အိပ်မပျော်သောည
တစ်ခါတလေ၊ လှုပ်ဆွနိုးရှ
ငါ့အားမှန်ရိပ်၊ အတိတ်ကွဲစ
ဖန်စပြိုးပြက်၊ ဖိလက်ရုပ်ပုံ
လွဲမှားစိတ်ထင်၊ အမြင်မတူ
နားမလည်တသူ၊ နားလည်တသူ
မတူကွဲပြား၊ အငြင်းပွားခဲ့ကြ
ဘာမျှမဆန်း၊ လောကကြီးမှာ
မာယာပါတကား။
နှစ်သန်းပေါင်းများစွာ
ကြာသောကာလ၊ ကမ္ဘာဦးအစ
ပေါ်လာခဲ့သော၊ ကြီးမားလှသော
ဒိုင်နိုဆောတဲ့၊ ရှေးဟောင်းကျသော
သက်ရှိဇီဝ၊ အခုမရှိတော့
သုတေသန၊ ပညာရှင်တို့က
ရှာဖွေတွေ့လောက်၊ ကျောက်ဖြစ်ရုပ်ကြွင်း
ယနေ့”မော်ဒန်” ခေတ်တွင်၊ ဒိုင်နိုဆောရုပ်ကလေး
စိတ်ကူးပုံသေး၊ ကလေးကစားစရာ
စားပွဲပေါ်မှာ၊ အလှထားကြပကော။
ဆယ်ကျော်သက်ရွယ်
လူငယ်တစ်ဦးက၊ ငါ့အားလှောင်ပြောင်
သူကခေတ်မီ၊ ငါကရှေးဟောင်း
သူကမော်ဒန်၊ ငါကဂန္တဝင်ဆိုလား
နိမိတ်ပုံလား၊ တင်စားလေသည်
သက်ရှိကျောက်ဖြစ် ရုပ်ကြွင်းတဲ့လေ။
တစ်ခါတစ်ရံ
ရယ်ရမောရ၊ ဟာသများကြောင့်
အပြင်းလည်းပြေ၊ တွေးစရာလည်းရ
မျိုးဆက်ကွာဟ၊ ပညာမမျှ
မျိုးဆက်ဘာသာစကား၊ အသိခက်သား
ခံစားမှုပြင်း၊ ဝင်ရိုးစွန်းများ။
လူသားတို့၏
အာရုံခံစားမှု၊ မခြားနားကြ
ခြားနားသည်က၊ ပင်လယ်ဖြတ်ကူးသူ
ကမ်းစပ်ရောက်သူ၊ ရေနစ်ကြသူ
ငြိမ်းချမ်းဒေသ၊ စစ်ပွဲဒေသ
လွတ်လပ်ဒေသ၊ ချုပ်နှောင်ဒေသ
အခွင့်အရေးရှိသူ၊ အခွင့်အရေးမဲ့သူ
အသိများသူ၊ အသိနည်းသူ
ငြင်းခုံဝိဝါဒ ရန်မစဲ။
ငါတစ်မူကား
နေရာမပျက်၊ ယုံကြည်ချက်မပျက်
ငြိမ်းချမ်းရေးဘက်တွင်၊ အစဉ်ရှိလျက်
သမိုင်းသက်သေ၊ ရှာဖွေနိုင်သည်
ငါသည် သစ္စာဖောက်သလော။
ငါ့ဘဝကား
အချစ်၊ ငြိမ်းချမ်းရေး၊ အလှတရား
အမုန်းမရှိ၊ စစ်ပွဲမရှိ
ရန်သူမရှိ၊ မိတ်ဆွေသာရှိ
ငါ၏ဘဝ ဒဿန။
ဒိုင်နိုဆောကား
အားရှိသူက၊ အားမဲ့သူကို
ကိုက်ဖဲ့သတ်ဖြတ်၊ စားမျိုတတ်သော
တောရိုင်းဥပဒေ၊ စံပယ်နေခဲ့
ပညာသမားတို့က၊ သုတေသန
ခေတ်သစ်ကျရောက်၊ ရှေးဟောင်းပြတိုက်
ပိုးဖဲမှန်၌၊ လိုက်လံကြည့်သူ
လူငယ်တို့အား၊ ကျောက်ဖြစ်ရုပ်ကြွင်း
စာတန်းထိုးထား၊ ငါတစ်မူကား
ပန်းပွင့်များကြား၊ လူးလာပျံခတ်
စုန်ဆန်ကူးကာ၊ ပန်းလိပ်ပြာတို့
ဝါပြာနီလဲ့၊ ကနွဲ့ကလျ
မွှေးမြဝတ်မှုံ၊ ထုံယစ်ဘဝ
ငါအားကျခဲ့။
စိတ်ကူးငှက်ငယ်
သွက်လက်ပေါ့ပါး၊ လွတ်လပ်သွားလာ
ဟိုနားသည်နား၊ အလှအပကြား
အမွှေးကြား၊ နုဖတ်လွန့်သွား
လရာင်ပြောက်ကျား၊ နေရောင်ရွှန်းပ
အချစ်ငြိမ်းချမ်း၊ လှပနုပျို
ဒိုင်နိုဆောလေ၊ ကျောက်အိုရုပ်ကြွင်း
သတင်းဆန်းသစ်၊ မဖြစ်ချင်နေ
ရွှေရုပ်ပုံသေး၊ ဈေးမတင်ချင်နေ
သမိုင်းပြတိုက်ထဲ၊ မပြချင်နေ
ရွှေရောင်မြရောင်၊ တိမ်တောင်နီလာ
လိပ်ပြာဘဝ၊ ငါနေလိုပါ၏ ။ ။
ဒဂုန်တာရာ
(၁၀၊ ၇၊ ၉၈)
(MIZZIMAတွင် ဖော်ပြထားသော ဆရာကြီး ဒဂုန်တာရာ၏ “ဒိုင်နိုဆောနှင့် ပန်းလိပ်ပြာ”ကဗျာအား ထပ်ဆင့်ဂုဏ်ပြု ဖော်ပြအပ်ပါသည်။)