ဘဏ်ခွဲမရှိသော ဝေးလံသည့် ဒေသများတွင် ဘဏ်၏ အခြေခံ ဝန်ဆောင်မှုများ ပေးနိုင်ရန် ပုဂ္ဂလိကဘဏ် လေးခုမှ မိုဘိုင်းဖုန်းဘဏ်စနစ် (Mobile Banking) လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။
ပုဂ္ဂလိကဘဏ် လေးခုဖြစ်သော CBဘဏ်၊ ကမ္ဘောဇဘဏ်၊ AGD ဘဏ်နှင့် မြဝတီဘဏ်တို့မှ ကျေးလက်ဒေသအထိဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ဝန်ဆောင်မှု ပေးနိုင်ရန် မိုဘိုင်းဖုန်းဘဏ်စနစ်ကို ဖော်ဆောင်သွားရန် ရှိကြောင်း၊ သို့အတွက်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိရန်အတွက် လက်တွေ့သရုပ်ပြ လုပ်ဆောင်ချက်များနှင့် အစီရင်ခံ တင်ပြသွားရမှာ ဖြစ်ကြောင်း၊ လက်တွေ့သရုပ်ပြ လုပ်ဆောင်ချက်အပေါ် မူတည်၍ ဗဟိုဘဏ်က လုပ်ပိုင်ခွင့်ကို အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ကြောင်း CBဘဏ်၏ အမှုဆောင် ဒါရိုက်တာ ဦးဖေမြင့်က DVBကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းတွင် ပုဂ္ဂလိကဘဏ်အရေအတွက် ၁၉ခုရှိသည့်အနက် လောလောဆယ် ဤဘဏ်လေးခုမှ မိုဘိုင်းဖုန်း ဘဏ်စနစ်ကို စတင်ရန် စီစဉ်နေခြင်း ဖြစ်ပြီး ယင်းစနစ်သည် မည်ကဲ့သို့ ဝန်ဆောင်မှု ပေးနိုင်သလဲဆိုခြင်းနှင့် ပတ်သက်၍ ယခုလို ပြောပြခဲ့သည်။
Mobile Bankingက တစ်ယောက်နဲ့တစ်ယောက် ငွေလွှဲတဲ့နေရာမှာ ကိုယ်စားလှယ်က ကြားခံအနေနဲ့ ငွေလက်ခံမယ့်သူကို ဖုန်းဆက်ပြီးတော့ အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။ ဒီတော့ ငွေလက်ခံမယ့်သူက ကိုယ်စားလှယ်ဆီမှာ သွားထုတ်ရုံပဲ။ ဘဏ်၏ ဝန်ဆောင်မှုများကို ကိုယ်စားလှယ်များမှတစ်ဆင့် ရရှိမှာဖြစ်သည့်အတွက် ယင်းမှာအားသာချက်များ ဖြစ်ကြောင်း ၎င်းက ပြောပါသည်။
“ဒါကြောင့် ဒီစနစ်ကို လုပ်ဆောင်တဲ့နေရာမှာ ကိုယ်စားလှယ်ထားရှိဖို့ လိုတဲ့အပြင် ကိုယ်စားလှယ်အနေနဲ့လည်း ဘဏ်မှာ ငွေကြေးဆိုင်ရာ အာမခံထားရှိရမယ်လို့ သိရပါတယ်။ ဒီလိုလုပ်တာဟာ ကိုယ်စားလှယ်အနေနဲ့ ငွေကြေးဆိုင်ရာ အလွဲသုံးစားမှု မပြုနိုင်ဖို့အတွက် ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်တာပါ”ဟု ဦးဖေမြင့်က ပြောသည်။
ယင်းအတွက် ဝန်ဆောင်မှုပေါ် ရရှိလာသော အကျိုးအမြတ်ကိုမူ ဘဏ်နှင့် ကိုယ်စားလှယ်တို့က ခွဲဝေခံစားခွင့် ရရှိမည်ဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများသည် နိုင်ငံတကာနှင့် ယှဉ်ပါက နှစ်ပေါင်း ၅၀ကျော်နောက်ကျ ကျန်ရစ်ခဲ့သည်ဖြစ်၍ နောက်ထပ်အနှစ် ၂၀လောက်အချိန် ထပ်မံယူရဦးမှာ ဖြစ်ကြောင်း ဦးဖေမြင့်က ပြောသည်ဟု ဆိုသည်။