Health, News, Opinion

လူတိုင်း ကျန်းမာကြစေချင်

လူတိုင်း ကျန်းမာကြစေချင်

ကိုဘအေးရဲ့ မိတ်ဆွေတစ်ယောက်နဲ့ တစ်ရပ်ကွက်တည်းသားဖြစ်တဲ့ ကိုတင်စိုးဆိုသူရဲ့ မရီးတော်သူ(မိန်းမရဲ့အမ)ဟာ လေးဘက်နာလိုလို အဆုပ်ရောဂါလိုလိုနဲ့ ဆေးရုံတက်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ “အလောင်းအစားလုပ်နေရတဲ့ လူ့ဘဝ”ဆိုပြီး အိုင်စီတီဂျာနယ် အတွဲ(၂)၊ အမှတ်(၂၀)မှာ ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ အဲဒီမှာ အဲဒီ ကိုတင်စိုးရဲ့မရီး မမြင့်ဆိုသူက သွားသွားလာလာနဲ့ နာတာရှည်ရောဂါသယ် တစ်ယောက်ဖြစ်တဲ့အကြောင်း၊ စဖြစ်တာကတော့ ခြေထောက်အရိုးအဆစ်တွေ နာတာကနေ စဖြစ်တာ။ ဒီလိုပဲဆေးသောက်လိုက် သက်သာသွားလိုက် ပြန်နာလာလိုက်နဲ့ ကြည့်မြင်တိုင် အရိုးဆေးရုံကြီးမှာလည်း သွားပြဘူးတဲ့အကြောင်း၊ တစ်ခါနှစ်ခါလောက် သွားပြပြီးတော့ အကြောင်း အမျိုးမျိုးကြောင့် ဆက်မပြတော့ပဲ ဆေးရုံကပေးတဲ့ ဆေးတွေအတိုင်း အပြင်မှာ ဝယ်သောက်ကြောင်း၊ ခဏပဲ သက်သာပြီးတော့ နောက်ပိုင်းမှာ လက်တွေပါ နာလာကြောင်း၊ လေးဘက်နာ ဆေးတွေ လည်းသောက်ဖူးကြောင်း၊ အကိုက်အခဲဆေးတွေ သောက်ပါများတော့လည်း အစာအိမ်ကိုလည်း ဒုက္ခပေးလာသည်လားမသိ။ ဗိုက်အောင့် ဗိုက်နာတာတွေပါ ဖြစ်လာပြီး အစာလည်း သိပ်မစား နိုင်တော့ကြောင်း၊ တစ်ခါတော့ အပြင်ဆေးခန်းတစ်ခု သွားပြတာမှာ အရိုးပွတယ်ဆိုပြီး အရိုးဆေးတွေလည်း သောက်ရကြောင်း၊ ဆေးသောက်တုန်းအချိန်မှာ သက်သာပြီး စားချင်သောက်ချင်စိတ်လေး နည်းနည်းရှိလာကြောင်း၊ ဒီလိုပဲ ဟိုလူကညွှန်းလိုက် ဒီလူက ညွှန်းလိုက်နဲ့ အင်္ဂလိပ်ဆေးတွေ တင်မကဘူး၊ ဗမာဆေးတွေရော တရုတ်ဆေးတွေရော ကောင်းနိုးနိုးရာရာ ထင်တဲ့ဟာတွေ၊ ဝေဒနာသက်သာလို သက်သာငြားဆေးစုံအောင် သောက်ခဲ့ကြောင်း၊ ဒီလိုနဲ့ တစ်နေ့တော့ ကုသိုလ်ဖြစ် ဆေးခန်းတစ်ခန်းမှာ ပြပြီး အဲဒီက ဆရာဝန်မကြီးရဲ့ ညွှန်ကြားချက်နဲ့ ဆေးရုံတက်ခဲ့ကြောင်း၊ ဆေးရုံမှာလည်း သွေးစစ်၊ ဓါတ်မှန်ရိုက်နဲ့ ၁၀ရက်ကျော်တဲ့အထိ ရောဂါအမယ်ကို တိတိပပ မပြောနိုင်ဘဲ လူနာကလည်း ကိုယ်အပူချိန်အမြဲတက်နေပြီး ပိုးသတ်ဆေး Drip လာချိတ်ရင် သက်သာသွားပြန်ကြောင်း၊ ဒီလိုနဲ့ပဲ စရိတ်တွေကလည်း အတော်ကုန်နေပြီဖြစ်လို့ နောက်ဆုံးတော့ ကိုယ်ဖါသာ လက်မှတ်ထိုးပြီး ဆေးရုံက ဆင်းခဲ့ကြောင်း၊ တတ်နိုင်လို့အထူးကုနဲ့ ပြမယ်ဆိုရင်တောင် ဂျာနယ် တစ်စောင်ထဲက “ဆရာဝန်အလွဲ”ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ အထူးကုသမားတော်ကြီးတွေ ဆိုတာလည်း လွဲတတ်တဲ့အကြောင်း ရေးထားတာဖတ်လိုက်ရတော့ (ကလေးအထူးကုဆရာဝန်ကြီး Dr.PTS မပါပါ) “လူ့ဘဝမှာ လူတွေဟာ ကိုယ့်ကိုယ်ကို အလောင်းအစားလုပ်နေရတယ်လို့ ထင်ပါ တယ်”ဆိုပြီး ဆောင်းပါးကို အဆုံးသတ်ထားတာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ (ကောလိပ်ဂျင်နေဝင်းလေသံနဲ့)နောက်ပိုင်းမှာ ကိုဘအေးကြားရတာကတော့ မမြင့်က သူ့သူငယ်ချင်းတစ်ယောက်ညွှန်းတဲ့ တိုင်းရင်းဆေးတစ်မျိုးသောက်ပြီး စားလို့လည်း ဝင်တယ်၊ အိပ်လို့လည်းပျော်တယ်။ ဆေးရုံမှာလို အပူတက်တာတွေ ဘာတွေမရှိတော့ပဲ နည်းနည်း လန်းလန်းဆန်းလည်း ရှိလာတယ်လို့ပြောတယ်။ အရိုးအဆစ်တွေကတော့ နာနေတုန်းလို့ဆိုတယ်။ နောက်တော့ ဒီလိုပဲ သူများတွေအပြောကောင်းတာနဲ့ တရုတ်ဆေးတစ်မျိုးကို ပြောင်းသောက်ပြန်တယ်။ အမ်မယ်-ဒီတစ်ခါတော့ တော်တော်လေးဟုတ်လာတယ် ပြောရမယ်။ လမ်းထိပ်တွေ ဘာတွေထွက် ပြီးတော့ အသုပ်ဝယ်စား၊ လဘက်ရည်သောက်နဲ့၊ အနားက ကုန်စုံဆိုင်လေးမှာ ဈေးတွေဘာတွေဝယ်ပြီး ပြန်လာတတ်တယ်။ အိမ်မှာ ချက်တာပြုတ်တာကတော့ သိပ်များများစားစား မလုပ်နိုင်သေးဘူး။ အရည်သောက်လေးတစ်ခုနဲ့ ဟင်းတစ်မယ်ကောင်းပဲပေါ့။ ဒါတောင် ငရုတ်သီးကြက်သွန် ထောင်းတာ ထုတာ မလုပ်နိုင်ဘူး။ လှီးတာချွတ်တာ သိပ်မလုပ်နိုင်ဘူး။ ပြောရရင် ဆီသတ်တာတို့ ဘာတို့နဲ့ ကျကျနန ချက်နိုင်တာမဟုတ်သေးဘူး။ ဟင်းဖြစ်ရုံပဲ။ ဘယ်အချိန်ပဲဖြစ်ဖြစ် လုပ်ကိုင်ပြီးရင်တော့ လက်တွေနာလို့ ညည်းနေရတာတော့ အမှန်ပဲ။ ဒီလိုနဲ့ အဲဒီတရုတ်သောက်နေရင်းနဲ့ အဲဒီဆေးက ကြာကြာစွဲသောက်ရင် အရိုးပွတယ်လို့ တချို့က ပြောကြပြန်ရော။ ဒီကြားထဲမှာ မမြင့်ယောကျာ်း ကားမောင်နေတဲ့ အလုပ်ထဲက အလုပ်ရှင်အဖွားကြီးက သူလည်း ဒီဆေးသောက်ပြီး လှုပ်ရှားနေတာပဲ(သူကတော့ တစ်ခါသောက်(၅)လုံး နဲ့ တစ်နေ့(၃)ကြိမ်သောက်တယ်ပြောတယ်)ဆိုပြီး တစ်ပုလင်းကို သောင်းကျော်ပေးရတဲ့ Bee Pollen တစ်ပုလင်းလက်ဆောင်ပေးလိုက်ပါတယ်။ ကုန်ရင်လည်း ပြောအုံးလို့ဆိုတယ်။ ဒါပေမယ့် ဈေးကြီးတဲ့ ဆေးဆိုတော့ ကုန်ပေမယ့် ပြောရမှာအားနာတာပေါ့။ ရှင်းရှင်းပြောရရင် ဒီဆေးတွေက သူဌေးသုံး ဆေးတွေ။ ကိုယ်တွေက အမြဲဘယ်ဝယ်သောက်နိုင်မလဲ။ ဒီလိုနဲ့ ပိုလန်နဲ့ တရုတ်ဆေး တစ်လှည့်စီ သောက်ပြီး နည်းနည်းဟန်ကျလာပြန်တယ်။ လှုပ်လှုပ်ရှားရှားနည်းနည်းများရင်တော့ လက်တွေ ကနာတာပေါ့။ ခုနင်ကပြောသလိုပဲ တရုတ်ဆေးက အရိုးပွတယ်ဆိုလို့ သူ့ဆေးလည်းကုန်ရော ဖြတ်လိုက်တယ်၊ ဆက်မသောက်တော့ဘူး။ ဘီးပိုလန်ကိုပဲ ဆက်သောက်နေတယ်ဆိုပါတော့။

တစ်ရက်တော့ ခေါင်းရင်းအိမ်က အမယောက်က သူ့ညီမ တစ်ယောက်လည်း အဲဒီလိုဖြစ်တာ အဲဒီ ဆေးနဲ့သက်သာတယ်ဆိုပြီး တစ်ခွက်စာစီ ထုပ်ထားတဲ့ လျက်ဆားလို အမှုန့်ထုပ်လေးတွေ (၁၀)ထုပ် တစ်ပါကင်လာပေး ပြန်ပါတယ်။ ဒါနဲ့ အဲဒီဆေးကိုပဲ ဆက်သောက်ပြန်တယ်။ ဒီဆေးလည်း မဆိုးဘူး ပြောရမယ်။ ထမင်းတွေ ဘာတွေ စားလာနိုင်တယ်။ မုန့်ဆိုလည်း ဟိုဟာလေး ဒီဟာလေး စားချင်လာတယ်။ စားချင်သောက်ချင်စိတ်ရှိလာတယ်ပေါ့။ ပိုလန်ကတော့ ကုန်သွားပြီ။ ဆက်လည်း ဝယ်မသောက်ဖြစ်ဘူး။ ခေါင်းရင်းအိမ်က ပေးတဲ့ဆေးကိုလည်း နှစ်ကြိမ်လောက်တော့ ထပ်မှာပြီး သောက်လိုက်သေးတယ်။ နောက်ပိုင်းတော့ အားနာတာနဲ့ ထပ်ပြီးမှာမသောက်ဖြစ်တော့ဘူး။ ခုတလောတော့ သားအကြီးကောင်က ဝယ်ပေးလို့ ပိုလန်ကို ဆက်သောက်နေတယ်။ တစ်နေ့တော့ မြို့ထဲမှာနေတဲ့ မမြင့်ရဲ့သူငယ်ချင်းတစ်ယောက်က စနေ၊ တနင်္ဂနွေနေ့ တွေဆိုရင် မမြင့်တို့နဲ့ တစ်လမ်းကျော်က သူ့သူငယ်ချင်းတစ်ယောက်အိမ်ကို လာပြီးဆုံနေကြအတိုင်း သူငယ်ချင်းတွေဆုံကြတော့ (မမြင့်က သွားနိုင်တဲ့အခါ သွားပြီး မသွားနိုင်တဲ့အခါ လူလွှတ်ပြီးခေါ် ခိုင်းတယ်) မမြင့်ရဲ့လက်တွေကို ကြည့်ပြီး သွေးလေးဘက်နာများဖြစ် နေမလားဆိုပြီး ပြောတယ်။ မမြင့်ရဲ့ လက်ချောင်းတွေက အဆစ်တွေကောက်နေပြီး ကွေးလို့မရဘူး။ အဲဒီလက်တွေက တစ်ခုခုလုပ်ကိုင်ပြီးရင် ဆေးတွေသောက်နေတဲ့ကြားထဲကပဲ နာလို့ညည်းနေရတာ။ ခြေထောက်တွေကလည်း သာမန်လူလို လျှောက်လို့မရဘူး။ ကွတကွတနဲ့ ပုံပျက်နေတယ်။ အဲဒီမြို့ထဲက သူငယ်ချင်းက ဓါတ်ခွဲခန်းမှာ သွေးသွားစစ်ခိုင်းတယ်။ (ဆေးရုံတက်တုန်းကတော့ သွေးစစ်ရသေးတယ်။ လေးဘက်နာပိုး မရှိဘူးလို့ တော့ပြောတယ်။) ဒါပေမယ့် သူ့အရိုးအဆစ်တွေပုံစံက သွေးလေးဘက်နာ လက္ခဏာနဲ့ တူနေလို့ သွေးစစ်ပြီး ဟုတ်တယ်ဆိုရင် ဆေးဆက်ကုဖို့ ပေါ့နော်။ ကိုတင်စိုးရဲ့ သဘောကတော့ ရောဂါဇစ်မြစ် ကိုသိရင် စောစောစီးစီးကုစရာရှိတာ ကုဖို့ တိုက်တွန်းတယ်ပေါ့။ ပြောသာပြောရတာ နာတာရှည်ဖြစ် နေတာ ကြာပြီဆိုတော့လေ။

ကိုဘအေးလည်း လေးဘက်နာရောဂါလို့ပဲ ကြားဖူးတယ်။ သွေးလေးဘက်နာဆိုတာကို မကြားဖူးဘူး။ ဟိုတစ်နေ့ကတော့ ဒီမိုကရေစီ တူဒေးသတင်းစာရဲ့ ကျန်းမာရေးကဏ္ဍမှာ သွေးလေး ဘက်နာနဲ့ ပတ်သက်လို့ဖေါ်ပြထားတာကို ဖတ်လိုက်ရတယ်။ လေးဘက်နာရောဂါအမျိုးမျိုးရှိပြီး သွေးလေးဘက်နာရောဂါ၊ အရေပြားလေးဘက်နာရောဂါ၊ အရေပြားထူလေးဘက်နာရောဂါ၊ တုံ့ပြန်လေး ဘက်နာရောဂါ၊ ခါးဆစ်ရောင်လေးဘက်နာရောဂါ၊ သွေးကြောရောင်လေးဘက်နာရောဂါ စသည့် တို့ဖြစ်တယ်လို့သိရပါတယ်။ သွေးလေးဘက်နာရောဂါဟာတဲ့ နာတာရှည်အဆစ်ရောင်ရောဂါ များထဲမှာ အဖြစ်အများဆုံးရောဂါဖြစ်တယ်လို့ ပါမောက္ခဒေါက်တာချစ်စိုး(အရိုး၊ အကြော၊ အဆစ် ဆေးပညာ ဌာန)ကပြောခဲ့ပါတယ်။
“သွေးလေးဘက်နာရောဂါက အဆစ်တွေကို ပျက်စီးပြီးတော့ ကောက်ကွေ့ပုံပျက်စေတဲ့အပြင် တခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုပါ ထိခိုက်နိုင်တယ်။ နောက်ပိုင်းမှာလည်း လမ်းမလျှောက်နိုင်ဘဲ အိပ်ရာထဲလဲတဲ့အထိ ဖြစ်သွားနိုင်တယ်”လို့ ဆိုပါတယ်။ သွေးကြောင့်ဖြစ်တဲ့ လေးဘက်နာရောဂါဟာ နာတာရှည်ရောဂါဖြစ်ပြီး ရောဂါသဘာဝအရ သက်သာခြင်းနဲ့ ရောဂါပြင်းထန်ခြင်းဟာ တစ်လှည့်စီ ဖြစ်နေတတ်ကာ (မမြင့်ဖြစ်သလို မျိုးပေါ့) ရေရှည်ကုသမှုမခံယူပါက အဆစ်များကောက် ကွေးပြီး အိပ်ရာထဲလဲသည်အထိ ဖြစ်နိုင်ကြောင်း သိရပါတယ်။ အကိုက်အခဲပျောက်ဆေးများ သောက်သုံးနေရုံနဲ့ အဆစ်တွေ ကောက်ကွေးတာကို မကာကွယ်နိုင်ကြောင်း ၊ သွေးလေးဘက်နာရောဂါလို့ ဆရာဝန်က သတ်မှတ်လိုက်တာနဲ့ အနည်းဆုံး နှစ်နှစ်လောက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စစ်ဆေးကုသမှုခံယူ ရမှာဖြစ်ကြောင်း ၊ စတီးရွိုက်ပါတဲ့ဆေးတွေကို မိမိသဘောနဲ့ သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ စွဲပြီး သောက်ရင် မျက်နှာတွေဖေါရောင်လာတာ၊ အရိုးတွေပွပြီး ကျိုးတာ၊ အစာအိမ်ပေါက်တာ၊ ရောဂါပိုးဝင် လွယ်တာစတဲ့ အန္တရာယ်တွေရှိတဲ့အတွက် အဆစ်နာ ပျောက်ဆေးတွေကို ဆရာဝန်ညွှန် ကြားချက်မပါဘဲနဲ့ မသောက်သုံးသင့်ကြောင်း သိရပါတယ်။ အသက်ကြီးမှ ရောဂါစတင်ဖြစ်တာ ၊ အမျိုးသမီးများမှာဖြစ်တာ၊ နာကျင်တဲ့အဆစ်အရေအကွက်များတာ၊ အဆစ်တွေ နာကျင်ရောင်ရမ်းတာကို ကုသထိန်းသိမ်းမှု့ အားနည်းတာ စတာတွေဟာ ရောဂါသက်သာ ပျောက်ကင်းမှုကို အဟန့်အတားဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ “ထိထိရောက်ရောက် ကုသမယ်ဆိုရင် အဆစ်တွေ နာကျင်ခြင်းက သက်သာစေနိုင်တယ်။ ကောက်ကွေ့မှုကိုလဲ ကာကွယ်နိုင်မယ်” လို့ ဒေါက်တာ ချစ်စိုးရဲ့ ပြောကြားချက်အရ သိရပါတယ်။ မမြင့်ဟာ လက်ဆစ်တွေတွင်မဟုတ်ဘူး၊ ဒူးဆစ်တွေပါ နာတာ လို့ပြောတယ်။

ကိုဘအေးက ဆေးပညာရှင်လည်း မဟုတ်ပါ။ ကိုယ်တိုင်ရောဂါဝေဒနာ (နှာစေးချောင်းဆိုး ကအစပေါ့)မဖြစ်ချင်သလို သူများကိုလည်း မဖြစ်စေချင်ပါ။ ဒါပေမယ့် တရားသဘောအရ ခန္ဓာရယ် လို့ဖြစ်လာရင် ကံ၊ စိတ်၊ ဥတု၊ အဟာရတွေကြောင့် ဝေဒနာနဲ့လည်း ကင်းမည်မဟုတ်ပါ။ ရောဂါဝေဒနာ ပျောက်ကင်းသက်သာ၊ ချမ်းသာဖို့ ဘယ်လိုလုပ်ဆောင်ကြရမလဲဆိုတာ စဉ်းစား ကြံဆောင် ကြရမှာပါ။ ရောဂါဝေဒနာ ခံစားနေရတာကို မြင်ရတာ ကိုယ်ခံစားနေရသလိုပါပဲ။ (ကိုတင်စိုးပြောပြချက်အရ သူ့မရီးဟာ အမြဲညည်းနေတာမို့ ကြားရတာလည်း စိတ်မချမ်းသာဘူးလို့ ဆိုပါတယ်။) ဒါ့ကြောင့် ကိုယ်က ဆေးပညာရှင်မဟုတ်ပေမယ့် ဆေးပညာရှင်တွေရဲ့ ပြောကြားချက်တွေကို ဖတ်မိသူရှိမှာဖြစ်သလို မဖတ်မိသူတွေလည်း ရှိမှာဖြစ်တဲ့အတွက် လူတိုင်း ကျန်းမာကြစေချင်တဲ့စေတနာနဲ့ သိသင့် သိထိုက် တာလေးတွေ ပြန်လည်မျှဝေရခြင်း ဖြစ်ပါတယ်ဆိုတာ…..

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *