Opinion

ပါမောက္ခ ဒေါက်တာ ဦးအောင်ထွန်းသက် ဟောပြောခဲ့သည့် PROMOTING GOOD CORPORATE GOVERNANCE

UMFCCIမှာ စက်တင်ဘာလ ၉ ရက်နေ့ ၂၀၁၂ ခုနှစ်က ဆရာကြီး ဦးအောင်ထွန်းသက် ဟောပြောခဲ့သည်များကို အိုင်စီတီ ဂျာနယ် ဖတ်ရှုသူများ လေ့လာသိရှိစေရန် ထိုဟောပြောပွဲမှ အစိတ်အပိုင်းတချို့ကို ပြန်လည် တင်ပြပေးလိုက်ပါသည်။ ထိုဟောပြောပွဲသို့ လူအယောက် ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး UMFCCI ဥက္ကဌ ဦး၀င်းအောင်မှလည်း အမှာစကား ပြောကြားကာ မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ပါသည်။ ဒေါက်တာ ဦးအောင်ထွန်းသက် ဟောပြောခဲ့သည့် ခေါင်းစဉ်မှာတော့ ‘‘PROMOTING GOOD CORPORATE GOVERNANCE’’ ဖြစ်သည်။ နိုင်ငံတကာမှ ကုမ္ပဏီကြီးများ၊ ရင်းနှီးမြုပ်နှံသူများ၏ လွန်စွာ စိတ်၀င်စားခြင်းကို ခံနေရသော မြန်မာနိုင်ငံအတွင်း၌ ဖော်ပြပါ ခေါင်းစဉ်၏ အဓိပ္ပာယ်၊ သဘော သဘာ၀ကို စိတ်၀င်စား နားလည်လိုသော စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့်တကွ လူငယ် မြောက်မြားစွာကိုလည်း တွေ့ရှိခဲ့ရသဖြင့် ဤဆောင်းပါးကို မျှေ၀လိုက်သည်။

ဟောပြောပွဲ၌ Corporate Governanceကို မြန်မာပြည်မှ စီးပွားရေး လုပ်ငန်းရှင်များ သိရှိ နားလည်ထားသင့်သည့်အပြင် ကြိုတင် ပြင်ဆင်မှုများပါ လိုက်လျောညီထွေစွာ လုပ်ဆောင်ထား သင့်ကြောင်း၊ မြန်မာပြည်သို့ ၀င်ရောက်လာမည့် လုပ်ငန်းရှင်များမှာ နှစ်မျိုး နှစ်စားရှိကြောင်း ပြောကြားသည်။ နှစ်မျိုး နှစ်စားဆိုရာ၌ ကိုကာကိုလာတို့၊ ပက်ပ်စီတို့လိုမျိုး ကော်ပရေးရှင်းကြီးများ ကိုယ်တိုင် ၀င်ရောက်လာတာမျိုး ရှိသလို၊ ပိုက်ဆံထုပ် ကိုင်ပြီး ပြည်တွင်းမှ လုပ်ငန်းရှင်များ၏ အောင်မြင်နေသော စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန် ၀င်ရောက်လာကြမည့် သူများလည်း ရှိကြောင်း ဆိုသည်။ ထို့ကြောင့်လည်း မိမိ၏ လက်ရှိ စီးပွားရေးကို Governance ကောင်းမွန်စွာ အခြေချထားနိုင်မှ ရင်းနှီးမြုပ်နှံသူများမှာ မိမိ လုပ်ငန်းတွင် ပိုမို ပူးပေါင်း ဆောင်ရွက် လိုကြမှာ ဖြစ်ကြောင်း ပြောကြားသွားသည်။ Good Governance, Clean Governmentနှင့် ပတ်သတ်ပြီး ဟောပြောရာ၌လည်း ယခု မြန်မာပြည်ကြီး၌ ပြောင်းလဲမှုတွေမှာ အလွန် လျင်မြန်လျက် ရှိကြောင်းနှင့် အာဏာရ ပုဂ္ဂိုလ်များသည် မိမိ တာ၀န်ယူထားရသည့် လုပ်ငန်းဆောင်တာများနှင့် သက်ဆိုင်သော စီးပွားရေးများကို မလုပ်သင့်ကြောင်း ဟောပြောခဲ့သည်။
Conflict of interest ဖြစ်ပြီဆိုရင် လုပ်ငန်းရှင်များအတွက် မမျှတသည့်အပြင် တိုင်းပြည် တိုးတက်မှုကိုလည်း နှေးကွေးစေကြောင်း ရှင်းပြသည်။

ဆက်လက်ပြီး ပြည်တွင်း ကုမ္ပဏီများ၏ ၀န်ထမ်းရေးရာနှင့် ပတ်သတ်၍လည်း လုပ်ငန်းရှင်များမှ ၀န်ထမ်းများကို ဂရုစိုက်သင့်ကြောင်း၊ ၀န်ထမ်းဆိုတာ ရေကြည်ရာ၊ မြက်နုရာ ရှာသူများ ဖြစ်ကြောင်းတို့ကို ပြောကြားသွားသည်။ နိုင်ငံခြား ကုမ္ပဏီများ ၀င်ရောက် လာသည့်အခါ၌ မိမိ၏ ကုမ္ပဏီ စည်းမျဉ်း စည်းဖွဲ့ မခိုင်မာရင်တော့ ၀န်ထမ်းကောင်းများကို လက်လွတ် ဆုံးရံှုး ရနိုင်ကြောင်း ပြောသည်။ မြန်မာလူမျိုးဆိုတာ တင်းတိမ် ရောင့်ရဲကြသူများ ဖြစ်ကြသည့်အတွက် ပိုမို ဂရုစိုက်သင့်ကြောင်း၊ မြန်မာ လူမျိုးများဟာ အခြား တိုးတက်နေ သည့် နိုင်ငံများ ကို ရောက်ဖူး၊ နေထိုင်နေကြတာ တစ်ဆထက် တစ်ဆ ပိုမို များပြားလာသော်လည်း တင်းတိမ် ရောင့်ရဲစိတ်ကြောင့် မိမိ အလုပ်မှာ ဖြစ်စေ၊ နိုင်ငံအတွက် ဖြစ်စေ ကြိုးစား အားထုတ်မှု ယခုထက်မက လိုနေသေးကြောင်း ရှင်းပြသည်။ ထိုသို့ လုပ်ဆောင်မှသာ များမကြာမီမှာ ကမ်ဘာနှင့် ရင်ဘောင်တန်းနိုင်မှာ ဖြစ်ကြောင်း ပြောကြားသည်။ ၀န်ထမ်းများမှလည်း ဤထက်မက ကြိုးစားမှသာ နိုင်ငံခြားသား ၀န်ထမ်းများနှင့် တန်းတူ အလုပ် လုပ်နိုင်မည် ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် Board of Directors ဖွဲ့စည်းပုံအကြောင်းနှင့် BOD အမျိုးအစား ကွာခြားပုံများ၊ ကုမ္ပဏီနှင့် ပတ်သက်သည့် Principles များ၊ Capitalismနှင့် Multi-stakeholderများ ဖြစ်ပေါ်လာပုံနှင့် တည်ရှိနေရခြင်း၏ ရည်ရွယ်ချက်များအကြောင်းနှင့် အခြား စိတ်၀င်စားဖွယ်၊ လေ့လာ မှတ်သားသင့်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်း ဟောပြောသွားသည်။ ယင်းကဲ့သို့ အစည်းအေ၀းများကို တက်ရောက် နားထောင်လိုလျှင်တော့ The Republic of the Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI), ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ ၀က်ဘ်ဆိုဒ် www.umfcci.com.mm (သို့) အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ ။ ဖုန်း 01-214-344သို့ ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

မှတ်ချက်
အထက်ဖော်ပြပါ အကြောင်းအရာများမှာ ဆရာကြီး ဦးအောင်ထွန်းသက် ဟောပြောခဲ့သည်များကို အိုင်စီတီဂျာနယ်မှ ပြန်လည် ကောက်နုတ် တင်ပြခြင်းသာ ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *