မလေးရှားအာဏာပိုင်များက ပျောက်ဆုံးသွားတဲ့ လေယာဉ် MH370နဲ့ Satelliteတို့ ဆက်သွယ်ထားတဲ့ စာမျက်နှာ ၄၇ မျက်နှာစာ သတင်းအချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီ သတင်းအချက်အလက်များကို Britishကုမ္ပဏီ Inmarsatက ကောက်ယူထားတာဖြစ်ပါတယ်။
ကြေညာစာတမ်းမှာ လေယာဉ်ပျက်ကျတဲ့ တည်နေရာကို အတိအကျ ခြေရာခံနိုင်မယ့် လေယာဉ်နဲ့ Satelliteတို့ရဲ့ ဆက်သွယ်ထားမှု သတင်းအချက်အလက်များဟာ စာကြောင်းရေ ရာနဲ့ချီပြီး ပါရှိပါတယ်။
နိုင်ငံတကာမှ ကျွမ်းကျင်သူများက သတင်းအချက်အလက်များကို လေ့လာစမ်းစစ်ပြီး လေယာဉ်ဟာ အိန္ဒိယပင်လယ် တောင်ဘက်ခြမ်းမှာ ပျက်ကျတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
လေယာဉ်မှာ လိုက်ပါစီးနင်းခဲ့သူ အချို့ရဲ့ ဆွေမျိုးသားချင်းများက အဲဒီသတင်းအချက်အလက်တွေကို လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက တောင်းဆိုခဲ့ကြတာလို့ CNNက ရေးသားထားပါတယ်။
မလေးရှားအစိုးရက သတင်းအချက်အလက်များကို အများပြည်သူနားလည်နိုင်တဲ့ ပုံစံနဲ့ တင်ပြနိုင်ဖို့ Inmarsatရဲ့ အကူအညီလိုအပ်တယ်လို့ ပြောဆိုနေတဲ့ အချိန်မှာပဲ Inmarsatကလည်း သတင်းအချက်အလက်များကို မလေးရှား အစိုးရကသာ တရား၀င်ကြေညာခွင့်ရှိတယ်လို့ ကြေညာပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာတော့ အဖွဲ့အစည်းနှစ်ခုဟာ သတင်းအချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်တော့မယ်လို့ ကြေညာလိုက်ပါတယ်။
သတင်းအချက်အလက်များဟာ မှန်ကန်ဖို့ မျှော်လင့်တယ်လို့ ပျောက်ဆုံးခရီးသည် Philip Woodရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Sarah Bajcက ပြောပါတယ်။
မလေးရှားအစိုးရဟာ မေလတစ်ရက်နေ့မှာ ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်ပြီး ပထမဆုံး သတင်းကြေညာမှုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီကြေညာမှုမှာ လေယာဉ်ပျံသန်းရာလမ်းကြောင်းများ ပါရှိသလို လေယာဉ်မောင်းသူများနဲ့ ကွာလာလမ်ပူ လေကြောင်းထိန်းချုပ်ရေးဌာနတို့ အပြန်အလှန်ပြောဆိုနေကြတဲ့ အသံများပါရှိပါတယ်။