ကမ္ဘာကျော်စနိုးဒန် အရူပ်တော်ပုံ ဖြစ်ပွားခဲ့သော အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA)သည် ၂၀၀၈ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နှစ်စဉ်ပုဂ္ဂိုလ်ရေးအီးမေးလ် ၅၆၀၀၀အထိကို တရားမဝင်စုဆောင်းခဲ့သည်ဟု အမေရိကန်၏နှစ်စဉ်ထုတ်ပြန်နေကျ တရားရုံးလျှို့ဝှက်မှတ်တမ်းများတွင် ဖော်ပြထားသည်ဟုသိရသည်။ အဆိုပါအီးမေးလ်အသုံးပြုသူများသည် အကြမ်းဖက်သမားဟု သံသယရှိသူများနှင့် ချိတ်ဆက်မှု မရှိကြောင်းလည်း သိရသည်။
၎င်းလုပ်ရပ်သည် တရားမဝင်ကြောင်း ပြည်ပထောက်လှမ်း စောင့်ကြည့်ရေးဆိုင်ရာ တရားရုံးမှ တရားသူကြီးတစ်ဦးက ၂၀၁၁ခုနှစ်တွင် အမိန့်ချမှတ်ခဲ့သည်ဟု တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခဲ့သည်။ ယင်းလုပ်ရပ်ကြောင့် NSAသည် အမေရိကန်ဥပဒေကို ချိုးဖောက်ခဲ့ဖွယ်ရှိသည်ဟု သာမာန်အားဖြင့် လျှို့ဝှက်ထားလေ့ရှိသော တရားရုံးမှတ်တမ်းတွင် ဖော်ပြထားသည်ဟုဆိုသည်။
သို့ရာတွင် NSAက အီးမေးလ်များကို ရည်ရွယ်ချက်ရှိရှိရယူခြင်း၊ မဟုတ်ပဲ နည်းပညာပိုင်းချို့ယွင်းမှုကြောင့် ဖြစ်ရသည်ဟု အမည်မဖော်သော ထောက်လှမ်းရေး တာဝန်ရှိသူများက ပြောကြားသည်ဟု သိရသည်။ NSAသည် အကြမ်းဖက်သမားများနှင့် တိုက်ရိုက်ချိတ်ဆက်မှုမရှိသော အမေရိကန်ပြည်သူတို့၏ အီးမေးလ်များကို သီးခြားခွဲထုတ်နိုင်ခြင်းမရှိသဖြင့် နှစ်စဉ်လူထောင်ပေါင်းများစွာ၏ အီးမေးလ်များကို စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ အချက်အလက်များစုဆောင်းခြင်းသည် အမေရိကန်အခြေခံဥပဒေ စတုတ္တမြောက် ပြင်ဆင် ဖြည့်စွက်ချက် ချိုးဖောက်ခြင်းဖြစ်သည်ဟု တရားရုံးကဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ နိုင်ငံ တကာတွင် လူ့အခွင့်အရေးအကြောင်း ကျယ်လောင်စွာပြောဆိုနေသော အမေရိကန်နိုင်ငံသည် ထိုကဲ့သို့ ပုဂ္ဂိုလ်ရေး အီးမေးလ်များ လျှို့ဝှက်ရယူနေခြင်းမှာ အမေရိကန်ပြည်သူတို့၏ အခွင့်အရေး သို့မဟုတ် လူ့အခွင့်အရေးကို တစ်နည်းနည်းနှင့် ချိုးဖောက်နေခြင်းပင် မဟုတ်ပါလား။