News, Opinion

သင့်အတွက် အလိုအပ်ဆုံးအရာက ဘာလဲ

သင့်အတွက် အလိုအပ်ဆုံးအရာက ဘာလဲ

လူသားတွေရဲ့ အခြေခံလိုအပ်ချက်ကြီးတွေထဲမှာ အရေးကြီးဆုံးက ဝင်ငွေ (Income) ဖြစ်ပါတယ်။ ဒီတော့ အရေးကြီးဆုံး ဝင်ငွေကို ရှာဖွေကြရာမှာ နည်းလမ်းနှစ်သွယ်ရှိပါတယ်။ ဝင်ငွေလုံးဝမရှိသေးသူများဟာ အလုပ်အကိုင် (Job) တစ်ခုခုကို ရှာဖွေကြရမှာဖြစ်ပါတယ်။ ဝင်ငွေနည်းနည်း စုဆောင်းမိပြီးသူများဟာ မိမိရဲ့ ကိုယ်ပိုင်ငွေများ တိုးပွားလာရန်အတွက် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ရပါတယ်။ ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေ လုပ်ကြရပါတယ်။ ဒီဆောင်းပါးမှာတော့ အလုပ်အကိုင်အတွက်ပဲ အရင်ရေးမှာဖြစ်ပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်လာရင် အစိုးရအလုပ်အကိုင်များ၊ ပြည်တွင်းအလုပ်အကိုင်များနဲ့ ပြည်ပအလုပ်အကိုင်များ အပြင် ကိုယ်ပိုင်လုပ်ငန်းငယ် Small Business လို့ခေါ်တဲ့ SMEs လုပ်ငန်းတွေဆိုပြီး ခွဲခြားနိုင်ပါတယ်။ အစိုးရ အလုပ်အကိုင်တွေကတော့ လူအများစုတို့နဲ့ လက်လှမ်းမမှီတဲ့အတွက် မဖေါ်ပြနိုင်ပါဘူး။ ဒီတော့ အလုပ်အကိုင် ရှာဖွေသူများအနေနဲ့ ပြည်တွင်းအလုပ်အကိုင်များနဲ့ ပြည်ပအလုပ်အကိုင်များကိုဦးစားပေးပြီး ရှာဖွေရမှာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအလုပ်အကိုင်တစ်ချို့ရဲ့ ဝင်ငွေဟာ မဆိုးလှပေမယ့် အများအားဖြင့်ကတော့ အလွန်နည်းပါးပါတယ်။ မိသားစု ဝမ်းဝရုံတမယ်သာ ရှာနိုင်ကြပါတယ်။ ဝင်ငွေမလုံလောက်မှုကြောင့် ဝယ်လိုအားရော၊ လူနေမှုအဆင့်အတန်းများကိုပါ ထိခိုက်ပါတယ်။ နောက်တစ်ချက်က ကျန်းမာရေး မကောင်းသူများ အတွက် နေဖို့ စားဖို့ ဝတ်ဖို့ ဆေးဖိုး စတဲ့ ကုန်ကျစရိတ်တွေသည် မိသားစုတစ်စုအတွက် မလှုပ်သာမယှက်သာ ဘဝဖြင့် ရှိနေတတ်ကြပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်ရှားလို့ ထိုင်နေလို့ကလည်း မဖြစ်ပါဘူး။ ဝင်ငွေကတော့ ရှာဖွေနေကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေဟာ ဒီနွံကြီးထဲမှာ နစ်မနေပဲနဲ့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အလားအလာကောင်းတဲ့ အလုပ်အကိုင်များကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံများမှ အလုပ်သမားများခေါ်ယူကြတဲ့ နေရာမှာအလုပ်ကြမ်းနဲ့ အိမ်ဖေါ်လောက်သာ ခေါ်လိုသူများဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိမိရဲ့ ကျွမ်းကျင်မှုနဲ့ ရာထူးတွေတိုးပြီး အဆင်ပြေ ချောမွေ့နေသူတွေလည်း များစွာ ရှိပါတယ်။ မိမိရဲ့ နည်းတဲ့ဝင်ငွေအတွက် ဖြစ်စေ၊ များတဲ့ဝင်ငွေ အတွက်ဖြစ်စေ အလုပ်လုပ်နေသူအားလုံးကို လေးစားကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်း အလုပ်အကိုင် များသည်လည်း ယခုလို ပြောင်းလဲလာသည့်ကာလများအတွက် သိပ်ရှာဖွေစရာမလို ပေါများလာတာ တွေ့ရှိနေရပါပြီ။ အလုပ်လုပ်ကိုင်ဖို့သာ ပြင်ဆင်ထားသင့်တဲ့ အချိန်အခါ ရောက်လို့ လာနေပါတယ်။ အလုပ် လုပ်ချင်စိတ်လည်း ရှိဖို့ လိုအပ်ပါတယ်။
ပြည်တွင်းမှာပဲအလုပ်ရှာရှာ၊ ပြည်ပမှာပဲ အလုပ်ရှာရှာ အရေးကြီးဆုံးကတော့ ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသူများဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် မလုံခြုံပါဘူး။ ကြိုတင်ပြင်ဆင်တဲ့ နေရာမှာ အဓိက အချက်ခြောက်ချက်ကို ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ဒါတွေကတော့ (၁) အင်္ဂလိပ်နဲ့ တရုတ်ဘာသာစကား၊ (၂) ကျွမ်းကျင်မှု၊ (၃) စိတ်ဓာတ်နှင့် ရုပ်ရည်သွင်ပြင်၊ (၄) အလုပ်အကိုင် သတင်းအချက်အလက်နဲ့ (၅) ကွန်ပျူတာ အခြေခံရှိခြင်း (၆) စိတ်ချရတဲ့ ဝန်ဆောင်မှုတွေ ဖြစ်ပါတယ်။

ဘယ်နိုင်ငံမှာပဲ အလုပ်ရှာရှာ အင်္ဂလိပ်စကားကောင်းကောင်း မပြောနိုင်ရင် မိမိနဲ့ ထိုက်တန်တဲ့အလုပ်ကို မရပါဘူး။ ဘာသာစကားကို သင်ယူဖို့က သိပ်မခက်ပါဘူး။ ဒါပေမယ် သိပ်တော့လည်း မလွယ်ပါဘူး။ အဓိကကတော့ ဘာသာစကားတစ်ခုကို လေ့လာတဲ့နေရာမှာ ပြောဆိုနေတဲ့ အသိုင်းအဝိုင်းမရှိရင် အဆင်မပြေပါဘူး။ သင်ယူမှုနည်းစနစ်နဲ့ စိတ်ပါလက်ပါရှိမှုတွေကလည်း အရေးကြီးလှပါတယ်။ လူအချင်းချင်း ကောင်းကောင်းမွန်မွန် မဆက်ဆံနိုင်ရင် ဘယ်သူ့ရဲ့လေးစားမှုကိုမျှ မရပါဘူး။ အောက်ကျနောက်ကျနဲ့ အဆက်ဆံခံရမှာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်အကိုင်ရှာဖွေသူအားလုံးဟာ အခုရရှိတဲ့အချိန်အတွင်းမှာ အင်္ဂလိပ်နဲ့တရုတ်ဘာသာစကားတွေကို မဖြစ်မနေလေ့ကျင့်ကြရမှာ ဖြစ်သလို နည်းပညာဖွံ့ဖြိုး တိုးတက် နေတဲ့ခေတ်မှာ ကွန်ပျူတာ အခြေခံရှိထားဖို့လည်း အထူးအရေးကြီး လိုအပ်ပါတယ်။

နောက်တစ်ချက်ကတော့ ကျွမ်းကျင်မှုတစ်ခုခုရှိအောင် လေ့ကျင့်နေကြရမှာဖြစ်ပါတယ်။ ကျွမ်းကျင်မှု တစ်ခုခုရှိသူတွေဟာ ပြည်တွင်းမှာပဲ အလုပ်ရှာရှာ၊ ပြည်ပနိုင်ငံတွေမှာပဲရှာရှာ၊ ကိုယ်ပိုင်လုပ်ငန်းငယ်တွေကိုပဲ လုပ်လုပ် အဆင်ပြေပါတယ်။ အသက်မွေးအတတ်ပညာတစ်ခုခုကို တတ်ထားရင် အကောင်းဆုံးဖြစ်ပါတယ်။ အလွန်မြင့်မားတဲ့ အရည်အသွေးများလိုတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ရှေ့နေများလိုမဟုတ်ပဲ လူတိုင်း သင်နိုင်တတ်နိုင်တဲ့ အသက်မွေးအတတ်ပညာများစွာရှိပါတယ်။ အထူးသဖြင့်ကတော့ သက်မွေးမှု ဘာသာရပ် တွေပါပဲ။ အလုပ်လုပ်ရင်း ကျွမ်းကျင်မှုတွေ မြှင့်တက်ဖို့ တက်ရောက်သင့်ပါတယ်။ လူတိုင်းသင်ယူနိုင်တဲ့ ဘာသာရပ်တွေဖြစ်ပါတယ်။ ဒါတွေဟာ အရေးမကြီးဘူးဆိုပြီး ပြစ်ထားလို့မရပါဘူး။ မိမိရှာဖွေမယ့် အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အသက်မွေးပညာတစ်ခုကို အခုအချိန်ရှိတုန်းမှာ လေ့လာသင်ကြားထားတာ အကောင်းဆုံးဖြစ်ပါတယ်။ တောပြောတောင်ပြောနဲ့ ဘာမှမတတ်သူတွေဟာ ပြည်ပမှာမှမဟုတ်ပါဘူး၊ ပြည်တွင်းမှာလည်း အလုပ်မရနိုင်ပါဘူး။

တချို့က မိမိ ဘယ်လမ်းသွားပြီး ဘာလုပ်ဖို့ဆိုတာတောင် ခေါင်းထဲ သိပ်စဉ်းစားထားကြပုံ မပေါ်ပါဘူး။
ဒါကြောင့် လူတစ်ယောက်ရဲ့ စိတ်ဓာတ်က အရေးကြီးပါတယ်။ အလကားလိုချင်တဲ့ စိတ်တွေ၊ ဖြတ်လမ်းက အချောင်ရလိုသူတွေဟာ တခြားနိုင်ငံမှာ သွားလုပ်လို့မရပါဘူး။ အဲဒီနိုင်ငံတွေမှာက ကြိမ်ဒဏ်ရှိတယ်။ တစ်သက်လုံးစာ ဖူလုံသွားမယ်။ ဒါကြောင့် ကိုယ်လုပ်လို့ရတဲ့ ဝင်ငွေကို လေးစားဖို့၊ ရိုသေထိုက်သူတွေကို ရိုသေလေးစားဖို့၊ အလုပ်ကြိုးစားဖို့၊ စုဆောင်းဖို့၊ တိုးပွားအောင်လုပ်ဖို့ ဒါမှ အဆင်ပြေနိုင်မယ်။ နောက်ပြီး မိမိရဲ့ကိုယ်ခန္ဒာကိုယ် သန့်ရှင်းလှပနေအောင် လေ့ကျင့်နေရန် လိုပါတယ်။ ကိုယ့်ကိုကိုယ်မှ မလေးစားတတ်သေးရင် ဘယ်သူမှလည်း ကိုယ့်ကိုလေးစားမှာ မဟုတ်ပါဘူး။ အလုပ်အကိုင် သတင်းအချက်အလက်များနဲ့ ပတ်သက်ပြီး အရေးကြီးတာက ကွန်ပျူတာနဲ့ အင်တာနက်ကို ထိရောက်စွာ အသုံးပြုတတ်ဖို့ လေ့ကျင့်ရမှာဖြစ်ပါတယ်။ ဒါမှ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အလုပ်အကိုင်အားလုံးကို မျက်ခြေမပြတ် လေ့လာနေနိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းအလုပ်အကိုင်ပဲ ဖြစ်ဖြစ်၊ ပြည်ပအလုပ်အကိုင်ပဲ ဖြစ်ဖြစ် တရားဝင်ဖြစ်စေ၊ ယုံကြည့်စိတ်ချရသူဆီက ဝန်ဆောင်မှုကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ရှိတာ ကုန်မှာပါပဲ။ အထူးဂရုစိုက်ရမှာက ဗဟုသုတ မရှိတဲ့ ကျေးရွာ၊ တောရွာ ဝေးလံသီခေါင်တဲ့နေရာများက အမျိုးသမီးတွေပါပဲ။ အလုပ်ရှာပေးမယ်၊ လုပ်ခကောင်းကောင်းရမယ်ဆိုပြီး သူများနိုင်ငံခေါ်သွား ရောင်းစား ခံရတာတွေ လူကုန်ကူးတွေတောင် အများအပြား ရှိနေသည့်အတွက် သတိထားစေချင်ပါတယ်။ ယခုချိန်တွင် လူသားအားလုံး ကလေး လူကြီး လူငယ် လူရွယ်များပါ မကျန် စာပေများ ဖတ်ရှုပြီး အသိဉာဏ် ဗဟုသုတများ တိုးပွားဖို့ လုပ်ဆောင်သင့်ပါတယ်။

ဒီနေ့ ဒီအချိန်မှာ အလုပ်အကိုင်တွေ မရှားလှပါဘူး။ ပြည်တွင်းမှာရော ပြည်ပမှာပါ အောင်မြင်သူတွေ အများကြီးရှိပါတယ်။ သေသေချာချသာ ပြင်ဆင်ထားမယ်ဆိုရင် ဘာမှ အကုန်အကျ နည်းနည်းပါးပါးလေး၊ ဒါမှ မဟုတ် အခမဲ့တောင် အလုပ်ရနိုင်ပါတယ်။ နိုင်ငံ အစိုးရတွေ ဘယ်လိုပြောင်းပြောင်း လူသားအားလုံးအတွက် အရေးကြီးဆုံးက ဝင်ငွေ၊ အသိဉာဏ်၊ ခွန်အား၊ နည်းပညာနဲ့ လူသားဆန်မှုတွေ လိုပါတယ်။ ဒီလိုမျိုးတွေ သိအောင် လေ့ကျင့် သင်ကြားပေးရန် လိုပါတယ်။ လူသားတွေဟာ သင်ယူနိုင်ပြီး ပြောင်းလဲနိုင်ပါတယ်။ လူသားတွေပြောင်းလဲသွားမှသာ လူ့အသိုင်းအဝိုင်းကြီး ပြောင်းလဲနိုင်ပြီး ကိုယ်နေထိုင်ရာ နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်များဖြင့် ရှေ့ဆက်နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတော့တယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *