News

သမ္မတက ရန်ကုန်တွင် ICT Park တစ်ခု ထပ်မံတည်ဆောက်ရန် ဧက ၅၀၀ အသုံးပြုခွင့်ပေး

သမ္မတက ရန်ကုန်တွင် ICT Park တစ်ခု ထပ်မံတည်ဆောက်ရန် ဧက ၅၀၀ အသုံးပြုခွင့်ပေး

မြန်မာနိုင်ငံ၌ ICT ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ICT Park တစ်ခု ထပ်မံတည်ဆောက်ရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဧက ၅၀၀ အသုံးပြုခွင့်ပေးလိုက်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဌ ဦးခွန်ဦးကပြောသည်။

‘‘လက်ရှိ MICT Parkက နေရာမလုံလောက်တော့တဲ့အတွက် အမြန်ဆုံးဆောင်ရွက်ဖို့အတွက် အခုလိုပေးတာပါ။ သမ္မတကြီးကတော့ လိုအပ်တာတွေကို ချက်ချင်းလုပ်သွားဖို့မှာခဲ့တယ်’’ဟု ဦးခွန်ဦးကဆိုသည်။

ရန်ကုန်မြို့ လှိုင်တက္ကသိုလ်များနယ်မြေတွင် လက်ရှိတည်ဆောက်ထားသည့် မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာဗဟိုဌာန (MICT Park)ကို ၂၀၀၁ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ကုမ္ပဏီပေါင်း ၁၀၀ ကျော် လုပ်ကိုင်လျက်ရှိသော အကျယ်အ၀န်းမှာ ဧက ၂၀ ခန့်သာရှိသည့်အတွက် ရုံးခန်းများ ထပ်မံဖွင့်လှစ်ရန် နေရာလုံလောက်ခြင်းမရှိတော့ကြောင်း သိရသည်။

‘‘လက်ရှိမှာ ကုမ္ပဏီတစ်ခုကို ရုံးခန်းတစ်ခန်းလောက်ပဲ ပေးနိုင်တယ်။ သူတို့လိုသလောက် မပေးနိုင်တော့ဘူး။ အဲဒါကြောင့် စျေးသက်သာပြီး ဆော့ဖ်ဝဲလုပ်ငန်းတွေ ဖွံ့ဖြိုးရေးအတွက် နေရာရရှိအောင် အခုလိုတင်ပြရတာဖြစ်ပါတယ်’’ဟု ဦးခွန်ဦးကပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၃ ရက်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှာ မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာဗဟိုဌာန (MICT Park)၌ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ၀ါသနာရှင်အသင်းတို့နှင့် တွေ့ဆုံရာတွင် တင်ပြခဲ့သဖြင့် ယခုလို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *