News, Opinion

စိတ်ဖိစီးခြင်းကိုကြာရှည်လက်မခံပါနဲ့။

စိတ်ဖိစီးခြင်းကိုကြာရှည်လက်မခံပါနဲ့။ -

ခေတ်မှီဖွံ့ဖြိုး တိုးတက်စပြုလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ လူတိုင်းဟာ နေ့စဉ်နဲ့အမျှ အချိန်နဲ့တစ်ပြေးညီ လုပ်ငန်းခွင်ဝင်ပြီး မိမိ ဘဝအတွက် တိုးတက်မှု အခွင့်အရေးများနှင့် စားဝတ်နေရေးပြဿနာများကို ဖြေရှင်းနေကြရပါတယ်။ ဒါပေမဲ့ စာရေးသူတို့ဟာ မိမိလုပ်ငန်းကို မိမိဝါသနာနဲ့ ကိုက်ညီစွာ လုပ်ကိုင်နေကြရတဲ့ လူတွေရှိသလို မိမိဝါသနာနဲ့ ကိုက်ညီမှုမရှိပဲ လုပ်ကိုင်နေကြရတဲ့ လူတွေလဲရှိပါတယ်။ မိမိဝါသနာနဲ့ ကိုက်ညီမှုရှိတဲ့ လုပ်ငန်းကို လုပ်ကိုင်ရသည်ဖြစ်စေ မိမိဝါသနာနဲ့ ကိုက်ညီမှုမရှိတဲ့ လုပ်ငန်းကို လုပ်ကိုင်နေရသည်ဖြစ်စေ စိတ်ဖိစီးခြင်းကို အနည်းနဲ့ အများကတော့ ကြုံတွေ့ကြရတတ်ပါတယ်။ တစ်ခါတစ်လေ အဝေးကို ထွက်ပြေးချင်လောက်အောင်ကို စိတ်ဖိစီးမှု ကြုံတွေ့ကြရခြင်းလဲ ရှိပါတယ်။ ဒီလိုစိတ်ဖိစီးမှုကြုံရခြင်းနဲ့ ပတ်သက်ပြီး အမျိုးမျိုးသော လုပ်ဆောင်ချက်တွေ ရှိကြပါတယ်။

စာရေးသူတို့ဟာ မြန်မာလူမျိုးဖြစ်ကြတဲ့အတွက်ကြောင့် အများအားဖြင့်တော့ ကိုးကွယ်သည့်ဘာသာဟာ ဗုဒ္ဓဘာသာ ဖြစ်ကြ ပါတယ်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံရှိ အမျိုးမျိုးသော စိတ်ပညာရှင်တို့ စိတ်ဖိစီးမှုနဲ့ပတ်သက်ပြီး နည်းလမ်းပေး တဲ့အခါ မိမိစိတ်ကိုတည်ငြိမ်စွာ ထား၍ တရားထိုင်ခြင်း ၊ သီချင်းနားထောင်ပြီး ကျယ်လောင်စွာနားထောင်ပြီး အော်ဟစ်သီဆိုခြင်းများ နှင့် အခြားလူတစ်စုံတစ်ယောက်အား မိမိခံစားနေရသည့် စိတ်ဖိစီးမှု အကြောင်းအရာကို ပြန်လည်ပြောပြခြင်းဖြင့် မိမိ၏ စိတ်ဖိစီးမှုကို ဖြေလျော့စေကြပါတယ်။

ဒါပေမဲ့လည်း အမေရိကန်နိုင်ငံမှ စိတ်ပညာရှင်တစ်ဦးကတော့ စိတ်ဖိစီးခြင်းအကြောင်းအရာကို အခန်းထဲမှာ နားထောင်သူတွေကို ရေခွက်တစ်ခွက်ကို ဥပမာပေးပြီး ပြောပြခဲ့ပါတယ်။ သူမက ဖန်ခွက်ထဲမှာ ရေကို တစ်ဝက်ခန့်ထည့်ပြီး လက်ဖြင့်ကိုင်ပြခဲ့တယ်။ အခန်းထဲမှာ ထိုင်နေကြတဲ့ နားထောင်သူတွေကတော့ ထင်ကြတယ်။ ငါတို့ရဲ့ စိတ်သဘောထားကို ဘယ်လောက်ထိ ကြီးမြတ် တယ်ဆိုတာကို ခန့်မှန်းမလို့နေမယ်ဆိုပြီး နားထောင်သူတွေက ထင်ကြတယ်။

စိတ်သဘောထား ကြီးမြတ်ကြောင်းကို စိတ်ပညာနည်းလမ်းအရ စမ်းသပ်ချက်ကိုလည်း စာရေးသူတို့ငယ်ငယ်က ကြုံဖူးကြ ပါတယ်။ အချို့ စာဖတ်သူတို့အတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ အဲ့ဒါကတော့ ရေခွက်ထဲမှာ ရေတစ်ဝက်ထည့်ထားပြီး ရေခွက်ထဲမှာ ရေဘယ်လောက်ရှိလဲဆိုပြီး မေးမြန်းပါတယ်။ ဒီအချိန်မှာ ပြန်လည်ဖြေတဲ့သူတွေက ရေခွက်ထဲမှာ ရေတစ်ဝက်ပဲ ရှိတယ်လို့ဖြေရင် ဒီလူဟာ စိတ်သဘောထား သေးသိမ်တဲ့လူအဖြစ် သတ်မှတ်နိုင်ပြီး ရေတစ်ဝက်ကြီးများတောင် ရှိတယ်ဆိုပြီး ပြန်ဖြေတဲ့လူဟာ စိတ်သဘောထားကြီးမြတ်တဲ့ လူအဖြစ် သတ်မှတ်တယ်လို့ အရင်က ဟာသဆန်ဆန် စမ်းသပ်မှုတွေကို စိတ်ပညာရှင်တို့က ပြုလုပ်ခဲ့ကြပါတယ်။

အခုလည်း ရေခွက်ထဲမှာ ရေကိုထည့်ကာ ကိုင်ပြီး အမေရိကန်နိုင်ငံရဲ့ အမျိုးသမီး စိတ်ပညာရှင်တစ်ယောက်က မေးမြန်လာ ပါတယ်။ ” ကျွန်မလက်ထဲမှာ ကိုင်ထားတဲ့ ရေခွက်က ဘယ်လောက် အလေးချိန်ရှိလဲ ? ဒီအချိန်မှာ အခန်းတွင်းမှာ နားထောင် နေကြတဲ့ နားထောင်သူတို့က ၈ အောင်စ ၊ ၂၀ အောင်စ ဆိုပြီး ရေခွက်ရဲ့ အလေးချိန်ကို အသီးသီးဖြေကြပါတယ်။ ” ကျွန်မဆိုလို ချင်တာက ဒီရေခွက်ကို ကျွန်မကိုင်ထားတယ်။ ကျွန်မ တစ်မိနစ်ပဲ ကိုင်ထားမယ်ဆိုရင် ကျွန်မဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီထက်ပိုများတဲ့ အချိန်ပမာဏဖြစ်တဲ့ ၁ နာရီလောက် ကိုင်ထားလိုက်မယ်ဆိုရင် ကျွန်မလက်တွေ စတင် ညောင်းကိုက်လာပါ လိမ့်မယ်။

ဒီထက်ပိုကြာတဲ့ အချိန်ဖြစ်တဲ့ တစ်ရက်လောက် ဒီရေခွက်ကို ကျွန်မကိုင်ထားလိုက်မယ်ဆိုရင် ကျွန်မရဲ့လက်တွေ ညောင်းညာ ကိုက်ခဲတဲ့အပြင် ထုံထိုင်းလာပြီး အခန့်မသင့်ရင် ဆေးခန်းတောင် သွားချင်သွားရနိုင်ပါတယ်။ ကျွန်မက အခု စိတ်ဖိစီးမှု အကြောင်းကို ပြောမှာဖြစ်တဲ့အတွက်ကြောင့် ဒီရေခွက်ရဲ့ အလေးချိန်နဲ့ ဥပမာပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီဥပမာအတိုင်းပါပဲ စိတ်ဖိစီးမှုဟာ သင့်လက်ထဲမှာ ကိုင်ထားတဲ့ ရေခွက်နဲ့ တူပါတယ်။ ကျွန်မတို့ဟာ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှု ဝေဒနာကို ခံစားရ ပါတယ်။

ဒီစိတ်ဖိစီးမှုကို အလွယ်တကူ မမေ့ဖျောက်နိုင်ဘူးဆိုရင် ကျွန်မတို့မှာ စိတ်ကျဝေဒနာပါ ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုကို သင် လက်ခံထားတဲ့ အချိန်ပေါ်မှာမူတည်ပြီး သင့်ကို နှိပ်စက်နေတာ ဖြစ်ပါတယ်။ အချိန်ပမာဏ ခဏလေးပဲ လက်ခံထားပြီး ခဏ အတွင်းမှာပဲ မေ့ဖျောက်လိုက်မယ်ဆိုရင် သင့်အတွက် စိတ်ပျော်ရွှင်မှုကို ပြန်လည်ရရှိမှာဖြစ်ပြီး ကြာရှည်လက်ခံထားမယ် ဆိုရင် တော့ သင့်အတွက် စိတ်ကျရောဂါကိုပါ ကမ်းလှမ်းနေသလို ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ကြာရှည် လက်မခံကြဖို့ တိုက်တွန်းလိုက်ပါရစေ။ သင့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာများကို ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ဖို့အတွက် စိတ်ဖိစီးစရာများကို ခဏပဲ လက်ခံထားပြီး စိတ်ပျော်ရွှင်စရာများကို ကြာရှည်စွာ လက်ခံထားဖို့ အကြံပေးပြောကြာပါရစေ။ ” အမေရိကန်နိုင်ငံမှ စိတ် ပညာရှင်ရဲ့ စိတ်ဖိစီးမှုနဲ့ပတ်သက်သည့် အကြံပြုချက်တွင် ဖြေကြားထားသည့် ဖြေကြားချက်များကို ကိုးကား၍ ရေးသား ထားခြင်းဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *