို ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၁၁ရက် နံနက်ပိုင်းက ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မုဒိမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဇန်နဝါနရီမှ ဇူလိုင်လအထိ ခြောက်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်စဉ်အရေအတွက် ၇၀ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *