မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပထမဆုံးအကြိမ် ပြင်ပမှ ခေါ်ယူထားသည့် အမျိုးသမီး ဒု-ရဲအုပ်လောင်း ၁၅၀ကို စက်တင်ဘာလမှစ၍ အမျိုးသား ဒုရဲအုပ်လောင်းများနှင့်အတူ ပထမဆုံးအကြိမ် တွဲဖက်၍ ရဲတပ်ဖွဲ့သင်တန်းများ ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲလေ့ကျင့်ရေး အရာရှိချုပ် ရဲမှူးချုပ် ဝင်းခေါင်က ပြောကြားသည်။
ယခုသင်တန်းပေးမည့် အမျိုးသမီး ဒုရဲအုပ်လောင်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြင်ပအရပ်သူများထဲမှ နှစ်ပေါင်း ၃၀အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ရွေးချယ်ခံရသည့် အမျိုးသမီး ဒုရဲအုပ်လောင်း ၁၅၀ဦးကို ပြင်ဦးလွင်မြို့၊ ဇီးပင်ကြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်းတွင် အမျိုးသား ဒုရဲအုပ်လောင်း ၁၅၀နှင့်အတူ ကိုးလကြာ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း ရဲမှူးချုပ်က ပြောသည်။
“အရင်က ကျားးမခွဲပြီး လေ့ကျင့်ခဲ့တယ်။ အခု ယောကျာ်း၊ မိန်းမ မခွဲတော့ပဲနဲ့ တူညီတဲ့ သင်ခန်းစာတွေနဲ့ သင်ကြားလေ့ကျင့်မှာ ဖြစ်ပါတယ်။ ရဲလုပ်ငန်းဆိုင်ရာအပြင် လူ့အခွင့်အရေး၊ ကလေးသူငယ်နဲ့ အမျိုးသမီး အခွင့်အရေးစတဲ့ ယနေ့နိုင်ငံအတွက် အဓိကကျတဲ့ သင်ခန်းစာတွေကို စာတွေ့လက်တွေ့ သင်တော့မှာပါ။ ပြီးရင် လက်တွေ့ လုပ်ငန်းခွင်က တစ်နှစ်လုပ်ရမယ်” ရဲမှူးချုပ် ဝင်းခေါင်က ပြောကြားသည်။
မြန်မာနိုင်ငံ၌ ရင်ဆိုင်နေရသည့် အမှုအခင်းများတွင် ယခုနှစ်များအတွင်း အမျိုးသမီးများ ကျူးလွန်သည့် ပြစ်မှုများ ပိုမို များပြားလာနေကြောင်း သိရသည်။ ယခုကဲ့သို့ အမျိုးသမီး ဒုရဲအုပ်များ ခန့်အပ်နိုင်ပါက လက်ရှိတွင် အမျိုးသမီးများ ကျူးလွန်မှု အများဆုံး ဖြစ်သည့် လိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ် ဖောက်ကားမှု စသည့် ပြစ်မှုများ ဖမ်းဆီးရာတွင် ပိုမို ထိရောက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ သင်တန်းကို စက်တင်ဘာလ တတိယပတ်တွင် စတင်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ဒုရဲအုပ်အဆင့်ဖြင့် တာဝန်စတင် ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။