အွန်လိုင်းတွင် ပြုလုပ်သည့် လက်ရွေးစင် ရွေးချယ်မှုလုပ်ငန်းစဉ်တွင် ပါ၀င်ယှဉ်ပြိုင်သူ ၅၀၀ကျော်အနက်မှ မူဆလင်များသာ ယှဉ်ပြိုင်သည့် Muslimah World အလှမယ်ပြိုင်ပွဲအတွက် နောက်ဆုံး ဆန်ခါတင်များကို ရွေးချယ်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ ပြုလုပ်ခဲ့သော နောက်ဆုံးပြိုင်ပွဲတွင် နိုင်ဂျီးရီးယား အလှမယ်တစ်ဦးက သရဖူဆွတ်ခူးခဲ့သည်ဟု သိရသည်။ အသက် ၂၁နှစ်အရွယ် နိုင်ဂျီးရီးယားသူ အိုဘာဘီယီအိုက်ရှာအဂျီဘိုလာက World Muslimah 2013 ဘွဲ့ကို ဗုဒ္ဓဟူးနေ့က သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ဆန်ခါတင် ၂၀သည် အစ္စလာမစ်ဖက်ရှင်များကို ပြသခဲ့ကြသကဲ့သို့ ပြိုင်ပွဲကာလအတွင်း ဘာသာရေးတန်ဖိုးများကို ပြသခဲ့ကြသည်။ ယခုပြိုင်ပွဲကို မကြာမီကျင်းပမည့် မယ်ကမ္ဘာပြိုင်ပွဲမတိုင်မီ ကျင်းပခဲ့ပြီး မယ်ကမ္ဘာပြိုင်ပွဲကို သဘောထား တင်းမာသော အင်ဒိုနီးရှား မူဆလင်အုပ်စုများက ဆန့်ကျင်လျက်ရှိသည်ဟု သိရသည်။
ယခုပြိုင်ပွဲအကျော့တစ်ခုတွင် ယှဉ်ပြိုင်သူများက မိမိတု့ိမျက်နှာဖုံး၀တ်ရုံ (Muslim Headscarf)ကို မည်သို့ ၀တ်ဆင်ခဲ့ပုံအကြောင်း ပြောဆိုပြီး ပြိုင်ပွဲ၀င်ရသည်။ ဆန်ခါတင် အလှမယ်များကို ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ မလေးရှား၊ နိုင်ဂျီးနီးယားနှင့် ဘရူနိုင် အပါအ၀င် နိုင်ငံများစွာက ကြိုဆိုချီးကျူးခဲ့ကြသည်။
နောက်ဆုံးပြိုင်ပွဲ မ၀င်မီ ပြိုင်ပွဲ၀င်များသည် သုံးရက်ကြာ ဘာသာရေး သင်တန်းတက်ခဲ့ရပြီး အရုဏ်မတက်မီထ၍ အတူတကွ ၀တ်ပြုဆုတောင်းခြင်း၊ ကိုရ်အာန်ကျမ်းစာ လေ့လာခြင်းကို ပြုလုပ်ကြရသည်ဟု သိရသည်။ အနိုင်ရရှိသူအဖြစ် သူမ၏ အမည်ကို ကြေညာချိန်တွင် မစ္စအဂျီဘိုလာသည် ငိုကြွေးခဲ့ပြီး ကိုရ်အန်ကျမ်းစာမှ စာပိုဒ်တစ်ပိုဒ်ကို ရွတ်သည်ဟုဆိုသည်။
သူမသည် ရူပီးယား ၂၅သန်း (ဒေါ်လာ ၂၂၀၀) ချီးမြှင့်ခံရမည့်အပြင် မက္ကာနှင့် အိန္ဒိယသို့လည်း သွားရောက်ခွင့်ရမည် ဖြစ်သည်။ အစ္စလာမ္မစ်သည် လှပကြောင်း၊ ကမ္ဘာကို ပြသရန် ကြိုးစားနေကြောင်း ဆုမရမီက အင်တာဗျူးတစ်ခုတွင် အဂျီဘိုလာက ပြောကြားခဲ့သည်ဟု သိရသည်။