Opinion

ကိုဘအေးရဲ့ ဝန်ကြီးများရုံး အလွမ်းပြေ

secretariat in myanmar

ဂိတ်ဝမှာ ဂိတ်ပတ်စ် လုပ်ပြီးတော့ ရုံးထဲ ဝင်လာတဲ့ ကိုဘအေး တစ်ယောက် ကြက်သီး မွေးညှင်းတွေ ထသလို ဖြစ်သွားတယ်။ အထင်ကရ နေရာတစ်ခု ဖြစ်ပြီးတော့ ချောက်ချားဖွယ် အတိတ်သမိုင်းကြောင်း ရှိခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်နေလို့လား မသိဘူး။ ကိုဘအေး ရောက်ခဲ့တာဆိုရင် ဒီတစ်ကြိမ်ဟာ ဒုတိယ အကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ်က အလုပ်လျှောက်လွှာ ပုံစံ လာယူတာ။ လက်ရှိ လုပ်နေတဲ့ အလုပ်က သုံးနှစ် စီမံကိန်းလို့ ပြောတော့ သုံးနှစ်ပြည့်ရင် အလုပ်ပြုတ်မလားဆိုပြီး (တကယ်တော့ မပြုတ်ကြပါ) သုံးနှစ် မပြည့်ခင်က ဌာနပြောင်းဖို့ ရွှေ့ဖို့ လုပ်ကြတာ။ ကိုဘအေးလည်း အဲဒီလို စိုးရိမ်တဲ့သူတွေအထဲမှာပါတော့ SB (သတင်းတပ်ဖွဲ့)က တပ်သားခေါ်တယ်ဆိုတာနဲ့ လျှောက်လွှာသွားယူတာ၊ ရုံးထဲမှာ သိပ်မကြာခဲ့ပါဘူး။ ဒီတစ်ခါကတော့ ဒီရုံးထဲမှာပဲ လုပ်ရတော့မှာ။ တခြားကို မပြောင်းရမချင်းတော့ ဘယ်လောက် ကြာအောင် ဒီရုံးထဲမှာ နေရဦးမယ် မသိဘူး။ ဒါကြောင့် အထက်က ပြောခဲ့သလိုပဲ ငါ ဒီရုံးကြီးမှာ ရုံးတက်ရတော့မှာပါလား ဆိုတဲ့ အသိနဲ့ ခံစားချက် တစ်မျိုး ဝင်လာတာပါ။ အဲဒီရုံးကြီးကတော့ သိမ်ဖြူလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းကြားမှာ ရှိပြီး မဟာဗန္ဓုလ လမ်းမကြီးနဲ့ အနော်ရထာလမ်းမကြီးကြား အလယ်ဘလောက်မှာ ရှိတဲ့ ဝန်ကြီးများရုံး (ယခင် အတွင်းဝန်များရုံးဟောင်း)ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများဟာ ဒီရုံးကြီးထဲမှာပဲ အကြံပက်စက် စကောလောက်မှ စောက်မနက်တဲ့ သူတွေရဲ့ ပက်ပက်စက်စက် လုပ်ကြံတာကို ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့ လွတ်လပ်ရေးနေ့ (၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့)မှာ အင်္ဂလိပ်ကိုလိုနီတို့ရဲ့ ယူနီယံဂျက် အလံကို ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အလံတော်ကို လွှင့်တင်တဲ့ နိုင်ငံတော် အလံတင် အခမ်းအနားကိုလည်း ဒီရုံးကြီးထဲမှာပဲ ကျင်းပပြုလုပ်ခဲ့ပြီး ဒီရုံးကြီးထဲမှာပဲ အစိုးရအဖွဲ့ ရုံးထိုင်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံကြီးကို အုပ်ချုပ်ခဲ့တာပါ။ ၁၉၄၈ခုနှစ်ကနေ ၁၉၆၂ခုနှစ်အထိ ပြည်ထောင်စု လွှတ်တော် ကျင်းပခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

ကိုဘအေး ရောက်သွားတဲ့အချိန်မှာ ဝန်ကြီးများရုံး ဆိုတဲ့ နာမည်နဲ့အညီ ဝန်ကြီးဌာန တော်တော်များများ ရုံးထိုင်နေပါတယ်။ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္႑ာရေး၊ စီမံကိန်း၊ သတ္တုတွင်း၊ ဆောက်လုပ်ရေး စတဲ့ ဝန်ကြီးဌာနတွေ ရှိပါတယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရတဲ့ အစည်းအဝေးခန်းကို ဘုရားခန်း လုပ်ထားတာ တွေ့ခဲ့ရပါတယ်။ အခါကြီးရက်ကြီးတွေမှာတော့ ဝန်ကြီးဌာနဝတ်အသင်းတွေက အလှည့်ကျ ဝတ်ရွတ်ကြပါတယ်။ တစ်ခါတစ်လေ တခြားဝန်ကြီးဌာနတွေ သွားရင်းနဲ့ အဲဒီအခန်းရှေ့ကနေ ဖြတ်သွားရင် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်မိတယ်။

ကိုဘအေးက ဝန်ကြီးများ ရုံးထဲမှာ ၁၉၇၆ကနေ ၁၉၇၈ခုနှစ်အထိ နေခဲ့ရပြီး၊ နိုင်ငံတော် ကောင်စီရုံးအနေနဲ့ ဝင်ဒါမီယာထဲကို ပြောင်းခဲ့ရပါတယ်။ နိုင်ငံရေး အလှည့်အပြောင်းတစ်ခုမှာတော့ ကိုဘအေးတို့လည်း ဝန်ကြီးများရုံးထဲ ပြန်ရောက်ခဲ့ပါတယ်။ ၁၉၈၉ခုနှစ်ပေါ့။ အဲဒီမှာ ငါးနှစ်လောက် နေခဲ့ရပြီးတော့ ရန်ကင်းရုံးကို ပြောင်းခဲ့ရပါတယ်။ အခုဆိုရင်တော့ အစိုးရရုံးတွေ အားလုံး နေပြည်တော်ကို ပြောင်းကုန်ကြရပြီမို့ ဝန်ကြီးများရုံးထဲမှာ ဘာရုံးဘာဌာနမှ မရှိတော့ပါဘူး။ ဟိုက်ကုတ်တို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတို့လို ကိုလိုနီခေတ် လက်ရာ ဖြစ်လို့မို့ ဥရောပဗိသုကာ ပုံစံ ခန့်ငြားလှပတဲ့ အဆောက်အဦကြီးတစ်ခု ဖြစ်ပါတယ်။

အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာ ဟိုတယ်အဖြစ် ဆောက်လုပ်ဖို့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ ကြိုးပမ်းမှုကို ပြည်သူတွေ ကန့်ကွက်ကြတဲ့အတွက် အခုဆိုရင် ပြတိုက်အဖြစ်ပဲ ထားဖို့ ဆုံးဖြတ်ပြီး ပြုပြင် မွမ်းမံမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ကိုလိုနီခေတ်ကတည်းက အဆောက်အဦဖြစ်လို့မို့ နှစ်ပေါင်း ကြာမြင့်နေပြီ ဖြစ်တဲ့အတွက် ကိုဘအေးတို့ ရုံးတက်တဲ့ အချိန်မှာတောင် ကော်ရစ်ဒါကြီးတွေဟာ လေးဘက်လေးတန် ဝင်ပေါက်ကြီးတွေရဲ့ အလယ်ကို နိမ့်လျှောကြီးတွေ ဖြစ်နေပါတယ်။ အပေါ်ထပ် တက်တဲ့ ကြောင်လိမ်လှေကားကြီးတွေကလည်း သစ်သားလှေကားကြီးတွေ ဖြစ်ပါတယ်။ ပြုပြင်မှုတွေကတော့ လုပ်နေရတာပေါ့လေ။ ဘာရယ်တော့ မဟုတ်ပါဘူး။ အာဇာနည်နေ့ အကြောင်း သတင်းစာက ဆောင်းပါးလေးတွေ ဖတ်မိရင်း တစ်ချိန်တစ်ခါက ရုံးတက်ခဲ့ရတဲ့ သမိုင်းဝင် အမွေအနှစ် တစ်ခုဖြစ်တဲ့ ဝန်ကြီးများရုံးကို သွားပြီး သတိရမိလို့ အလွမ်းပြေလေး ရေးမိတာပါ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *