News

မြန်မာဘလော့ဂါအဖွဲ့၏ ခုနစ်နှစ်မြောက် အထိမ်းအမှတ် Myanmar Blogger Forum ကျင်းပမည်

၂၀၀၇ခုနှစ်မှ စတင်ခဲ့သော မြန်မာဘလော့ဂါအဖွဲ့ (MBS)၏ ခုနစ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် လာမည့် သြဂုတ်လ ၃၁ရက်နေ့တွင် ကျရောက်သော World Blogdayနေ့တွင် Myanmar Blogger Forumကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပွဲစီစဉ်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ကိုဇော်ဇော်မျိုးလွင်က မဇ္ဈိမသို့ ပြောသည်ဟု သိရသည်။ ၎င်းပွဲကို ရန်ကုန်မြို့၊ မြန်မာအင်ဖိုတက်ခ် (MICT) အခန်းနံပါတ်-၂၀၅တွင် ကျင်းပမည်ဖြစ်ပြီး၊ ဘလော့ဂ်နှင့်ပတ်သက်၍ စိတ်ပါဝင်စားသူ၊ ရေးဆွဲသူ၊ ရေးသားသူများ၊ မည်သူမဆို လွတ်လပ်စွာ တက်ရောက်နိုင်ပြီး တစ်သီးပုဂ္ဂလ ဖိတ်ကြားမည် မဟုတ်ဟု ဆိုသည်။

အဆိုပါ ပွဲတွင် နည်းပညာဖြစ်စဉ်အတွင်း မြန်မာဘလော့ဂါများ၏ လှုပ်ရှားမှုများ၊ လူမှုရေး၊ ပညာရေးနှင့် နည်းပညာကဏ္ဍ၊ စာပေနှင့် အနုပညာကဏ္ဍများအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဖတ်ကြားကြမည် ဖြစ်သည့်အပြင် Cyber Security, Cyber Lawနှင့် အနာဂတ်လူ့အဖွဲ့အစည်းအတွက် သတင်းအချက်အလက် နည်းပညာ မီဒီယာ၊ ပညာရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်သည်ဟု သိရသည်။

ပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ကိုဇော်ဇော်မျိုးလွင်က “ပထမတော့ တက်ရောက်ချင်တဲ့သူတွေ ကြိုတင်ပြီး စာရင်းပေးသွင်းရန်ဆိုတဲ့ ပုံစံမျိုး စီစဉ်သေးတယ်။ နောက်တော့မှ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်တော့တာပါ။ ပထမဆုံး လုပ်တဲ့ပွဲတုန်းကတော့ လူ ၆၀၀လောက် တက်ခဲ့ပါတယ်”ဟု ပြောသည်။
ယခုနှစ်တွင် တက်ရောက်မည့် လူဦးရေ ၃၀၀ခန့်ရှိမည်ဟု ပွဲစီစဉ်သူများက ခန့်မှန်းထားပြီး အဆိုပါ ပွဲအား အဓိက Sponserအဖြစ် AGD ဘဏ်မှ တာဝန်ယူထားသည်ဟု သိရသည်။

တက်ရောက်လိုသူများအတွက် Online Registerကို သြဂုတ်လ ၂၀ရက်နေ့တွင် စတင်ဖွင့်လှစ်ထားပြီး အချက်အလက်များကို www.facebook.com/myanmar-blogger-societyတွင် ကြည့်ရှုနိုင်ပါသည်။ ပွဲတက်ရောက်သူများကို အမှတ်တရ လက်ဆောင်များနှင့် ရန်ကုန်-ဘန်ကောက် အသွားအပြန် လေယာဉ်လက်မှတ် နှစ်စောင်ကို မဲဖောက်ပေးသွားမည် ဖြစ်သည်။ MBSသည် ၂၀၀၇ခုနှစ်မှ စတင်ခဲ့ပြီး ပြည်တွင်းနည်းပညာများ တိုးတက်ရေးနှင့် လူမှုရေး ကဏ္ဍများအား အကူအညီပေးနေသော မြန်မာဘလော့ဂါများ စုစည်းထားသည့် အကျိုးအမြတ် မယူသော အဖွဲ့ဖြစ်သည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *