News, Opinion

မော်တော်ဆိုင်ကယ်တွေအတွက် ရှေ့နေလိုက်ပေးခြင်း

မော်တော်ဆိုင်ကယ်တွေအတွက် ရှေ့နေလိုက်ပေးခြင်း

ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကို ဖမ်းမိပါက ဆိုင်ကယ်တန်ဖိုးရဲ့ ဒေသပေါက်ဈေး ၅၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဆိုင်ကယ်တန်ဖိုးထက် မနည်းတဲ့ ဒဏ်ကြေးကို ကောက်ခံသွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံထဲကို တရားမဝင်တင်သွင်းလာတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အခုနှစ်ဖေဖော်ဝါရီ (၁၄)ရက်ကနေ ဇူလိုင်(၄)ရက်အထိ one stop service စနစ်နဲ့ မော်တော်ဆိုင်ကယ်အစီးရေ ၄၅၁၆၀၈ စီးကို နောက်ဆုံးအကြိမ်အဖြစ် မှတ်ပုံတင်ဆောင်ရွက် ပေးခဲ့တယ်လို့ သိရပါတယ်။

မော်တော်ဆိုင်ကယ် စီးနင်းခွင့်ကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၁ မြို့နယ်မှာ ပိတ်ပင်ထားခဲ့တာ ကြာပါပြီ။ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးရဲ့ ပြောကြားချက်အရဆိုရင် ရန်ကုန်မှာ ဘယ်ဆိုင်ကယ်မှ စီးခွင့်မရှိကြောင်း၊ ထန်းတပင်၊ လှည်းကူး၊ ကွမ်းခြံကုန်း၊ ဒလ၊ တိုက်ကြီးစတဲ့ မြို့နယ်တွေကအစ စီးခွင့်မရှိကြောင်း၊ အမြဲတမ်းဖမ်းနေဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ဆိုင်ကယ်စီးနင်းမှုတွေ များလာကြောင်း၊ဒါကြောင့် နောက်ပိုင်းမှာ ဖမ်းမိတာနဲ့ ထိရောက်စွာအရေးယူပြီး ဖမ်းဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်း အခုလက်ရှိရန်ကုန်မှာ ရဲ၊ စည်ပင်၊ စာပို့ဝန်ထမ်း၊ ယာဉ်ထိန်းရဲနဲ့ အီးပီစီ၊ အဲဒီဝန်ထမ်းတွေကတော့ ယူနီဖောင်းအပြည့်အစုံ ဝတ်ထားရင် စီးလို့ရကြောင်း၊ မဝတ်ထားရင် ဖမ်းလို့ရပါကြောင်း၊ ဥပဒေအရ စီးနင်းခွင့် မပေးထားပေမယ့် သူတို့ကတော့ သက်ဆိုင်ရာ မြို့နယ်အလိုက် လုပ်ကိုင်ရလွယ်ကူအောင် စီးနင်းခွင့် ပေးထားတာဖြစ်ကြောင်း သိရပါတယ်။ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူအမျိုးသမီးတစ်ဦးကတော့ ဒီဘက်မှာ ဆိုင်ကယ်ကယ်ရီလုပ်တဲ့သူတွေ အရမ်းများလာတော့ ပြဿနာတွေလည်း ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုတွေလည်းဖြစ်ကြောင်း၊ ဒါကြောင့် ထိရောက်စွာအရေးယူသင့်ကြောင်း ပြောပါတယ်။
သြဂုတ် ၂၇ ရက်ကစပြီး လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကို ရန်ကုန်မှာဖမ်းဆီးနေကြောင်း၊အခုက စီမံချက်ကာလပြီးသွားပြီဆိုတော့ ဖမ်းမိတဲ့ဆိုင်ကယ်တွေကို အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဖမ်းမိရင် ဆိုင်ကယ်ကိုသိမ်းတဲ့အပြင် ဖမ်းမိတဲ့ ဆိုင်ကယ်တွေအတွက် ဒဏ်ရိုက်သွားမှာဖြစ်ကြောင်း၊ ဒဏ်ကြေးမဆောင်တဲ့ သူတွေကိုတော့ လိုင်စင်မဲ့ ဆိုင်ကယ်တွေအတွက် သွင်းကုန် ထုတ်ကုန်ဥပဒေနဲ့ အရေးယူသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဆိုင်ကယ်တွေကလည်း ဆိုင်ကယ်တွေပါပဲ။ အရင်တုန်းကဆိုရင် ရန်ကုန်မြို့ထဲမှာဆိုင်ကယ်တွေ စီးနင်းခွင့်ရှိပါတယ်။ ဆိုင်ကယ် showroom တွေတောင် ဖွင့်ကြသေးတယ်။ တစ်ခါကဆိုရင် မြို့ထဲသွားရင်းနဲ့ လမ်းမတော်ဘက်က တရုတ်ဆိုင်ကယ် showroom တစ်ခုမှာ အဲဒီက တရုတ်အမျိုးသမီးတစ်ယောက်က ဆိုင်ကယ်ကြီးတစ်စီးကို လမ်းထဲမှာပတ်ပြီး စီးပြတာ တွေ့ရပါတယ်။ ဆိုင်ကယ်ကြီးက ရေတိုင်ကီလည်းပါတယ်။ စတတ်တာနဲ့ နှိုးရတာပဲ။ မိုက်တော့မိုက်တယ်။ အမျိုးအစားတော့ မမှတ်မိတော့ပါဘူး။ ကိုဘအေးလည်း ဆိုင်ကယ်တွေကို ငေးမောပြီး သရေကျခဲ့ရတာပေါ့။ နောက်ပိုင်းတော့ ရန်ကုန်မှာဆိုင်ကယ်တွေ တော်တော်များလာပြီး စည်းကမ်းမဲ့ စီးနင်းလာကြတယ်။ ကားကြို ကားကြားကနေ စီးတယ်။ လမ်းပြောင်းပြန် စီးတယ်။ အရှိန်မြှင့်ပြီး အမြန်စီးကြတယ်။ ဒီတော့ မတော်တဆမှုတွေ အဖြစ်များလာကြတယ်။ လူနဲ့တိုက်မိတယ်၊ ကားနဲ့တိုက်မိတယ်။ ဆိုက်ကားတွေ စက်ဘီးတွေနဲ့ တိုက်မိတယ်။ သူ့ဖာသာသူလည်း အရှိန်မထိန်းနိုင်ဘဲ မှောက်တယ်။ဆိုင်ကယ်သမားက ဖြစ်လိုက်ရင် မသက်သာဘူး။ ကျိုးမယ်ပဲ့မယ်၊ ထိခိုက် ဒဏ်ရာရမယ်။ သေမယ်ကြေမယ်။ ဆိုင်ကယ်စီးဦးထုပ် ဆောင်းမထားရင် သေဖို့ပိုများပါတယ်။

တစ်ခါက ကိုဘအေးတို့ ရန်ကုန်ရုံးချုပ်မှာ ရှိတုန်းက နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် သွားရောက် တာဝန်ထမ်းဆောင်မယ့် ဌာနပေါင်းစုံက ဝန်ထမ်းတွေကို မွမ်းမံသင်တန်းတွေ ဖေါင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ လုပ်တော့ သင်တန်းကြီးကြပ်အဖြစ် တစ်ပတ်စီ တာဝန်ယူကြရပါတယ်။ ဌာနဆိုင်ရာတွေအလိုက် သင်တန်းတွေလာပြီး ပို့ချပါတယ်။ ကိုဘအေးတို့ တာဝန်တစ်ပတ်ပြည့်လို့ ဖောင်ကြီးကနေ ပြန်လာတော့ သောကြာနေ့ နောက်ဆုံး အချိန်ဝင်ရတဲ့ မီးသတ်ဦးစီးဌာနက ကားနဲ့ (မီးသတ်ကားပါပဲ။ Double cab ပေါ့) ရန်ကုန်ကို ကားကြုံလိုက်ပြီး ပြန်လာပါတယ်။ မင်္ဂလာဒုံထဲရောက်တော့ လမ်းအကွေ့ကြီးတစ်ခုမှာ accidentally တစ်ခုဖြစ်ထားတာ တွေ့လိုက်ရပါတယ်။ ဆိုင်ကယ်နဲ့ ကားနဲ့ တိုက်ထားတာပါ။ ဆိုက်ကယ်သမားဟာ ဆိုက်ကယ်ကို ခွထားတဲ့ပုံစံအတိုင်း ပက်လက်ကြီး တောင့်တောင့်ကြီးသေနေပါတယ်။ ဆိုက်ကယ်လည်း ကျိုးပဲ့နေပါတယ်။ ခဏနေတော့ လူတစ်ယောက်က ဖျာတစ်ချပ်နဲ့ လာအုပ်လိုက်ပါတယ်။ ကားပေါ်မှာ မီးသတ်ရဲမေတွေ လည်းပါလာတော့ သူတို့ ဗိုလ်ကြီးက နင်တို့မကြည့်နဲ့ မကြည့်နဲ့လို့ ပြောပါတယ်။ မီးသတ်ရဲမေတွေ ဆိုတော့ သူတို့ကဒါမျိုးတွေ ဆန်းမှာတော့ မဟုတ်တော့ပါဘူး။ ကိုကအေးကတော့ ခုမြင်ယောင် ကြည့်ရင် ခုမြင်ယောင်နေတုန်းပါပဲ။

နောက်တစ်ခါ ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ မဟာဝိဇယဘုရားရဲ့ အနောက်ဘက်မုခ်လို့ ပြောရမလား။ အကောက်ခွန် ဓမ္မာရုံရှေ့နားမှာပါ။ တောင်ဘက်မုခ်ဘက်ကနေ လင်မယား နှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ဟာ ရှေ့ကဘယ်ဘက်ယာဉ်ကြောကို ရုတ်တရက်ဖမ်းကွေ့လိုက်တဲ့ လေးဘီးကားရဲ့ဘေးကို ဝင်ဆောင့်မိပြီး ကားကိုကျော်ပြီး မြောက်တက်သွားပြီး လမ်းပေါ်ကို ပြန်ကျသွားပါတယ်။ ရုပ်ရှင်ထဲမှာ ကြည့်ရတဲ့အတိုင်းပါပဲ။ အမျိုးသားရော အမျိုးသမီးရော ပြန်ထလာတာ တွေ့ရပါတယ်။ သွေးပူနေတုန်းမို့ ထင်ပါရဲ့။ နှစ်ယောက်စလုံးခပ်ဝ၀ပါပဲ။ ဒါတောင် မြောက်တက်သွားတယ်။ လေးဘီးကားကတော့ ဓါတ်ဆီတိုင်ကီ ပေါက်သွားတာ တွေ့ရပါတယ်။ ကိုဘအေးက (၃)ကားပေါ်ကနေ တွေ့လိုက်ရတာဆိုတော့ ကားထွက်လာတော့ နောက်ပိုင်းမှာ ဘယ်လိုဖြစ်ကျန်ခဲ့လည်း မသိတော့ပါဘူး။ဆိုင်ကယ်မောင်းတဲ့လူက ဆိုင်ကယ်လီဗာကို ဗရူးဗရူးဆိုပြီးတင်ပြီး မောင်းလာတာပါ။ ဖြစ်လိုက်တော့လည်း မသက်သာဘူးပေါ့။ လူတွေကလည်း ဆိုင်ကယ်ပေါ် ရောက်တာနဲ့ ဒုံးပျံပေါ် ဖင်တက်ခွထိုင်တယ်လို့များ အောက်မေ့နေသလားမသိဘူးနော်။ ကိုဘအေးတို့ လမ်းထဲမှာ ဆိုင်ကယ်ရှိတဲ့ အိမ်တစ်အိမ်ရှိတယ်။ ဆိုင်ကယ်ကို တရကြမ်း မောင်းဝင်လာလိုက်၊ မောင်းထွက်သွားလိုက် လုပ်လွန်းလို့ တစ်ခါတော့ ကလေးရှိတဲ့ အိမ်တစ်အိမ်နဲ့ စကားများပါလေရော။ ကိုဘအေးတို့က လမ်းသွယ်ဖြစ်တော့ ကားအသွားအလာနည်းတယ်။ ဒီတော့ ကလေးတွေက လမ်းပေါ်ထွက်ကစားကြတာများတယ်။ ဆိုင်ကယ်သမားက တဘုန်းဘုန်းနဲ့ စီးပြီး ဝင်လိုက် ထွက်လိုက် လုပ်နေတော့ ကလေးတွေကို တိုက်မိမှာထိခိုက်မိမှာစိုးလို့ စကားများကြတာ။ တကယ်တော့ ကိုဘအေးတို့ သာကေတလည်း ဆိုင်ကယ်စီးခွင့်မရှိပါဘူး။ စောစောကရဲမှူး ပြောသလိုပဲ နေ့တိုင်းဖမ်းဖို့ဆိုတာလည်းမဖြစ်တော့ ဖမ်းတာဆီးတာမရှိတဲ့ အခါကျတော့ အတင့်ရဲပြီး စီးလာကြတာပေါ့။ လမ်းမတန်းဘက်မှာတော့ စက်ဘီးတွေ ဆိုက်ကားတွေ လူတွေနဲ့ ရှုပ်နေတဲ့ ကြားထဲကပဲ ဆိုင်ကယ်ကို တဝူးဝူးနဲ့ စီးနေကြတာပါပဲ။ ဆိုင်ကယ်တွေကို မဆင်မခြင်စီးကြလို့ ဆိုင်ကယ် မတော်တဆမှုတွေ များလာတော့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် မစီးရဆိုပြီး သတ်မှတ်လိုက်ရတော့တာပေါ့။

နောက်တစ်ခုက ဆိုင်ကယ်ကယ်ရီတွေကိစ္စ။ တကယ်တမ်းတော့ ဆိုင်ကယ်ကယ်ရီတွေဟာ ဆိုက်ကားတွေ၊ စက်ဘီးကယ်ရီတွေထက် ပိုပြီးခရီးရောက်ပါတယ်။ အရင်တုန်းက စက်ဘီးကယ်ရီတွေ ဆွဲတဲ့နေရာမှာ ဆိုင်ကယ်ကယ်ရီတွေ ဝင်လာတဲ့အခါကျတော့ စက်ဘီးကယ်ရီသမားတွေ မနင်းရတော့ဘဲ ပြုတ်ကုန်ကြပါတယ်။ကိုဘအေးညီတွေ ညီမတွေနေတဲ့ သာကေတ အဝိုင်းနားက မြခွာညိုအိမ်ရာနားမှာဆိုရင် အရင်တုန်းက စက်ဘီးကယ်ရီသမားတွေ အများကြီးပဲ၊ အခုဆိုရင် ဆိုင်ကယ်ကယ်ရီတွေ ပေါ်လာတော့ စက်ဘီးကယ်ရီသမားတွေကို တစ်ဦးစ၊ နှစ်ဦးစလောက်ပဲ တွေ့ရတော့တယ်။တစ်ခါကလည်း လှိုင်သာယာဘက်မှာပဲ ထင်တယ်။ ဆိုင်ကယ် ကယ်ရီတွေ များလာတော့ သူတို့ဆိုက်ကားတွေ မနင်းရတော့ဘူး ခရီးသည်မရတော့ဘူးဆိုပြီး ဆိုက်ကားသမားတွေ ဆန္ဒပြကြတယ်လို့ ကြားလိုက်သေးတယ်။ နောက်ပြီးတော့ အဝေးပြေးကားဂိတ်တွေ၊ ဈေးမှတ်တိုင်တွေ၊ လမ်းဆုံမှတ်တိုင်တွေမှာ သူ့ထက်ငါဦးခရီးသည်ခေါ်ပြီး ခရီးသည် လုရင်းနဲ့ ရန်ဖြစ်ကြနဲ့၊ အဲဒါတွေကလည်း ပြဿနာတစ်ခုပါ။ နေပြည်တော်မှာတုန်းက ကိုဘအေးရဲ့ ရုံးအုပ်ကြီးရဲ့ သားတစ်ယောက်ဟာ ရုံးတစ်ခုမှာ အလုပ်မဝင်ခင် ဆိုင်ကယ်ကယ်ရီ ဆွဲလိုက်သေးတယ်။ အဲဒီတုန်းက ရန်ကုန်ကကားတွေ ညပိုင်းမှာ ဝင်လာရင် ဝန်ထမ်းအိမ်ရာအနေနဲ့ ကိုဘအေးတို့ ကံ့ကော်အိမ်ရာကို အရင်ဝင်ပါတယ်။ အခုကျောက်မျက်ပြတိုက် ရှေ့နားလောက်မှာ ရပ်ပေးပါတယ်။ အိမ်ရာထဲကို ဝင်ဖို့ နည်းနည်းဝေးတဲ့သူတွေ၊ သပြေကုန်းဘက်ကို သွားမယ့်သူတွေက ဆိုင်ကယ်ကယ်ရီ ငှားစီးကြတယ်။ အဲဒီမှာ ကောင်လေးက သူ့အလှည့်ဆိုပြီး ဝင်ဆွဲတာ အလှည့်ကျော်တယ်ဆိုပြီး တခြားကယ်ရီသမားတွေက ရိုက်လိုက်တာ ခေါင်းကွဲပြီး ဆေးရုံရောက် ဂတ်ရောက် ဖြစ်ကုန်ရော။ သိပ်ပြီးဒဏ်ရာမကြီးလို့ တော်သေးတာပေါ့။

နေပြည်တော်မှာကတော့ ဘတ်စ်ကားလိုင်းတွေက ရန်ကုန်လိုမများတော့ ဆိုင်ကယ်ကယ်ရီတွေကိုပဲ အားကိုးရတာပါ။ ကိုဘအေးတို့ ကံ့ကော်အိမ်ရာက တော်သေးတယ်၊ ဘတ်စ်ကားအဆင်ပြေတယ်။ ဘူးကွဲတို့ ခရေအိမ်ယာတို့ ဧကတစ်ထောင်တို့ဆိုရင် လိုင်းကားတွေ မရောက်ဘူး။ ရုံးတက်တာကတော့ ဖယ်ရီရှိတယ်လေ။ တခြားကိုယ်ရေးကိုယ်တာကိစ္စ သွားစရာ၊ လာစရာရှိရင်တော့ ဆိုင်ကယ်ကယ်ရီပဲ စီးရတာပေါ့။ ကိုဘအေးတောင် ညဘက်တွေ ရုံးကိစ္စ အရေးတကြီးရှိလို့သွားရရင်၊ ရုံးပိတ်ရက်မှာလည်း ရုံးသွားရတဲ့အခါ ရုံးကားတောင်းလို့ အဆင်မပြေရင် ဆိုင်ကယ်ကယ်ရီပဲ ငှားစီးသွားရပါတယ်။ ကိုဘအေးက ဆိုင်ကယ်စီးရမှာ ကြောက်တယ်။မဖြစ်လို့သာစီးရတာ။ ဆိုက်ကယ်စီးပြီဆိုရင် ဆိုင်ကယ်မောင်းတဲ့သူကို ညီလေးရေ သားလေးရေ ဖြည်းဖြည်းမောင်းနော်ဆိုပြီး ဆိုင်ကယ်ထိုင်ခုံက ဂိုင်းကို အသေကိုင်ပြီး လိုက်သွားတာ။ တော်သေးတယ် ကိုဘအေးတို့ရုံးက ထိပ်ဆုံးမှာရှိနေလို့၊ တစ်ခါတုန်းကတော့ ရုံးက Copier အတွက် ပျဉ်းမနားက Cannon ဆိုင်ကို ဒုဦးစီးတစ်ယောက် ဆိုင်ကယ်နဲ့ သွားတာ အသွားအပြန်ဆိုတော့ လူလည်းတောင့်တင်းသွားတာပဲ။တချို့များ ကလေးချီရင်းနဲ့ အထုပ်အပိုးတွေ ပိုက်ရင်းနဲ့ ဆိုင်ကယ် နောက်ကလိုက်သွားတာ သက်သောင့်သက်သာပဲ။
တကယ်တော့ ဆိုင်ကယ်တွေဟာ ခရီးရောက်တဲ့ စက်တပ်ယာဉ်တစ်ခုပါ။ ကြိုကြိုကြားကြားသွားလို့ရတယ်။ နေပြည်တော်မှာက ကုန်းတက်ကုန်းဆင်းတွေ ရှိတော့ စက်ဘီးနဲ့ မရဘူး။ဆိုင်ကယ်နဲ့မှ အဆင်ပြေတယ်။ အခုလိုယာဉ်ကြောကြပ်တဲ့ ရန်ကုန်မြို့မှာလိုဆိုရင် ဆိုင်ကယ်ကပိုပြီး အသုံးဝင်တယ်။ ဒါပေမယ့် ဆိုင်ကယ်စီးတဲ့သူတွေက မဆင်မခြင် စည်းကမ်းမဲ့ အရမ်းကာရောစီးကြလို့ ထိခိုက်မှုတွေ ဖြစ်တာများလာလို့ ရန်ကုန်မှာဆိုင်ကယ်မစီးရလို့ သတ်မှတ်လိုက်ရတာပါ။ နယ်ဘက်မှာလည်း ဆိုင်ကယ်မတော်တဆဖြစ်မှုတွေ အရမ်းများပါတယ်။ နေ့စဉ်သတင်းစာတွေမှာ ဆိုင်ကယ် မှောက်တာတွေ၊ ဆိုင်ကယ်တိုက်တာတွေ နေ့တိုင်းလိုလို တွေ့နေရပါတယ်။ တချို့က သိပ်မကျွမ်းကျင်ဘဲနဲ့ အရမ်းစီးကြတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာပေါ့။ဆိုင်ကယ်နဲ့ ကားနဲ့တိုက်တာကိုထားဦး။ ကားကိုကျော်တက်တာပဲ ဖြစ်ဖြစ် ကားကကျော်တက်တာပဲဖြစ်ဖြစ် ကားနဲ့ချိတ်မိပြီး ဖြစ်တာမျိုး၊ ရပ်ထားတဲ့ကားကို ဝင်တိုက်မိတာမျိုး၊ ကားနဲ့ မျက်နှာချင်းဆိုင် တိုက်တာမျိုး အများအားဖြင့် သေကြတာများပါတယ်။ ဒါပေမယ့် ဆိုင်ကယ်ချင်း မျက်နှာချင်းဆိုင် တိုက်မိတာတို့ သစ်ပင်ကို ဝင်တိုက်မိတာတို့ကတော့ မဆင်မခြင်မောင်းလို့ ဖြစ်ကြတာပါ။ မဖြစ်သင့်ပါ။ဒီကြားထဲ ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းမထားကြတော့ မသေသင့်ဘဲ သေကြရပါတယ်။ ဆိုင်ကယ်ဟာ သွားရေးလာရေးအတွက် လွယ်ကူတဲ့ ယာဉ်တစ်ခုဖြစ်ပေမယ့် သူ့ကိုစည်းကမ်းတကျ မသုံးတတ်တော့ သူကပြန်ပြီး ဒုက္ခပေးတာပေါ့။ဆိုင်ကယ်တွေက စည်းနဲ့ကမ်းနဲ့ အသုံးပြုကြရင် အလွန် အသုံးဝင်တဲ့ ပစ္စည်းတစ်ခုပါ။ လူစီးတင်မဟုတ်ဘဲ ဆန်အိတ်တို့ မီးသွေးအိတ်တို့စတဲ့ ကုန်ပစ္စည်းအတန်အသင့် တင်လို့ရပါတယ်။ နယ်ဘက်မှာဆိုရင် ဆိုင်ကယ်နဲ့ ရေတင်တာတွေ့ဖူးပါတယ်။

ကိုဘအေးက ကားတွေကို နှစ်သက်သလို ဆိုင်ကယ်တွေကိုလည်း ကြိုက်တယ်။ ဆိုင်ကယ် လှလှလေးတွေတွေ့ရင် အရမ်းသဘောကျတယ်။ အရမ်းစီးချင်တယ်။ ဒါပေမယ့် ဆိုင်ကယ်ကို မစီးရဲဘူး။ ရန်ကုန်မှာဆို ပိုဆိုးတာပေါ့။ ကားတွေက ရှုပ်နေတာ။ ငယ်ငယ်တုန်းကတော့ စက်ဘီးစီးတတ်တယ်။ မစီးဖြစ်တာ နှစ် ၄၀ လောက်ရှိပြီဆိုတော့ အခုနေပြန်စီးလို့ ရပါ့မလားမသိ။ စီးလည်းမစီးရဲတော့ဘူး။ ဒူးတွေကလည်း မကောင်းတော့ဘူးလေ။ အဲဒီတော့ ဆတ်ဆော့ပြီးလည်း စီးမကြည့်တော့ဘူး။

ဆိုင်ကယ်တွေနဲ့ ပတ်သက်ပြီးတစ်ခုအကြံပြုချင်တာကတော့ ရန်ကုန်မြို့ထဲ Downtown ဧရိယာခြောက်မြို့နယ်ကိုတော့ ထားပါ။ ကျန်တဲ့မြို့နယ်တွေ အထူးသဖြင့် ဆင်ခြေဖုံးတွေမှာတော့ သွားရေးလာရေး အထူးအဆင်ပြေတဲ့အတွက် စီးခွင့်ပြုပေးနိုင်ရင် ကောင်းမှာဖြစ်တဲ့အကြောင်းနဲ့ ယာဉ်စည်းကမ်းနဲ့ ပတ်သက်ပြီးတော့လည်း ပြုပြင်ထိန်းသိမ်းပေးသွားနိုင်မယ်ဆိုရင် အတိုင်းထက်အလွန် ဖြစ်မယ်ဆိုတာ ဆိုင်ကယ်သမားတွေအတွက် ရှေ့နေလိုက်ပေးလိုက်ရပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *